Thursday 13 September 2012

အမည်မည်း စာရင်းတွင် အနုပညာရှင် သုံးဦးပါဝင်


အမည်မည်း စာရင်းတွင် အနုပညာရှင် သုံးဦးပါဝင်နိုင်ငံတော် အစိုးရက မြန်မာနိုင်ငံသား အမည်မည်း စာရင်းဝင်အချို့ ပယ်ဖျက်ခြင်း ကို သြဂုတ်လ ၂၈ ရက်က ထုတ်ပြန်ခဲ့ရာ အဆိုပါ ပယ်ဖျက်စာရင်းတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသော
သရုပ်ဆောင် အကယ်ဒမီ မို့
မို့မြင့်အောင်နှင့် ရဲမင်းပိုင်၊ အဆိုတော် မာမာအေးတို့ ပါဝင်လာသည်ကို တွေ့ရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ မို့မို့မြင့်အောင်ထံ ဆက်သွယ်မေးမြန်းရာ
“ဂျာနယ်တွေက လှမ်းမေးတော့ မှ ကျွန်မလည်း သိရတယ်။

စာရင်းမှာပါတဲ့ မှတ်ပုံတင်နံပါတ်က လည်း ဟိုးအရင်က နံပါတ်ကြီး၊ အခုမှတ်ပုံတင်က ၁၂/တမန ပါ။ ဘာကြောင့် ပါနေတာလဲဆိုတာ စဉ်းစားလို့တောင် မရပါ ဘူး။ ကျွန်မက အနုပညာအလုပ်တွေကိုပဲ ဘဝတစ်လျှောက်လုံး သန့်သန့်ရှင်းရှင်းနဲ့ လုပ်ခဲ့တာ။ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအမည်းစက်မှ မရှိခဲ့ပါဘူး။ ကျွန်မအဖေရော၊ ကျွန်မရော ဘဝတစ်လျှောက်လုံး အနုပညာနဲ့ပဲ ရပ်တည်လာခဲ့တာ။ ခုလို စာရင်းထဲပါတယ်လို့ မိတ်ဆွေတွေက ပြောတော့မှ သိရတာ။

စိတ်ထဲမှာ ဘဝင်မကျဘူး။ ကိုယ့်ကိုယ်ကိုယ် သိတဲ့အတွက် ဘာကြောင့် ဒီစာရင်းထဲ ပါနေတာလဲ ဘာညာ၊ ဘာကိုမှ မစုံစမ်းပါဘူး” ဟု မို့မို့မြင့်အောင်က ပြောကြားသည်။ မို့မို့မြင့်အောင်သည် MRTV-4 မှ ရိုက်ကူးမည့် “ထာဝရမန္တလေး” မြန်မာရုပ်သံဇာတ်လမ်းတွဲကို ပါဝင်သရုပ်ဆောင်ရန် ရှိပြီး လတ်တလော၌ ၎င်း၏ ညာဘက် လက်မောင်းတွင်းရှိ အကြောတွင် ဒဏ်ရာဖြစ်နေသည့်အတွက် ဘန်ကောက်ရှိ ဆေးရုံ၌ သြဂုတ် လကုန်ပိုင်းက ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ ယခုကဲ့သို့ အမည်မည်း စာရင်းတွင် ၎င်းကိုယ်တိုင် မသိရှိဘဲ ပါဝင်ခဲ့သော်လည်း ယင်းအတွက်ကြောင့် သူမ၏ အနုပညာ လုပ်ငန်းပိုင်းဆိုင်ရာတွင် အနှောင့်အယှက် တစ်စုံတစ်ရာ မကြုံခဲ့ရကြောင်း သူမက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံသား အမည်မည်းစာရင်းတွင် ပါဝင်ထားပြီး လတ်တလော မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ပထမပတ်အတွင်း ပြန်လည် ရောက်ရှိရန် စီစဉ်နေသူ အင်္ဂလန်နိုင်ငံ၌ နေထိုင်နေသည့် ဒေါ်မာမာအေးကလည်း ၎င်း၏အမည် ယခုစာရင်းတွင် ပါဝင်နေခြင်းကို မသိရှိပါကြောင်း ၎င်း၏မိသားစုဝင် တစ်ဦးထံ ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာရင်းထွက်လာတော့ မေမေနဲ့ ဖုန်းပြောဖြစ်တဲ့အခါ မေမေ ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ မထင်ဘူး။ ဒါပေမဲ့ အခုအဆိုတော် မာမာအေးဆိုပြီး သတင်းထွက်လာတာကို တစ်ဖက်ကလည်း ပြန်မရှင်းဘူးဆိုတော့ မေမေလို့ပဲ ယူဆရမှာပေါ့။ မေမေကတော့ ဒီဇင်ဘာလ ပထမပတ်အတွင်း ဒီကို ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဒေါ်မာမာအေး၏ သမီးဖြစ်သူ ဒေါ်အေးလွင်လွင်ဦးက ပြောသည်။ သရုပ်ဆောင် တစ်ဦးဖြစ်သူ ရဲမင်းပိုင်မှာမူ ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်နေခြင်း မရှိဘဲ ၎င်းမှာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်များ စခန်းတွင် ကာလအတန်ကြာ နေထိုင်ခဲ့ဖူးသူလည်း ဖြစ်ကြောင်း သိရသည်။ “နယ်စပ်မှာ ရှိုးပွဲတစ်ခု သွားဆိုတုန်းက မဲဆောက်ဈေးဘက် ခဏကူးပြီး ဈေးသွားဝယ်တုန်းက သူနဲ့ဆုံခဲ့ဖူးတယ်” ဟု လွန်ခဲ့သည့် သုံးနှစ်ခန့်က ထိုင်းမြန်မာနယ်စပ်မြို့ တစ်မြို့တွင် စတိတ်ရှိုးသွား ရောက် သီဆိုခဲ့သည့် အဆိုတော် တစ်ဦးက ရဲမင်းပိုင်နှင့် တွေ့ဆုံခဲ့ခြင်းကို ပြန်လည်ပြောပြသည်။
အေးသူစံ

By ရိုးရာလေး

No comments:

Post a Comment