Friday 14 September 2012

ကမ္ဘာ့နိုင်ငံအနှံ့မှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်မည့် ၀န်ဆောင်မှုကို လာမည့်အောက်တိုဘာလဆန်းတွင် စတင်ရန် မြန်မာအရှေ့တိုင်းဘဏ်နှင့် Western Union ငွေလွှဲကုမ္ပဏီတို့ ပူးပေါင်း

ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်မည့်ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ကမ္ဘာလုံးဆိုင်ရာ ငွေလွှဲကုမ္ပဏီကြီးဖြစ်သည့် Western Union ကုမ္ပဏီတို့ ပူးပေါင်းလိုက်ပြီဖြစ်သည်။

'' ကမ္ဘာအနှံ့ကနေ မြန်မာနိုင်ငံကို လာမယ့်အောက်တိုဘာလဆန်းမှာ စပြီး ငွေလွှဲနိုင်ပါပြီ။ မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုပြန်ပြီး ငွေလွှဲနိုင်ဖို့ကိုလည်း ဒုတိယဆင့်အနေနဲ့ လုပ်ဆောင်သွားပါမယ်''ဟု မြန်မာအရှေ့တိုင်းဘဏ်၏ Senior General Manager  ဦးသန်းဝင်းက Eleven Media သို့ ပြောကြားခဲ့သည်။

Western Union ငွေလွှဲကုမ္ပဏီသည် မြန်မာနိုင်ငံသို့ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့အပြီးတွင် လုပ်ငန်းများ ပထမဆုံး လာရောက်ဆောင်ရွက်သော ငွေလွှဲကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။

'' နိုင်ငံခြားကနေ မြန်မာနိုင်ငံကို ငွေလွှဲတဲ့အတွက် အစိုးရက အခွန်ဖြတ်ယူတာမျိုး မရှိပါဘူး။ ငွေလွှဲခကိုလည်း လွှဲတဲ့ဘက်ကပဲ ပေးဆောင်ရမှာမို့ ဒီဘက်က ငွေလက်ခံတဲ့လူက လုံးဝ ပေးစရာ မလိုပါဘူး''ဟု ငွေလွှဲဝန်ဆောင်မှုနှင့် ပတ်သတ်၍ ဦးသန်းဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီးယား၊ ဥရောပ၊ အမေရိကန်၊ သြစတြေးလျတို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား များစွာရှိနေသဖြင့် ၄င်းတို့အတွက် အဆင်ပြေစေမည်ဟု သိရသည်။

'' နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေနဲ့ ပြည်တွင်းကမိသားစုတွေအတွက် စိတ်ချရတဲ့ ငွေကြေး ချိတ်ဆက်မှုပေးရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကွန်ယက်ကို အရှိန်အဟုန်နဲ့ ချဲ့ထွင်သွားပြီး ကမ္ဘာ့နိုင်ငံတိုင်းက မြန်မာတွေ သန်းပေါင်းများစွာအတွက် ၀န်ဆောင်မှုကို လွှမ်းခြုံမိအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်''ဟု အာရှပစိဖိတ်ဆိုင်ရာ Western Union ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ Drina Yue က ပြောကြားခဲ့ကြောင်း PRNewswire သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။

နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် အဆိုပါနိုင်ငံ၏ ငွေကြေးနှင့် လွှဲသော်လည်း မြန်မာကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်ဦးမည်ဟု ဦးသန်းဝင်းက ဆက်လက်ပြောကြားခဲ့သည်။

''ထုတ်တဲ့နေ့ မြန်မာငွေပေါက်ဈေးအတိုင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆိုရင်တော့  ဒေါ်လာနဲ့ဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ခွင့်ပြုထားတဲ့ ငွေကြေးနဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်''ဟု ၄င်းက ဆိုသည်။

စက်တင်ဘာလဆန်းပိုင်းက ထိုင်းနိုင်ငံတွင် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာများ ဘန်ကောက်ဘဏ်မှတစ်ဆင့် ပြည်တွင်းဘဏ်ခြောက်ဘဏ်သို့ ငွေလွှဲနိုင်သည့် ၀န်ဆောင်မှုကို ပြုလုပ်နိုင်ကြောင်း Bangkok Bank Public Company မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် Western Union တို့ ပူးပေါင်းပေးအပ်မည့် ၀န်ဆောင်မှုမှာ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးမှ ငွေလွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Western Union ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းငွေလွှဲကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အေးဂျင့်ပေါင်း ငါးသိန်းတစ်သောင်းကျော် ခန့်ဖြင့် ချိတ်ဆက်ထားသော ကုမ္ပဏီကြီးဖြစ်သဖြင့် ၄င်း၏ ကွန်ယက်ရှိသော နိုင်ငံများအားလုံးမှ ငွေလွှဲနိုင်မည်ဖြစ်သည်။ Western Union မှ ၀န်ဆောင်မှုမရှိသည့်နိုင်ငံများမှာ မြောက်ကိုရီးယား၊ အီရန်နှင့် ဆိုမာလီယာနိုင်ငံတို့ ဖြစ်သည်။

By Eleven Media Group

No comments:

Post a Comment