Friday 31 August 2012

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ပြီး အများစု စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများအား မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်မှုခဲ့ပြီး အများစု စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ် ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ထုတ်ပြန်ခဲ့သော နည်းဥပဒေများအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်
ကြီးကြပ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရပ်မိရပ်ဖငါးဦးကို ရွေး ချယ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းလိုက်သော ကြီးကြပ်ရေးအဖွဲ့သည် ဆယ်အိမ်စု ကိုယ်စားလှယ်များ ရွေးချယ်ပေးရမည်ဖြစ်ပြီး အတည်ပြုခံရသော ဆယ်အိမ်စု ကိုယ်စားလှယ်တစ်ဦးချင်းကဖြစ်စေ၊ တစ်ဦးထက်ပိုသူများကဖြစ်စေ မိမိတို့အနက်မှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးရန် သင့်လျော်ကြောင်း အဆိုပြုလိုသော ပုဂ္ဂိုလ်၏အမည်ကို ကြီးကြပ်ရေးအဖွဲ့ထံ တင်ပြရကြောင်း သိရသည်။

ကြီးကြပ်ရေးအဖွဲ့သည် တင်ပြသောပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြုစုပြီး ယင်းပုဂ္ဂိုလ်များအနက်မှ တစ်ဦးကို ဆယ်အိမ်စုကိုယ်စားလှယ်များ အားလုံးက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် လျို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ရမည်ဖြစ်ကြောင်း ပါရှိသည်။

''ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေအတိုင်း မဲစနစ်နဲ့ ပြန်ရွေးပြီးသွားပြီ။ အဲဒါကလည်း ရပ်ကွက်မှာနေတဲ့ အများပြည်သူကပဲ ရွေးချယ်ပေးခဲ့တာပါ။ တာဝန်ရှိသူတွေအနေနဲ့လည်း သူတို့ကို ပြည်သူအကျိုးကို အမှန်တကယ် သယ်ပိုးဖို့၊ ရိုးသားဖို့ မှာကြားမှုတွေ လုပ်ထားပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပညာအရည်အချင်းအားဖြင့် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်၊ ရပ်ရွာရှိအများမှ ကြည်ညိုလေးစားသူဖြစ်ရမည်၊ ပြစ်မှုကင်းရှင်းရမည်၊ နိုင်ငံရေးပါတီများနှင့် ကင်းရှင်းရမည်စသော အချက်အလက်များနှင့် သတ်မှတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခံရသူသည် လစဉ်ချီးမြှင့်ထောက်ပံ့ငွေကျပ် ၇၀၀၀၀ နှင့် လစဉ် အုပ်ချုပ်ရေးရုံးတစ်ရုံး အသုံးစရိတ်အတွက် ကျပ် ၅၀၀၀၀ တို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၏လုပ်ငန်းတာဝန်ကို နည်းဥပဒေ တွင်ဖော်ပြထားပြီး အုပ်ချုပ်ရေးမှူးများ သည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း၊ ကွယ်လွန်ခြင်း၊ အခြားအရပ်ဒေသ တစ်ခုခုသို့၏ ပြောင်းရွှေ့ခြင်း စသည်တို့ရှိလာပါက စုံစမ်းစစ်ဆေးမှု ပြုလုပ်ကာ ၎င်းတို့အား တာဝန်မှရပ်ဆိုင်းခြင်း (ရပ်စဲခြင်း)နှင့် အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၁ ခုရှိကြောင်း သိရှိရသည်။

By Eleven  Media Group

No comments:

Post a Comment