Saturday 22 September 2012

ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးရန် ထိုင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ပြောကြား


မြန်မာနိုင်ငံတွင် ထိရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများ၊ ဒေသခံတို့၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် Community Rights Law များ မရှိသောကြောင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ထားဝယ် စီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးရန် ထိုင်းအခြေစိုက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထိုင်းအစိုးရသို့ တောင်းဆိုထားကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရှိရသည်။

အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေသည့်ထားဝယ်စီမံကိန်းကို ပြန်လည်သုံးသပ်ရန် ထိုင်းနိုင်ငံအခြေစိုက် အစိုးရမဟုတ်သော (NGO )လေးဆယ်ကျော်မှ ထိုင်းအစိုးရသို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၁၈ရက်နေ့တွင် (NGO) သုံးဆယ်ကျော်က ထိုသို့ ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရှိရသည်။

ထားဝယ်စီမံကိန်းမှာ ငွေကြေးအကျိုးအမြတ်ရရှိသည့်တိုင် ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးတွင် စီမံကိန်းမှ ချန်ရစ်မည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အဆိုးအပြစ်များ ရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော FER ၏ ဥက္ကဋ္ဌ Veerawat  Dheeraprasat က ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများအပါအ၀င် စီမံကိန်းတွင် ပါဝင်ပတ်သက်သူများ ပါဝင်သည့် နည်းလမ်းကို အသုံးပြု၍ ဖြစ်နိုင်ဖွယ် လေ့လာမှုအားလုံး ပြန်လည်လုပ်ဆောင်ရန်၊မြန်မာနိုင်ငံရှိ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် ထားဝယ်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ကိုင်တွင်ရန် ပြည့်စုံမှုမရှိသေးဘဲ စီမံကိန်းကို အကောင်အထည်ဖော်ပါက ထိုင်းအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံများနှင့် နိုင်ငံတကာအသိုင်း အ၀ိုင်း၏ မေးခွန်းထုတ်ခြင်းခံရမည် ဖြစ်ကြောင်းလည်း ယင်းအဖွဲ့၏ တောင်းဆိုစာတွင် ဖော်ပြထားကြောင်းလည်း သိရှိရသည်။

ထားဝယ်ဒေသတွင် အကောင်အထည်ဖော်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်မှာ ထိုင်းနိုင်ငံရှိ မတ်တာဖွတ်စက်မှုဇုန်ထက် ၁၀ဆခန့် ပိုကြီးမည်ဖြစ်ပြီး ယင်းစက်မှုဇုန်မှ အဆိပ်သင့်ဓါတ်ငွေ့ ထုတ်လွှတ်မှု၊ လေထုညစ် ညမ်းမှု၊ သန့်ရှင်းသော ရေအရင်းအမြစ်များ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းဒေသများ ပျက်စီးဆုံးရုံးမှု၊ ဂေဟစနစ်ပျက်စီးမှုစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ခံစားရမည်ဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်မည့် စီမံကိန်းဒေသမှာ ရွာပေါင်း ၂၁ရွာ၊ ဒေသခံပေါင်း သုံးသောင်းကျော်၊ အိမ် ၃၉၇၇ အိမ် ပြောင်းရွှေ့ခံရဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။

''ဒီစီမံကိန်းဟာ သိန်းသန်းချီ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေကိုပဲ  အကျိုးအမြတ်ဖြစ်ထွန်းစေပြီး ထားဝယ်ဒေသက သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို လုံးဝဖျက်ဆီးပစ်မှာအမှန်ပါပဲ။ ကျွန်တော့်အနေနဲ့ ထိုင်းအစိုးရအနေနဲ့က မြန်မာတွေ အပေါ် အမြတ်ထုတ်သွားမှာကို လုံးဝ မလိုလားပါဘူး''ဟုလည်း Foundation for Ecological Recovery(FER) ၏ ဥက္ကဋ္ဌ မစ္စတာ ဗီရာဝပ်ဒီရာပရာဆပ်က ပြောကြားခဲ့သည်။

ကြီးမားသည့် စက်မှုဇုန်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို ကိုင်တွယ်နိုင်ရန် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ထိန်းချုပ်ရေး ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများ ရှိရန်လိုအပ်သည့်အပြင် ထားဝယ်စီမံကိန်းတစ် ခုလုံးအတွက် မဟာဗျူဟာကျသည့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု စစ်တမ်း၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုစစ်တမ်းများကို ထိုင်းအစိုးရမှ လုပ်ဆောင်သင့်ကြောင်းလည်း ထိုင်းလူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြောင်းလည်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရှိရသည်။

By Eleven Media Group

No comments:

Post a Comment