Monday, 29 October 2012

ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ပါစေ


မောင်ကိုကို(အမရပူရ) ~
ဟိုတစ်လောက ရန်ကုန် တက္ကသိုလ်ထဲသို့ ရောက်သည်။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးကို ကျွန်တော် ထိုင်ကြည့်နေမိသည်။ သစ်ပုပ်ပင်ကြီးသည် နာဂစ်မှာ လဲပြိုမသွား။
ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ၁၉၇၁ မှ ၁၉၇၅ အထိ စီးပွားရေးတက္ကသိုလ်မှာ ကျွန်တော် ပညာသင်ကြားခွင့်ရသည်။ စီးပွားရေးတက္ကသိုလ်မှာ ပညာ သင်ကြားနေရသော်လည်း ရန်ကုန်တက္ကသိုလ်ပရဝုဏ်ကို ကျွန်တော် ပိုမို တိမ်းညွတ်သည်။ အဓိပတိလမ်းပေါ် ကျွန်တော် နေ့စဉ် လမ်းမလျှောက်ဘဲ မနေနိုင်။ အဓိပတိလမ်းကို ဖြတ်သန်းပြီး တက္ကသိုလ် စာတိုက်သို့ ကျွန်တော်သွားသည်။ အိမ်ကို စာထည့်သည်။ အိမ်ကငွေပို့လျှင် တက္ကသိုလ်စာတိုက်မှာ သွားထုတ်ရသည်။ ကျွန်တော်တို့သည် အိမ်နှင့်အဝေး ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို ရောက်လာပြီဆိုတော့ လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင် နေထိုင်ကြသည်။ အိမ်ကတော့ ၁၉၇၁ မှ ၁၉၇၅ ကျပ်တည်းသော စီးပွားရေးခေတ်ကာလမှာ ငွေကြေးကို ခက် ခက်ခဲခဲ ရှာဖွေရ၏။ ထိုအထဲမှ သားထံသို့ ပို့ပေးရ၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ တက္ကသိုလ်မှာ ပျော်နေကြသည်။ ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ အသက်ဓာတ်များ ကပ်ငြိနေသလိုပင်။
ရန်ကုန်တက္ကသိုလ်သည် ဓာတ်တစ်ခုမကကပ်ငြိနေသည်။ သူရဲကောင်းတို့၏ ဝိညာဉ်များ၊ ထူးချွန်ပြောင်မြောက်သူတို့၏ ဝိညာဉ်များသည် ရန်ကုန်တက္ကသိုလ်မှာ ကပ်ငြိနေ၏။ အောင်ဆန်းလား၊ ဗဟိန်း လား။ ပြောင်မြောက်တောက်ပသော ကဗျာများလည်း ရန်ကုန်တက္ကသိုလ်မှာ ကပ်ငြိနေပြန်ပါသည်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ။
ပထမတော့ ပေါ့ပေါ့ပါးပါးပင် တက္ကသိုလ်ကို ဖြတ်သန်းကြသည်။ ကံ့ကော်ပင်များ စိမ်းနေသည်။ စိန်ပန်းပွင့်များ နီရဲနေသည်။ ကံ့ကော်ပွင့်ချိန်မှာတော့ တက္ကသိုလ်မှာ မွှေးထုံနေသည်။ တက္ကသိုလ်မှာ ဂျူဒိုသင်တန်း ရှိသည်။ ပတ္တလားသင်တန်း ရှိသည်။ ကျွန်တော်က စီးပွားရေး တက္ကသိုလ် ဘော်လီဘောလက်ရွေးစင်။ တက္ကသိုလ်မှာ ပန်းချီခန်း ရှိသည်။ ကုက္ကိုပင်ကြီးအောက်က ကိုအောင်ရင်၏ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ အမြဲထိုင်သည်။ ကုက္ကိုပွင့်လေးတွေက စားပွဲပေါ်မှာကြွေကျနေသည်။ ဦးယမ်းဘီလူး အအေးဆိုင် ရှိသည်။ အမေကြည်၏ အအေးဆိုင် ရှိသည်။ ညမှာ အဆောင်များသို့ သွားပြီး ဂစ်တာတီး သီချင်း ဆိုကြသည့် သူငယ်ချင်းများနှင့် လိုက်ပါသွားသည်။ တန်ဆောင်တိုင်မှာ သမိုင်းဆောင်မှ မြို့ထဲသို့ ထွက်ပြီး ဂီတပွဲတွေ ကြည့်ကြသည်။ စိုးပိုင်၊ မင်းမင်းလတ် ခေတ်စားချိန်။ လှည်းတန်း အအေးဆိုင်မှာ ထိုင်တော့ လားရှိုးသိန်းအောင်ကို နားထောင်သည်။

အမေတစ်ခုသားတစ်ခု နားထောင် လျှင် အမေ့ကို သတိရသည်။ ကျွန်တော့်အဖေက ကျွန်တော် ဒုတိယနှစ်မှာ ဆုံးသွားသည်။ အမေကပဲ ငွေပို့ပေးရသည်။ တက္ကသိုလ်စာကြည့်တိုက် ကြီးမှာ မိုးဝေကဗျာ၊ ရှုမဝကဗျာ တွေ တစ်နေကုန် ဖတ်သည်။ ကျောင်းစာ ထက် စာသင်ခန်းပြင်ပက စာပေကို စိတ်ဝင်စားလာမိသည်။ တက္ကသိုလ်မှာ တက်နေစဉ် အလုပ်သမား အရေးအခင်း ဖြစ်သည်။ ကျွန်တော်တို့ သမိုင်းဆောင်မှ ကျောင်းသားများသည် အလုပ်သမားများ ဆန္ဒပြရာ အင်းစိန်လမ်းမပေါ်သို့ ပြေးသွားကြသည်။ သူတို့ အလံကိုင်၍ ချီတက်လာကြ၏။ ကျွန်တော်တို့သည် အလုပ်သမားများနှင့် ပူးပေါင်းရန် စိတ်လှုပ်ရှားမှုဖြင့် ပြေးသွားကြ၏။
ထိုအချိန်မှာပင် စစ်သားများက သေနတ်များဖြင့် ပစ်လိုက်ကြ၏။ ရှေ့ဆုံးမှ အလံကိုင်အလုပ်သမားသည် သွေးပွက်ပွက်ထလျက် ကျဆုံးသွား ပြီ။ ကျွန်တော်လည်း နီးရာ ရေမြောင်းထဲသို့ လှိမ့်ချလိုက်ရ၏။

တက္ကသိုလ်မှာ ဦးသန့် အရေးအခင်းကို ကြုံရသည်။ ကျွန်တော်တို့ တက္ကသိုလ်ပေါင်းစုံ ကျောင်းသား ကျောင်းသူ အကုန် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ချီတက်သွားကြသည်။ ဦးသန့်ဈာပန သည် နိုင်ငံတော်၏ ဈာပနဖြစ်ရ မည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်က ဦးဆောင်ပါသည်။ ဦးသန့်၏ ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်သို့ တက္ကသိုလ်ကျောင်းသားများက ဆောင်ယူခဲ့ကြ၏။ ကျွန်တော်တို့ တက္ကသိုလ်တက်စဉ်က ကျောင်းသည် ပိတ်လိုက် ဖွင့်လိုက်။ ၁၉၇၅ မှာ တက္ကသိုလ်ကို ပြန်ပြီး အလာမခံတော့ပါ။ ကိုယ့်မြို့မှာပဲ တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုလိုက်ရသည်။

ရန်ကုန်တက္ကသိုလ်ကို ယခုရောက်သည်။ အရောင်စုံ ကျောင်းသူ ကျောင်းသားများကို ကျွန်တော် မမြင်ရ။ ရန်ကုန်တက္ကသိုလ်မှာ ကွက်လပ်တွေ ဖြစ်နေ၏။ တက္ကသိုလ်သည် တက္က သိုလ်ကျောင်းသူ ကျောင်းသားတို့ ဖြင့် လှုပ်ရှားတက်ကြွနေရမည်။ စည်ကား သိုက်မြိုက် မင်္ဂလာရှိနေရမည်။ ဒါမှ အဓိပ္ပာယ်ရှိမည်။

''ပညာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ရှင်သန်အောင် လုပ်ဖို့ဆိုတာ အရေးကြီးပါတယ်''
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် ပြန်လည် ရှင်သန်ရန် ပြောကြားနေပါပြီ။

''နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အားလုံးကနေပြီးတော့ လေးစားအားကိုး ယုံကြည်နိုင်တဲ့ တက္ကသိုလ်ဟာ ရှိသင့်ပါတယ်။ အင်မတန်မှ ပြောင်မြောက်တဲ့ တက္ကသိုလ်တွေ ရှိတယ်ဆိုတာ တိုင်းပြည်အတွက် အင်မတန်မှ ဂုဏ်ရှိပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့လိုပါတယ်''
ဒေါ်အောင်ဆန်းစုကြည်က ပြောနေပြီ။

''ကျွန်မအနေနဲ့ပြောရရင် ရန်ကုန်တက္ကသိုလ်ကို အထူးအရေးပေးပြီးတော့ အရင်ကလို လျှမ်းလျှမ်းတောက် တက္ကသိုလ်တစ်ခု ဖြစ်လာရေးကို ကျွန်မတို့ ပြန်ပြီးတော့ ဝိုင်းဝန်းပြီး ကြိုးစား သင့်တယ်လို့ ထင်ပါတယ်''
ဒေါ်အောင်ဆန်းစုကြည် ပြောပြီ။
သူမ၏စကားသည် ပြည်သူလုထု၏ ဆန္ဒကို ဖော်ထုတ် တင်ပြသည့်စကား ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ရှင်သန်ရေး ဝိုင်းဝန်းစဉ်းစားပေးကြပါ။

ဈေးကွက်ဂျာနယ် zaygwet.com တွင် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်သည်။

By Irrawaddy

http://blog.irrawaddy.org/2012/10/blog-post_4035.html

No comments:

Post a Comment