Wednesday 26 June 2013

Ford ကားကုမ္ပဏီ၏ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ သြဂုတ်လတွင် ဖွင့်လှစ်မည်

ford-june26အမေရိကန် အခြေစိုက် နာမည်ကျော် Ford ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို သြဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကုမ္ပဏီ အမှတ်တံဆိပ်များကို အဆိုပါစင်တာ
တည်ရှိရာ အမှတ် ၃ အင်းစိန်လမ်း ၁၂ ရပ်ကွက် လှိုင်မြို့နယ်တွင် စတင်တပ်ဆင် လိုက်ပြီကြောင်း Ford က ဇွန် ၂၅ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။


လှိုင်မြို့နယ်တွင် ဖွင့်လှစ်မည့် Ford ကားရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို တွေ့ရစဉ် (ဓာတ်ပုံ-Ford)

"ကျွန်တော်တို့ဟာ အခုဆိုရင် နုနယ်ငယ်ရွယ်သေးတဲ့ မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ချမှတ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး အခုအမှတ်တံဆိပ်က စတင်ကြိုးပမ်းမှုကို ကိုယ်စားပြုပါတယ်" ဟု Ford Asia Pacific, Ford Export and Growth Operations, Regional manager David Westerman က ပြောကြားသည်။
Ford သည် မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်လာသည့် အမေရိကန်အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီဖြစ်ပြီး ပထမဦးဆုံး အလုံးစုံ ၀န်ဆောင်မှုပေးနိုင်သည့် ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Ford စင်တာတွင် ဆီဒန်ကားများ၊ ထရပ်ကားများ၊ SUV များကို ရောင်းချသွားမည်ဖြစ်ပြီး မြန်မာဈေးကွက်သို့ ၀င်ရောက်နိုင်ရန်အတွက် Ford  ကားကုမ္ပဏီ၊ Capital Automotive Ltd နှင့် Ford ၏ ကာလရှည် မိတ်ဖက်ဖြစ်သူ RMA အုပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကားအရောင်းပြခန်း၊ ကားရောင်းချမှုနှင့် ရောင်းချပြီးနောက် ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို အောင်လက်မှတ် ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မြန်မာစက်ပြင် ဆရာများ၊ အရောင်းဝန်ထမ်းများနှင့် ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများကိုလည်း လေ့ကျင့်ပျိုးထောင် ပေးသွားမည်ဟု Ford က ကတိပြုထားသည်။

By Eleven Media Group

No comments:

Post a Comment