Monday 8 July 2013

ဓာတ်ပုံသတင်းထောက်နှင့် ရွှေတိဂုံစေတီတော်လုံခြုံရေး အငြင်းပွားမှု စာနယ်ဇင်းကောင်စီ ကြားဝင်ညှိမည်

ရန်ကုန်၊ ဇူလိုင် ၇

ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်သော ထိုင်းနိုင်ငံ ဘုရင့်သမီးတော် သီရိဒုံကို ဓာတ်ပုံရိုက်ကူးရန် ကြိုးစားခဲ့သည့် ဥရောပဓာတ်ပုံသတင်းဌာန EPA မှ ဓာတ်ပုံ သတင်းထောက်နှင့်
ရွှေတိဂုံစေတီတော် လုံခြုံရေး အဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သော အငြင်းပွားမှုကို စာနယ်ဇင်းကောင်စီ (ယာယီ) က ဇူလိုင်လ ၈ ရက်နေ့တွင် ကြားဝင်ညှိနှိုင်းပေးမည်ဟု စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် ဓာတ်ပုံသတင်းထောက် ဦးလင်းဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးဝန်ထမ်းများအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက်နေ့တွင် အဆိုပါ သတင်းထောက်က စာနယ်ဇင်းကောင်စီသို့ စာဖြင့်အကြောင်း ကြားခဲ့သည့်အပြင် လူကိုယ်တိုင်လာရောက် ရှင်းလင်းပြောပြခဲ့ကြောင်း ၎င်းကဆိုသည်။

“စာပို့တဲ့နေ့မှာပဲ ကျွန်တော်တို့ကောင်စီက ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ကို ဒီကိစ္စနဲ့ ပက်သတ်ပြီး လာရောက် ရှင်းလင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ထိုင်းဘုရင့်သမီးတော် ရွှေတိဂုံစေတီတော် လာရောက်ဖူးမြော်စဉ် ဓာတ်ပုံရိုက်ရန် ကြိုးစားသည့် အဆိုပါဓာတ်ပုံ သတင်းထောက်ကို ရွှေတိဂုံစေတီတော် လုံခြုံရေးတစ်ဦးက တွန်းထုတ်ရာမှ ကင်မရာ မှန်ဘီလူး ကျကွဲခဲ့သော်လည်း အလျော်တောင်းမည် မဟုတ်ကြောင်း၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ၎င်းတို့အမှားကို ဝန်ခံရန်သာ တောင်းဆိုကြောင်း EPA ဓာတ်ပုံသတင်းထောက် ဦးလင်းဘိုဘိုက ဆိုသည်။

“သတင်းမီဒီယာလောကက လူတွေကို နောင်ဒီလိုမဆက်ဆံအောင်ပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံခြား ဓာတ်ပုံသတင်းထောက် ဖြစ်သော်လည်း လက်ရှိမီဒီယာလောကတွင် အငြင်းပွားမှုနှင့် ပဋိပက္ခများ ဖြေရှင်းရာ၌ အကြီးဆုံး အဖွဲ့အစည်း ဖြစ်ခြင်းကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

စာနယ်ဇင်းကောင်စီ၏ ဖိတ်ခေါ်ချက်ကို လက်ခံရရှိထားပြီး ဂေါပက အဖွဲ့ကလည်း စာနယ်ဇင်းကောင်စီကို အခင်းဖြစ်ပွားနေရာ နေရာ အနေအထားကို လေ့လာရန် ပြန်လည် ဖိတ်ခေါ်ထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံး ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဆိုသည်။

“တနင်္လာနေ့ သွားမယ်၊ မသွားဘူးဆိုတာ မပြောတတ်ဘူး ။ မသေချာသေးဘူး” ဟု ၎င်းကဆိုသည်။

ရွှေတိဂုံစေတီတော်သည် ဗုဒွဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ ဖြစ်ပြီး နှစ်စဉ်နိုင်ငံခြားခရီးသွား ဝင်ရောက်မှုသည် နှစ်သိန်းဝန်းကျင်ခန့် ရှိသည်။

The Voice Weekly ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment