Sunday 16 September 2012

ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများပြား


ကချင်ပြည်နယ် ဗန်မော်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားနေပြီး ထိထိရောက်ရောက် အရေးယူတာမရှိဘူးလို့ သိရပါတယ်။

မူးယစ်ဆေးဝါးရောင်းတဲ့နေရာတွေ ကတော့ ဗန်းမော်မြို့ပေါ် ဆင်ခြေဖုံးနေရာ အများအပြားနဲ့ အနီးအနားကျေးရွာတွေ အပါအ၀င် တက္ကသိုလ်ကျောင်းအနီးတ၀ိုက် ဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ယောက်က
ပြောပြပါတယ်။

"မြို့ပေါ်မှာရှိသမျှဆင်ခြေဖုံးရပ်ကွက်တွေ အကုန်ရောင်းတယ်။ နောင်ခို၊ မင်းလှ၊ ဖန်းတဲ၊ ရိုးကြီး၊ မဟာကြီး၊ သင်္ဘောဆေး၊ပေါက်တိုး၊ ပြင် ၃မိုင်ကွက်သစ်၊ ၂မိုင်၊ ၇မိုင်၊ အကုန်လုံးပတ်ချာလည်ပြီး မူးယစ်ဆေးဝါးတွေက လွတ်လပ်ရေး တအားရနေတယ်လေ။ အစေ့ပန်းရောင်ဆိုတာ တစ်စေ့ကို ၁၅၀၀ ရှိတယ် ၂၀၀၀ တန်ရှိတယ်၊
နောက်တခါ နံပတ်ဖိုးခေါ်တဲ့ အမှုန့်လည်း ရှိတယ်။ ဂျီတီစီ ကျောင်းနားမှာရှိတဲ့ တာမိုင်းလုံကျေးရွာ ၊ မိုးဟိန်းကျေးရွာ သာစည်ကျေးရွာ အဲဒီနားက မိဘတွေက သူတို့သားသမီးတွေ မူးယစ်ဆေးဝါးစွဲနေတော့ စိတ်ညစ်နေတယ်လေ"

အဲဒီမူးယစ်ဆေးဝါးတွေဟာ သစ်လုပ်ငန်းလုပ်တဲ့နေရာ၊ ရွှေတွင်းတူးတဲ့နေရာ
တွေမှာ အများအပြားတွေ့ရတယ်လို့ သူကပြောပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကို တရုတ်မြန်မာနယ်စပ် လွယ်ကျယ်မြို့ကနေ ဆိုင်ကယ်တွေနဲ့ဝင်လာတာ ရှိသလို သစ်တင်တဲ့ကားတွေနဲ့ ပါလာတာ ရှိတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

နေရာအနှံ့ဖြစ်နေတဲ့ မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားမှုတွေကို အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အရေးယူတာ မရှိဘူးလို့ နောက်ထပ် ဗန်းမော်မြို့ခံတစ်ယောက်က ပြောပြရာမှာ-

"နံပတ်ဖိုးဆိုရင် ၅၀၀ လောက်နဲ့ ရောင်းနေတယ်ဆိုတော့ ကမ်းကုန်နေပီလေ။ ဗန်းမော်မြို့ရဲ့ ၃ပုံ ၁ပုံလောက်က လူငယ်တွေက ပျက်စီး ငါးပါးတိုင်နေတာပဲ။ ကျနော်တို့အရပ်ကလဲ ထိုနည်းလည်းကောင်းပဲ။ လူငယ်တွေ အနာဂတ်ကိုပျောက်နေတယ်။ ဖမ်းမိတယ်ဆိုရင် မိတယ်ထွက်ပြေးတယ်၊ အရပ်က ၀ိုင်းဖမ်းတော့ မိလိုက်တဲ့အခါ မူးယစ်က ရဲကိုလွှဲတယ်။ ရဲက ပိုက်ဆံထပ်ညှစ် တကယ်တမ်းကျတော့ ရဲတို့ မူးယစ်ဌာနတို့က အလုပ်မလုပ်ဖူးဆိုတာ သိသာတယ်။ စားသုံးတဲ့လူကိုပဲ ဖမ်းပီးမှ ရောင်းကြတဲ့ ပုဂ္ဂိုလ်လက်ကားတွေကျတော့ သိလျက်သားနဲ့၊ ဒါတွေ တမြို့နယ်လုံးလိုဖြစ်နေတာ။ အာဏာပိုင်အဖွဲ့အစည်းက ပိုပြီးလှုပ်ရှားဖို့ လိုတယ်လို့ ထင်တယ်လေ။"

ဗန်းမော်မြို့က မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဟာ လွတ်လွတ်လပ်လပ်
ရောင်းဝယ်သုံးစွဲနိုင်တာကြောင့်ဖြစ်သလို၊ စီးပွါးရေးအဆင်မပြေတာ၊ အလုပ်အကိုင် မရှိတာတွေကြောင့် စိတ်ညစ်လို့ သုံးစွဲကြတဲ့အပြင် တချို့ကတော့ မိတ်ဆွေအဖေါ်တွေရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် မူးယစ်ဆေးဝါးကို သုံးစွဲမိကြတာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေများလာသလို ခိုးဆိုးလုယက်တဲ့ ရာဇ၀တ်မှုတွေလည်း ဒေသအတွင်းမှာ မကြာခဏဆိုသလို
ဖြစ်ပွါးနေတယ်လို့ ဗန်မော်မြို့ခံတွေက ပြောကြပါတယ်။

By RFA Burmese

No comments:

Post a Comment