Saturday, 25 August 2012

ဂျပန်နှင့် ကိုရီးယားရေညှိကို ပခုံးချင်း ယှဉ်လာတဲ့ လာအို ရေမှော်ပြား


ဈေးကွက်ဂျာနယ်ထဲမှာ ကျွန်မတို့ဆီက ရေညှိလှိုင်း ရေးပြီးတဲ့ နောက်မှာ ကျွန်မ City Martကို ရောက်သွားခဲ့ပါတယ်။
အဲဒီရောက်တော့ ထိုင်းနဲ့ ကိုရီးယား စားသောက်စရာအသစ်တွေကို အမြည်းပေးစားပြီး ဈေးကွက်တင်ပွဲ လုပ်နေတာကို ကျွန်မတို့ ညီအစ်မနှစ်ယောက် ကြုံလိုက်ကြပါတယ်။

ကျွန်မတို့နှစ်ယောက်
က ပင်လယ်ရေညှိ Seaweed များ တင်ထားတဲ့ဘက်ကို သွားလိုက်ကြပါတယ်။ ပုံမှန် စူပါမားကက်မှာက မြည်းစမ်းကြည့်ဖို့ ပင်လယ်ရေညှိကို မပေးကြပါဘူး။ ဒါကြောင့် ကျွန်မတို့ မစားဖူးသေးတဲ့ ပင်လယ်ရေညှိ အမျိုးမျိုးကို ဆိုင်မှာ တင်တာတွေ့တဲ့အခါမှာ အထုပ်သေးကို အရင်ဝယ်ပြီး မြည်းစမ်းကြည့်ရပါတယ်။

အထုပ်သေးဆိုတော့ မြည်းစားဖို့က အတော်ပါပဲ။ အရသာကို ကြိုက်ရင်တော့ အထုပ်ကြီးကို ဝယ်လိုက်တာပေါ့။ မကြိုက်ရင်တော့ ထပ်ဝယ်မစားတော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မတို့နှစ်ယောက် ပင်လယ်ရေညှိအရသာ တော်တော်စုံစုံလေးတော့ စားဖူးနေပါပြီ။

ထိုင်းအစားအစာများ ဈေးကွက်တင်တဲ့ပွဲမှာ သူတို့ရဲ့ သူဌေးလေး တံဆိပ်နဲ့ ရေညှိတွေကို မြည်းစမ်း စားကြဖို့ ချပေးထားတာကို တွေ့ရပါတယ်။ ဒါကိုတွေ့တော့ ကျွန်မတို့အတွက် အဆင်ပြေသွားတော့တာပေါ့။

ခင်းကျင်းပြသထားတဲ့ နေရာမှာ အရောင်းအမျိုးသမီးလေးများက မြည်းစရာအဖြစ် အထုပ်သေးသေးများကို မြည်းဖို့ဖောက်ပေးပါတယ်။ သူတို့ ရောင်းချနေတာက ပင်လယ်ရေညှိ ရိုးရိုး၊ အစပ်နဲ့ အငန် သုံးမျိုးရှိကြောင်း ရှင်းပြပါတယ်။

ကျွန်မနဲ့ ညီမယုတို့လဲ သူတို့ ဖောက်ပေးတာကို မြည်းကြည့်လိုက်တယ်။ ရိုးရိုးလို့ သူတို့ပြောတာက ကျွန်မ စားနေကျ ဂျပန်နော်ရီပင် လယ်ရေညှိ Nori seaweed အရသာပါပဲ။ အစပ်ဆိုတာကတော့ ငရုတ်သီးမှုန့် ထည့်ထားတာကြောင့် စားလိုက်တဲ့အခါ စပ်စပ်လေးနေတာပေါ့။

ကျွန်မတို့ နှစ်ယောက်လဲ မြည်းရန်ကျန်တဲ့ အငန်အရသာကို မြည်းချင်တာကြောင့် အရောင်းအမျိုးသမီးလေးထံမှာ တောင်းလိုက်တယ်ဆိုရင်ပဲ၊ ''အန်တီ၊ ဆောရီးပါပဲ။ အငန်အမျိုးအစား ကြိုက်သူများတာကြောင့် မြည်းစရာ မကျန်တော့ပါဘူး။ ရောင်းရတာမှာလဲ ဒီအငန်ဘူးကြီးတွေက အရောင်းအသွက်ဆုံး'' လို့ ဆက်ပြောပါသေးတယ်။

အကြိုက်များပြီး အဝယ်လိုက်တာက တစ်ကြောင်း၊ ကိုယ်တိုင်မြည်း စမ်းချင်တာကလဲ ပါတာကြောင့် ကျွန်မတို့နှစ်ယောက် အငန်ဘူးကြီးတစ်ဘူး ဝယ်လိုက်ကြပါတယ်။ ဖောက်စားကြည့်လိုက်တော့ အရောင်းအမျိုးသမီး ပြောသလို ငန်ငန်လေးနဲ့ စားရလို့ ကောင်းတာ တွေ့ရပါတယ်။

မကြာခင်မှာ ကိုရီးယားအစားအစာများ ဈေးကွက်တင်တဲ့ပွဲ စီးတီးမတ်မှာရှိကြောင်း ကြားပါတော့တယ်။ အစားအသောက် စိတ်ဝင်စားတာကြောင့် ကျွန်မတို့ ညီအစ်မနှစ်ယောက် စီးတီးမတ်ဘက်ကို ခြေဦး လှည့်လိုက်ပြန်ကြပါတော့တယ်။

ဒီကိုရီးယား စားသောက်ပွဲတော်မှာတော့ ကျွန်မတို့အိမ်မှာ ခေါက်ဆွဲပြုတ်ထဲ ထည့်သောက်တဲ့ ဝါးကာမေး Wakame ရေညှိထုပ်တွေ ရောင်းချနေတာကို တွေ့ရပါတယ်။ ဒါက လွယ်လင့်တကူ လုပ်စားလို့ရတာကြောင့် ကျွန်မတို့ ဝယ်လာခဲ့ပါတယ်။

ဒီနောက်မှာတော့ စူပါမားကတ် တော်တော်များများမှာ ပင်လယ်ရေညှိတွေ တံဆိပ်အမျိုးမျိုးနဲ့ တင်ရောင်းတာ တွေ့ရပါတယ်။ အထုပ်ကလေးတွေလဲ ရှိတာကြောင့် လူငယ်တွေကလဲ အာလူးကြော်၊ ငါးမုန့်ကြော်၊ တို့ဖူးကြော်ထုပ်တွေလို ဝယ်စားလာကြတာတွေ့ရပါတယ်။

ဒီအပြင် ဂျပန်ထမင်းလိပ်လဲ ခေတ်စားလာတာကို တွေ့ရပါတယ်။ ဒီ ထမင်းလိပ် လုပ်တဲ့အခါမှာတော့ ပင်လယ်ရေညှိပြားနဲ့ လိပ်ကြပါတယ်။ ဒါကို ငါးစိမ်းအမျိုးမျိုး၊ ပြည်ကြီးငါး၊ ကြက်ဥခေါက်ကြော်၊ ငါးဥအစရှိသည်တို့နဲ့ ကြိုက်သလိုစားနိုင်ဖို့ ရောင်းချနေတာကိုလဲ တွေ့ရပါတယ်။

ကျွန်မတို့ ညီအစ်မနှစ်ယောက် ပင်လယ်ရေညှိကြိုက်တာကို သိထားတဲ့ သူငယ်ချင်းက တစ်မနက်အိမ်ကို ရာက်လာပါတယ်။ ''ခင်ရေ၊ တို့စမ်းချောင်းဘက်က ကိုရီးယားဆိုင်ကို ရောက်ခဲ့တယ်။ သူငယ်ချင်းတို့ ကြိုက်တတ်လို့ ပင်လယ်ရေညှိ ဝယ်လာပေးတယ်'' လို့ ပြောပြီး အထုပ်ကလေးတွေကို ပေးပါတယ်။

သူငယ်ချင်း ဝယ်လာပေးတာက ပင်လယ်ရေညှိအပြားလေးတွေပါ။ ထမင်းနဲ့ လိပ်စားရင် တစ်ကိုက်စာ အနေတော်ပါပဲ။ သူငယ်ချင်းက အဲဒီကိုရီးယားဆိုင်မှာ တခြား ကိုရီးယား စားစရာတွေလဲ ရှိကြောင်း ကြုံရင်သွားကြည့်ကြဖို့လဲ ပြောသွားပါသေးတယ်။

ကျွန်မတို့ဆီမှာ ရေညှိစားတာ ခေတ်စားလာတာကိုမြင်တော့ ကျွန်မ ဟိုး ၁၅နှစ်ကျော်က ရောက်ခဲ့တဲ့ လာအိုနိုင်ငံ မြောက်ပိုင်းက ရွာကလေးကို သတိတရဖြစ်မိသွားတယ်။ အဲဒီ နယ်တစ်ကြောမှာ လူတိုင်းသိကြတဲ့ ကြီးကြီးပုံ ဆိုတဲ့အမျိုးသမီးကြီး တစ်ယောက်ကို မျက်စိထဲပြန်မြင်မိပါတယ်။

ကျွန်မ ယူနီဆက်မှာ တာဝန် ထမ်းဆောင်နေစဉ် တာဝန်အရ လာအို မြောက်ပိုင်းက လန်ဖရဘန်နယ်မှာ တစ်လလောက် နေခဲ့ရပါတယ်။

တာဝန်အရ ကျွန်မ လန်ဖရဘန်နယ်အတွင်းမှာ ငါးနှစ်အောက် ကလေးငယ် ၆ဝဝ ကို ကာကွယ်ဆေး ထိုးခြင်း၊ မိခင်နဲ့ ကလေးစောင့် ရှောက်ရေး လုပ်ငန်းများ ဟောပြောခြင်း၊ ကျန်းမာရေး ပညာပေးဟော ပြောပွဲများ ပြုလုပ်ခြင်းများကို ကုန်းလမ်း၊ ရေလမ်းတစ်လျှောက် လှည့်လည်ပြီးဆောင်ရွက်ခဲ့ရပါတယ်။

တစ်နေ့ ကျွန်မတို့ဆေးအဖွဲ့ လှေတစ်စင်းငှားပြီး လန်ဖရဘန်နယ်အတွင်း မဲခေါင်မြစ်ကမ်းပါး ဘေးတစ်လျှောက်က မြို့ရွာများကို သွားဖို့ စီစဉ်ကြပါတယ်။ ကျွန်မတို့ လမ်းခရီးမှာ တာဝန်ခံ လာအို အမျိုးသမီး ဆရာဝန်က အဲဒီနေ့အဖို့ လန်ဖရဘန် မြို့နယ်ပယ် အထက်ပိုင်းက ရွာကြီးကို သွားကြမှာလို့ ပြောပြပါတယ်။

တဆက်တည်းမှာပဲ လာအိုအမျိုး သမီးဆရာဝန်က အဲဒီရွာကြီးမှာ အမျိုးသမီးဦးရေ များတဲ့အပြင် ရောင်းဝယ်ဖောက်ကားမှု ရှိတာကြောင့် ရွာက စည်ကားကြောင်း၊ လူအသွား အလာများကြောင်း၊ ရွာနီးချုပ်စပ်တွေကိုလဲ ဆင့်ခေါ်ရတာ အဆင်ပြေကြောင်း ရှင်းပြပါတယ်။

