Monday 8 July 2013

မန္တလေး တက္ကသိုလ်အား အာဆီယံ တက္ကသိုလ်ကွန်ရက်မှ အဖွဲ့ဝင် တက္ကသိုလ်အဖြစ် လက်ခံ

မန္တလေး တက္ကသိုလ်အား အာဆီယံ တက္ကသိုလ်ကွန်ရက် (AUN) မှ အဖွဲ့ဝင် တက္ကသိုလ်အဖြစ် လက်ခံခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံမှ အာဆီယံ တက္ကသိုလ်ကွန်ရက် ပါမောက္ခချုပ်များ အစည်းအဝေးနှင့် အာဆီယံ တက္ကသိုလ်ကွန်ရက် စီမံခန့်ခွဲရေးအဖွဲ့
အစည်းအဝေးများအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာတွင် ပဉ္စမအကြိမ်မြောက် အာဆီယံ တက္ကသိုလ်ကွန်ရက် ပါမောက္ခချုပ်များ အစည်းအဝေး (5th ASEAN University Network Rector's Meeting) ကို ရန်ကုန်မြို့ Trader Hotel ၌ ဇူလိုင် ၃ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း၊ (၂၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်ကွန်ရက် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပထမနေ့ အစီအစဉ်အဖြစ် ဇူလိုင် ၄ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း၊ ဒုတိယနေ့ အစီအစဉ်အဖြစ် ဇူလိုင် ၅ ရက်တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ သို့ဖြစ်ရာ အဆိုပါ ဆွေးနွေးပွဲများ၏ ရလဒ်တစ်ခု အပါအ၀င်အဖြစ် မန္တလေး တက္ကသိုလ်အား အာဆီယံ တက္ကသိုလ်ကွန်ရက် (AUN) ၏ အဖွဲ့ဝင် တက္ကသိုလ်အဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "မန္တလေး တက္ကသိုလ်ကို အာဆီယံ တက္ကသိုလ်ကွန်ရက် (AUN) က အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်" ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အဆိုပါ အစည်းအဝေးပွဲများသို့ အာဆီယံ တက္ကသိုလ်ကွန်ရက် အဖွဲ့ဝင် တက္ကသိုလ်များမှ ကိုယ်စားလှယ်ပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြသည်။ "အခုလိုမျိုး အာဆီယံ တက္ကသိုလ် ကွန်ရက်ကနေ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဟာ မြန်မာ့ပညာရေးဟာ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက် လာတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာ့ပညာရေးကို အဆင့်မြင့်မားအောင် ချိတ်ဆက်ဆောင်ရွက် သွားဖို့လည်း အစီအစဉ်တွေ ရှိနေပါတယ်" ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မန္တလေး တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပြီးလျှင် တတိယမြောက် အာဆီယံ တက္ကသိုလ်ကွန်ရက်၏ အဖွဲ့ဝင်တက္ကသိုလ် တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment