Saturday 18 August 2012

မီဒီယာ ကွာဟချက် မရှိစေရန် လွှတ်တော်ဂျာနယ် ထုတ်ဝေမည်


ဝင့်သင်ဇာကျော် (မြစ်မခ)

သြဂုတ်(၁၇)ရက်၊ ၂ဝ၁၂ခုနှစ်။
သတင်းမီဒီယာအချို့တွင် လွှတ်တော်အတွင်းဆွေးနွေးချက်များ
ဖော်ပြရာ၌လက်တွေ့နှင့် ကွာဟချက်များရှိနေခြင်းကြောင့် လွှတ်တော်ဂျာနယ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။


“လွှတ်တော်ကိုယ်စားလှယ်တွေလည်း သူတို့ခံစားချက် ၊ သူတို့ပြောချင်တာ တွေရှိမယ်ဆိုပြီး ဒီဂျာနယ်ထုတ်ဖို့ စီစဉ်ဖြစ်တာပါ ” ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးဌာနမှ ဗိုလ်မှူးကြီး ဦးခင်မောင်ဦးက ပြောသည်။


အဆိုပါဂျာနယ်တွင် လွှတ်တော်အတွင်းဆွေးနွေးချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ရေးသားသော ဆောင်းပါးများ၊  ကာတွန်းများ ၊ ကျန်းမာရေး ကဏ္ဍများအစရှိသော ဗဟုသုတရရှိစေနိုင်သည့် သတင်းအချက်အလက်များထည့်သွင်းသွားမည်ဖြစ်သည်။



လွတ်တော်ဂျာနယ်ထုတ်ဝေရေးအဖွဲအား အဖွဲ့ဝင်(၁ဝ)ဦးများဖြင့် စီစစ်သွားမည်ဖြစ်ပြီး ဂျာနယ်ထုတ်ဝေရခြင်းမှာ ပြည်တွင်းသတင်း မီဒီယာများမှ ရေးသားသောလွှတ်တော်သတင်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးသည့် ကိစ္စရပ်များမှာ
လွဲမှားမှုများ မရှိစေရန် ရည်ရွယ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။


 

“ ကောင်းတာပေါ့ လွှတ်တော်ကနေ အတိအကျသတင်းတွေထုတ်ပြန်ရင် အပြင်ကသတင်းမီဒီယာအချို့ရေးနေတဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ကိစ္စနဲ့ တလွဲမဖြစ်တော့ဘူးပေါ့ ” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က ပြောသည်။


လွှတ်တော်ဂျာနယ်တွင် ထည့်သွင်းဖော်ပြနိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ပါတီက   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်းသတင်းဆောင်းပါးေ၇းသား၍ ဒု-ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ထားပြီးဖြစ်
ကြောင်း သိရှိရသည်။


 “၁၉၅၈/၁၉၅၉ တုန်းက မြန်မာနိုင်ငံပါလီမန်အဖွဲ့စာစောင်ကို မိတ်ဆက်တဲ့သဘောနဲ့ရယ် အခုခေတ် နိုင်ငံရေးအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာကို မိတ်ဆက်တဲ့သဘောအနေနဲ့ ဆောင်းပါးရေးပြီး ‘ဒုတိယညွှန်ကြားရေးမှူးချုပ်ကို
ပေးပို့ပြီးပြီ  ” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန်က ပြောသည်။


အဆိုပါ ဂျာနယ်အား တစ်လလျှင် (၂)ကြိမ် ထုတ်ဝေရန်စီစဉ်ထားပြီး လက်တလောတွင်လွှတ်တော်ကိုယ်စားလှယ်များ ရေးသားသော သတင်း ဆောင်းပါး ၊ လွှတ်တော်အတွင်းဆွေးနွေးသည့် ကဏ္ဍများ၊ ကာတွန်းနှင့် ကျန်းမာရေးသတင်းများကိုသာ
ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

By Shwe Myitmakha Media Group

No comments:

Post a Comment