ကျွန်မတို့အတွက် ရွာကြီးတစ်ရွာမှာ အခြေစိုက် အလုပ်လုပ်ပြီး ရွာနီးချုပ်စပ်ကို လွယ်လင့်တကူ ဆင့်ခေါ်နိုင်တဲ့အတွက် အကျိုးများပါတယ်။ တချို့နေရာများမှာက သွားရေး၊ လာရေး ခက်ခဲတာကြောင့် ကျွန်မတို့အဖွဲ့ကပဲ ရောက်အောင် သွားရတဲ့ အခါမျိုးနဲ့လဲ ကြုံတတ်ရပါတယ်။

အမျိုးသမီးဦးရေများပြီး ရောင်းဝယ်မှု စည်ကားတယ် ဆိုတာကို ကျွန်မကြားလိုက်တော့ ဒီအမျိုးသမီးတွေ ဘာအလုပ်များ လုပ်ကြပါလိမ့် နော်၊ အမျိုးသမီးတွေ ဆိုတော့ တံငါလုပ်ငန်း လုပ်တာတော့ မဖြစ်နိုင်ဘူး၊ ချည်ထည်ရက်ထည်ရှိတဲ့ ရွာလဲ မဖြစ်နိုင်ဘူး၊ အဲဒီချည်ထည်ရက်တဲ့ ရွာနှစ်ရွာက ကားလမ်းနဲ့ သွားရတာပဲ၊ ဒီရွာမှာက ဘာလုပ်ငန်းများ ရှိပါလိမ့် လို့ ကျွန်မ အတွေးတွေ ဝင်လာပါတော့တယ်။

ကျွန်မတို့ လန်ဖရဘန်မြို့ကနေ ထွက်လာကြပြီး တစ်နာရီ မပြည့်ပါဘူး၊ ကျွန်မတို့ သွားရမယ့် ရွာကြီးကို လှေဆိုက်ပါတော့တယ်။ ကျွန်မတို့ အဖွဲ့လဲ ကမ်းကပ်လိုက်တာနဲ့ ကမ်းစပ်မှာ စောင့်ကြိုနေတဲ့ ရွာသူကြီးနဲ့ တာဝန်ရှိလူများကို တွေ့ရပါတယ်။

ကျွန်မတို့ လှေပေါ်မှာ ပါလာတဲ့ ပစ္စည်းများကို ရွာခံများက ကူညီပြီး ကမ်းစပ်ကို ချပေးကြပါတယ်။ အဲဒီမှာ တစ်ဆင့် သူတို့အကူအညီနဲ့ ပစ္စည်းများကို စုရပ်နေရာကို သယ်သွားလိုက်ကြပါတယ်။

ကျွန်မလဲ အဲဒီလူစုနဲ့ လိုက်သွားရင်း ဟိုဟိုဒီဒီ ကြည့်မိပါတယ်။ ကျွန်မတို့တစ်တွေ လျှောက်သွားရာ လမ်းမှာ ဖျာတွေပေါ် အရွက်တွေ အစီအရီ လှန်းထားတာကို တွေ့ရပါတယ်။ အရောင်က အစိမ်းရင့်ရောင်ပေါ်မှာ နီတီတီ ဖြူတူတူလို အကွက်တွေအပြင် အစက်တွေလိုလို တင်နေတာ တွေ့ရပါတယ်။ ကျွန်မ ရောက်ဖူးတဲ့ ရွာတွေမှာ မမြင်မိတာကြောင့် စိတ်ဝင်စားမိပါတယ်။ ဘာတွေများပါလိမ့်၊ ဒီရွာရဲ့ စီးပွားရေး လုပ်ငန်းက ဒါများလား ကျွန်မအတွေးတွေ ပေါ်လာပေမယ့် မနက်ပိုင်းမှာ အလုပ်ပြီးအောင် လုပ်ရမှာကြောင့် ကျွန်မလဲ အဖွဲ့တွေ နောက်ကို ခပ်သုတ်သုတ် လိုက်သွားလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ဈေးကွက်ဂျာနယ် - zaygwet.com

By Irrawaddy

No comments:

Post a Comment