Monday 1 July 2013

မိလ္လာပိုက်ခေါင်းထဲမှ ကလေးငယ် မိဘနှင့် ပြန်လည် ဆုံတွေ့

မိလ္လာပိုက်ခေါင်းထဲ ရောက်နေသော ကလေးငယ်ကို မီးသတ်များ မေလ၂၆ ရက်နေ့က ကယ်တင်ခဲ့ရာ အဆိုပါ ကလေးငယ်သည် ယခုအခါ မိဘများ လက်ထဲ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
ကလေးငယ်ရှိရာ ဆေးရုံသို့ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်း၏ ကလေး ဟုတ်မဟုတ် သိရရန် ဆေးစစ်ခံယူခဲ့သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။ ယင်းအမျိုးသားသည် ကလေး၏ မိခင်လောင်းနှင့် ပြီးခဲ့သည့်နှစ်က ဆုံတွေ့ခဲ့သည်။ မိခင်လောင်းဖြစ်သူသည် သူမတွင် ကိုယ်ဝန် ရှိနေကြောင်းကို ယခုနှစ်ဆန်းပိုင်းတွင်မှ သိရှိခဲ့သည်။ ရည်းစားဖြစ်သူက သူ၏ ကလေးမဟုတ်ဟု ငြင်းဆိုနေပြီး ကိုယ်ဝန်ဖျက်ချရန်လည်း ငွေကြေး မတတ်နိုင်သောကြောင့် သူမသည် ၀မ်းဗိုက်ပူပူကို အ၀တ်နှင့် စည်းပြီး အ၀တ်ပွပွဝတ်ကာ ဖုံးဖိထားခဲ့သည်။
မေလ ၂၆ရက်နေ့က သူမ ရေအိမ်ဝင်စဉ် ကလေး မီးဖွားလိုက်မိပြီး အိမ်သာထဲသို့ ကလေး ပြုတ်ကျသွားခြင်း ဖြစ်သည်။ ကလေးကို ကြိုးစား ဆယ်ယူရာ မရသောကြောင့် တိုက်ခန်း ပိုင်ရှင်ကို ဖုန်းဆက် အကြောင်းကြားလိုက်ပြီး သူမက အ၀တ်လဲကာ အလုပ်သွားလိုက်သည်။ ကလေးငယ်ကို မိခင်ဖြစ်သူက စွန့်ပစ်ခဲ့သည်ဟု အများက ယူဆသောကြောင့် တရုတ်လူမှုကွန်ရက်တွင် အဆိုပါ လုပ်ရပ်ကို လူပေါင်းများစွာက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ကြသည်။
ယင်းသတင်းကို မှတ်ချက်ပေးသူပေါင်း နှစ်သိန်းခုနစ်သောင်း ရှိခဲ့ပြီး အများစုက ကလေးငယ်မိခင်ကို ပြစ်တင် ပြောဆိုကြသည်။ အနည်းငယ်သော လူတို့ကသာ သူ့အဖြစ်ကို စာနာခဲ့ကြသည်။ ကလေးငယ်ရှိရာသို့ ရောက်ရှိလာသော အမျိုးသားက သူ၏ကလေး ဟုတ်မှန်ပါက ကလေးငယ်ကို ထောက်ပံ့ရန် ကလေး၏မိခင်နှင့် ဆွေးနွေးမည်ဟု ဆိုသည်။ ကလေးငယ်ကို ၎င်းတို့နှစ်ဦး အတူပြုစု ပျိုးထောင်မည်၊ မပျိုးထောင်မည် ဆိုသည်ကို မသိရသေးပေ။ မိခင်ဖြစ်သူကို ရာဇ၀တ်မှု ဖြင့် အရေးယူခြင်းမပြုတော့ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အေးချမ်းမွန် Credit To > ပြည်မြန်မာ< Thank

Aye Chan Mon ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment