Saturday, 25 August 2012
လေဘေးအစုတ်နဲ့  လူ…. မလုပ်ချင်…..
လေဘေးထည်ဆိုတာ ဟိုးရခိုင် လေဘေးကြီးဖြစ်တဲ့အချိန်က စပေါ် တယ် ထင်တာပဲ။ နှစ်ပေါင်းလေးဆယ် လောက်ကျော်သွားခဲ့ပြီ။ အဲဒီတုန်းက တော့ လေဘေးဒုက္ခသည်တွေကို ထောက်ပံ့ကူညီတာဆိုပြီး လူထုက သိပ် စိတ်မ၀င်စားကြသေးဘူး။ အမျိုးမျိုးဝေဖန် ပြီး မသဒီကြဘူးလေ။
နောက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က သဘာဝကပ်ဘေး ခဏခဏဖြစ်
တော့ နိုင်ငံတကာက ခဏ ခဏ ကူညီ ရတယ်။ အဲဒီတော့ အဲဒီလေဘေးအ၀တ် တွေက ခုန်ပေါက်ပြီး မြန်မာနိုင်ငံထဲ ရောက်လာရာကနေ မြန်မာနိုင်ငံက လေ ဘေးပစ္စည်းဖောက်သည်ကြီးဖြစ်သွားခဲ့ တယ်။ ပြည်တွင်းမှာ လေဘေးပစ္စည်းဈေး ဆိုတာတွေ မြို့တော်တော်များများမှာ ရှိလာတယ်။ လေဘေးဈေးကွက်၊ ဘေထုပ် လေလံဆိုတာ တသီးတသန့်ကြီး အင်ပါ ယာချဲ့ပါလာတယ်။
တကယ်တော့ …လေဘေးဆို တာ အလှူခံလို့ရလာတဲ့ ကူညီမှုအထည် တွေပါ။ တချို့ကလည်း အဟောင်း အဆွေးတွေ။ တချို့က တိုက်ကျထည် တွေ၊ တချို့က ဖျက်ဆီးပစ်ရမယ့် အ၀တ် တွေ။ တချို့မှာ ဘာမှန်းမသိတဲ့ အစွန်း အထင်းတွေနဲ့။
သေချာတာကတော့ ၀တ်ပြီးသား အဟောင်းပဲ။ အသစ်တော့ မဟုတ်တာ သေချာတယ်။
ခုတလော ၀တ်ပြီးသားအဟောင်း အစုတ်တွေကိုလည်း ပြန်ဝတ်ရမလို ဖြစ် ဖြစ်နေပြန်တယ်။
ကိုယ်က ၁၉၇၆ မှာ စာပေလောက ထဲရောက်တယ်။ ၁၉၈၀ မှာ ကိုယ်ရေး ကိုယ်ထုတ်ရတယ်။ ၁၉၈၃ မှာ စာပေ လုပ်သားကတ်ရတယ်။ ၁၉၈၈မှာ စာပေ လုပ်သားပျက်တယ်။ ၂၀၀၇ မှာ စာပေ စာနယ်ဇင်းအဖွဲ့ဝင်ရလို့ ကတ်ရတယ်။ ၂၀၁၂ မှာ ပျက်ပြန်တယ်။ အခု … လာပြန်ပြီ ….
