Sunday 16 September 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက် ညပိုင်းက စတင်ထွက်ခွာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်သည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဖြိုးဇေယျာသော်(လွှတ်တော်ရေးရာကိုယ် ရေးအရာရှိ)၊ ဒေါက်တာတင်မာ အောင် (ကိုယ်ရေးအရာရှိ) နှင့် ကိုဇော်မင်းဦး (အဖွဲ့ချုပ်လက် ထောက်လူငယ်)တို့ သုံးဦးလိုက်ပါ သွားကြောင်းသိရသည်။


w7_50_21_1

အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် Asia Society Global Vision Award ဆုကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရယူသွားမည်ဖြစ်သည်။ အောက်တိုဘာလ ၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ပြန်လည် ထွက်ခွာလာမည်ဖြစ်ပြီး အောက်တို ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တွင် ထည့်သွင်းရေးဆွဲထားမှု မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များအရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက်က ၆ ရက်ကြာသွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

By Eleven Media Group

No comments:

Post a Comment