၁၉၅၀ လောက်က စာပေသမဂ်္ဂနဲ့ စာရေးဆရာအသင်းတွေကိုတော့ မမွေး သေးလို့မမီလိုက်ဘူး။ ကြားဖူးနားဝပဲ ရှိပါ တယ်။
စာပေလုပ်သားကိုတော့ နည်းနည်း ကြိုက်တယ်။ စာရေးဆရာဟုတ်မဟုတ်ကို အသင်းဝင်ချင်ရင် ကာတွန်းဆို ပုံ(၅၀)၊ သတင်း၊ ဆောင်းပါး (၂၅)ပုဒ်၊ ၀တ္ထု(၁၅) ပုဒ် ကိုတင်ပြရတယ်။အဲဒါမှ အသင်းဝင် လို့ ရတယ်။ အဲဒီတုန်းက စာမူပါဖို့ ဆို တာက အလွန်ကြခက်တာကို။ စာစောင် မဂ္ဂဇင်းဆိုတာကပေါ်မှ မပေါ်သေးတာပဲ ဟာ။ စာပေသမားတွေအတွက် အချို့ ကိစ္စ၊ သက်သာကိစ္စလေးတွေကို ဆောင် ရွက်ပေးနိုင်ခဲ့တာလေးတွေရှိတယ်။ စာပေ ဟောပြောပွဲကိစ္စတွေကိုလည်း ဦးဆောင် ဦးရွက် ပြုလုပ်ပေးနိုင်ခဲ့တယ်။
နောက်စာပေစာနယ်ဇင်း ခေတ် ရောက်တော့ရောသပြွန်းဖြစ်လာကြ တယ်။ လမ်းကြုံလို့ စာတစ်ပုဒ်လက်တည့် စမ်း ၀င်ရေးရင်းကနေ စာရေးဆရာဖြစ်ခဲ့ တဲ့သူတွေ။ ဥယောစဉ်နှစ်ပုဒ်နဲ့ စာရေး ဆရာလုပ်တဲ့သူတွေ။ ပင်စင်ယူကျောင်း နား ကန်နား မကပ်ချင်တာနဲ့ အရေးပေါ် စာရေးဆရာဝင်လုပ်ချင်တဲ့သူတွေ။ စာပေစိတ်ထက် ငါရေးရင်ထည့်ဆိုတဲ့ မိုးပေါ်ကျအာဏာရ စာရေးဆရာကြီး တွေ။ နိုင်ငံတော်ကချပေးတဲ့ ပေါ်လစီ၊ မိန့်ခွန်း၊ ဆောင်ပုဒ်တွေကို သတင်းစာက တန်းစီ ကူးရေးထည့်တတ်တဲ့ ပေါ်လစီ စာရေးဆရာကြီးတွေ။ ၀တ္ထုလား၊ ဆောင်းပါးလား၊ စကားပြောလား၊ စကား ပြောလား စည်းမခြား။ သတ်ပုံမှန်တာ မမှန်တာ အရေးလားဆိုတဲ့ စာရေးဆရာ ကြီးတွေ။ ဆယ်တန်းစာစီစာကုံးလောက် သာရှိတဲ့ ဆရာ ဆရာမစာရေးဆရာကြီး တွေဆိုတာ အဖွဲ့ရဲ့ အိမ်ဦးခန်းမှာ အခန့် သား ငုတ်တုတ်ပါလာပါတယ်။
အရည်အချင်းထက် အရေအတွက် ကို ပြိုင်ဆိုင်လာတဲ့မြို့နယ် ဆရာအသင်း အဖွဲ့များ၊ မယားစာရေးဆရာ၊ သား စာရေးဆရာ၊ သမီးစာရေးဆရာ၊ တပည့် စာရေးဆရာဆိုတဲ့အိမ်ရှိ မိသားစု စာရေး ဆရာတွေ ဖြစ်လာကြတယ်။
အိမ်မှာရှိတဲ့ လူကုန်တော့ နောက် တစ်မျိုးက ဒီကနေ့စာမျက်နှာပေါ်မှာရှိ တဲ့ စာရေးဆရာ၊ ဆရာမတွေကို ဇွတ် လိပ်စာတောင်း ဓာတ်ပုံတောင်း၊ ဇွတ် အဖွဲ့ထဲသွင်းပြီးတော့မှ မိမိတို့စာပေ စာနယ်ဇင်းမှ ဦးဆောင်ပုဂ်္ဂိုလ်ကြီးများကို အဆိုပါစာရေးဆရာ၊ ဆရာမများမှ စာနယ်ဇင်းအဖွဲ့ ၀င်ခွင့်ရရှိသောကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ သတင်း စာမှာ ကြော်ငြာထည့်လိုထည့်ဆိုတဲ့ “စာပေလုပ်စား” ကိစ္စမျိုးတွေကြောင့် စာပေစာနယ်ဇင်းဆိုတာ ခေတ်ပြိုင်စာပေ သမားများရဲ့ အထင်ကြီးစရာဖြစ်မလာ တော့ဘဲ လက်ခုစုတ်သာသာဖြစ်လာ တော့တာပေါ့။
မလုပ်ထိုက်တာက မြို့ကျက်သရေ ဆောင် နိုင်ငံဂုဏ်ရှိစာရေးဆရာ ဒေါ်ဒေါ် (လူထုဒေါ်အမာ)လို ပုဂ်္ဂိုလ်ကြီးမျိုးကို ဘေးဖယ်ထားပြီး စာရေးဆရာသက်ကြီး ပူဇော်ပွဲမျိုးမှာ မြို့ရဲ့လုပ်ငန်းရှင် ကုန်သည် ကြီးကို စာရေးဆရာအဖြစ် (စာရေးဖူး သည်ဟုဆိုသည်) လူငယ်မျိုးဆက်သစ် နောက်ပေါက်တွေကို ကန်တော့ခိုင်းလို့ ပွဲဖျက်သွားရတဲ့ကိစ်္စမျိုးတွေက များမှများ ပဲ။
စာပေဟောပြောပွဲလုပ်ရင်၊ စာပေ ဟောပြောပွဲသွားရင် မြို့နယ်စာပေ စာနယ်ဇင်းအဖွဲ့ရဲ့ ခွင့်ပြုချက်ယူမှ ဟော ပြောခွင့်ပြုလုပ်ခွင့်ရမယ်ဆိုတဲ့ စာပေ ကိုလိုနီပုလိပ်ဆိုးရဲ့အကျင့်စရိုက်မျိုးတွေ (သူတို့မခေါ်လို့)။
နိုင်ငံခြားက စာပေဟောပြောပွဲ ဖိတ်ကြားရင် စာပေစာနယ်ဇင်း အဖွဲ့ဝင် ကတ်ရှိမှ။ သို့မဟုတ် အဖွဲ့ထဲက လူကြီး တစ်ယောက်ပါလိုက်ဟောရပြောရမှာ ပတ်စပို့ချပေးမယ်ဆိုတဲ့ အလှူရှင်က ဖိတ် ချင်မှန်း မသိ၊ မသဒ္ဓါမှန်းမသိ ကပ်တီး ခွတုတ်လုပ်ချင်တဲ့ လက်ကတီးကြားက စာပေ၈ိတ်စောင့်အကျင့်တွေ။
မြို့နယ် စာရေးဆရာတစ်ယောက် ကွယ်လွန်ရင် အမှန်တကယ်သေဆုံးတာ မှန်ကန်ကြောင်း ထောက်ခံချက်နဲ့ သေပြီ နှစ်ပတ်လည်ခါနီးမှ နာရေးထောက်ပံ့ ကြင်နာမှုတွေ။
အစည်းအဝေးညီလာခံတွေထက်၊ ပြန်လာတော့မှ ရေရေရာရာမသိတဲ့ ပြန် ကြားချက်တွေ မိတ္တူကူးပြီးဝေငှကြတာ မျိုးလောက်ဟာ စာပေစာနယ်ဇင်း စာရေးဆရာတွေအတွက် တကယ့်အမှန် တကယ်အကျိုးဖြစ်ထွန်းစေတာလို့ ဆိုကြ ပါရော့လား။
အဆိုးတကာအဆိုးဆုံးကတော့ မြို့နယ်စာပေစာနယ်ဇင်း နီးစပ်ရာတစ်ခု မှာ ၀င်ပြီး အထက်ကမြို့နယ်လွှဲပြောင်း နယ်မြေခွဲဝေပေးလိုက်တဲ့ စာရေးဆရာ ကြီး ဆယ်ယောက်စာရင်း ရောက်လာပါ တယ်။ ကတ်ပြားရစာရေးဆရာကြီးတွေ ကို လက်ခံရရှိတဲ့ ဥက္ကဋ္ဌက စစ်ဆေးကြည့် လိုက်တော့ စာမရေးတဲ့၊ စာမဖတ်တဲ့၊ စာ မတတ်တဲ့၊ ပန်းရန်နဲ့ မြေတူးဆရာအဖွဲ့ ဖြစ်နေသတဲ့၊ အံ့ကရော အဲဒါစာရေး ဆရာတဲ့။
အဲဒီစာရေးဆရာကြီးတွေက စာရေးဆရာကတ်ပြားကိုင်ပြီး မြန်မာ ပြည် အနွံ့ပန်းရံမြေတူးလိုက်လုပ်နေကြ တယ်ဆိုပဲ။ (ဒီနေရာကျတော့ ဒီကတ်က အသုံးဝင်တယ်တဲ့ဗျ။ စာရေးဆရာစစ်စစ် တွေ အဆင်မပြေရင် အဲဒီလုပ်ငန်းဝင် လုပ်ကြည့်ကြပါလား)
ကဲဗျာ အဲဒီလို ရောကောသော ကော စာပေစာနယ်ဇင်းအဖွဲ့ကြီးကလည်း တစ်ဇာတ်သိမ်းပြန်ပြီတဲ့။ ခုတစ်ခါလာပြန် ပြီ စာရေးဆရာအသင်း၊ သတင်းထောက် အသင်း၊ စာပေသမဂ္ဂ၊ အထက်မြန်မာ ပြည်၊ အလယ်မြန်မာပြည်၊ အောက်မြန် မာပြည်အသင်း အဖွဲ့၊ အုပ်စု စသဖြင့်။
အဲဒီတော့ မေးပါရစေ။ အဲဒီအထဲ မှာကော ဒီကနေ့ လက်ရှိစာမျက်နှာပေါ် က စာရေးဆရာစစ်စစ် ဘယ်နှစ်ရာခိုင် နှုန်းပါမှာလဲ။ ပေါ်တော်မူတွေပဲများနေ မှာလား။ စာရေးဆရာတွေအတွက် ဘယ်လောက် စာပေလွတ်လပ်ခွင့် တောင်းဆိုပေးမှာလဲ။ သတင်းစာဆရာ များရဲ့ နောက်ကနေ ဘယ်လောက်များ ခုခံကာကွယ်ပေးမှာလား စာရေးဆရာ တွေရဲ့ ဘ၀ကို ကူညီဖို့ ဘေးဖယ်ထားပါ ဦး။ စာရေးနေရမှ သေပျော်တဲ့ စာရေး ဆရာတွေအတွက် နေရာအကျယ် ဘယ် လောက်ဖန်တီးပေးကြမှာလဲ။ နိုင်ငံတကာ ကမ္ဘာ့စာပေနဲ့ ဆက်သွယ်နိုင်ဖို့၊ ဘယ် လောက်အထိ အကူအညီပေးကြမှာ လည်းဆိုတာကို အပေါ်ရံ၊ ပြရုပ်မဟုတ် ဘဲ ဇာတ်မလိုက်ဘဲ ပြေးကြည့်ကြစမ်းပါ။
စာပေနဲ့ စာရေးဆရာတွေအတွက် ဘာမှမလုပ်နိုင်ဘဲနဲ့တော့ ဘာအဖွဲ့မှ ဖွဲ့မနေပါတော့နဲ့ဗျာ။ အဖွဲ့ထဲမ၀င်လည်း စာရေးရနေတာပဲဟာ။ ကြုံလို့မေးကြည့် ချင်တာ စာရေးဆရာအကျိုးအတွက် အဖွဲ့လား။ အဖွဲ့က အကျိုးရှိမယ့် စာရေး ဆရာအတွက်လားဆိုတာကိုတော့ ဒီကနေ့ပွင့်လင်းမြင်သာရှင်းပြဖို့ လိုပါပြီ။
အပြောင်းအလဲဆိုတာ လူ့ပြည်နဲ့ မိုးပေါ်ကလာတဲ့အပ်တွေလိုပါပဲ။ ထိခဲ ဖြစ်ခဲ လှဘိခြင်းပါ။ ဒီလိုအခါအခွင့်သင့် လို့ ပြောင်းလဲစရာ ကြုံလာတဲ့အခါမှာ လူပြောင်းချင်ပြောင်း မပြောင်းချင်နေ။ မူကလေးတော့ ပြောင်းကြည့်ကြဖို့ လိုကြ ပါလိမ့်မယ်။
ခုတော့ဗျာ ၀တ်ဖို့ရတာကမှ လေဘေး။ သူများဝတ်ပြီး ဖွတ်ဖွတ်ကြေ၊ စုတ်ပြတ်လို့ ဘေးချထားတာကြီးကိုတော့ အရသာခံပြီး ပြန်ဝတ်ကြည့် မနေချင်ကြ ပါနဲ့ဗျာ။
လေဘေး …အစုတ်နဲ့တော့ စာရေးဆရာမလုပ်ချင်ကြတော့ပါဘူး …ဗျာတို့ရဲ့။
By Hot News Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment