Wednesday 22 August 2012

မီးရထား ပြေးဆွဲချိန် မှန်ကန်ရေး အမြန်နှုန်း မြှင့်တင်ပြေးဆွဲမည်

မြန်မာ့မီးရထား ပြေးဆွဲရာတွင် အချိန်မှန်ကန်စေရန်နှင့် လက်ရှိပြေးဆွဲလျက်ရှိသော ၃၈ မိုင်၊ မိုင် ၄၀ နှုန်းမှ မိုင် ၄၀၊ ၄၃ မိုင်နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနက မီးရထားဆိုင်ရာများကို ပက်ကင်ရိုက်ခြင်း၊ ကျောက်စီခြင်းများ၊
လမ်းအနိမ့်အမြင့် ညှိခြင်းများကို နေရာဒေသအလိုက် ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်နှင့် ခရီးသွားများ အချိန်မှန် သွားလာစေရန်အတွက် လုပ်သားအင်အားစု အများအပြားဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ယခုကဲ့သို့ လမ်းပိုင်းအရည် အသွေးများ ပြုပြင်ဆောင်ရွက် ရာတွင် အဓိက လုပ်သားအင်အားကို အသုံးပြု၍ ဆောင်ရွက် လျက်ရှိရာ မြန်မာ့မီးရထား လုပ်သားများကို ဝန်ထမ်းလစာနှင့် ထောက်ပံ့မှုစရိတ်များ လုံလောက်စွာပေးနိုင်ခြင်း မရှိသဖြင့် လုပ်သားရှားပါးလျက်ရှိသည်ဟုလည်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။ လုပ်သားရှားပါးမှုနှင့် ပတ်သက်၍ အင်ဂျင်နီယာမှူး ဦးမောင်မောင်သန်းက “လမ်းပိုင်းပြုပြင်မှုမှာ ငွေကြေးက အခက်အခဲမရှိပါဘူး။ အဓိက အခက်အခဲက လုပ်သားရှားပါးနေတာပါ၊ သူတို့က (၁) ပင်ပန်းခြင်း၊ (၂) သင်ကြားရန် မလွယ်သည့်အပြင် ခက်ခဲသောကြောင့် ငွေရလွယ်သော တခြားနေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြခြင်း၊ (၃) အမြဲတမ်း ဝန်ထမ်းခန့်အပ်ရာတွင် ကန့်သတ်ချက်ရှိခြင်း စသည့်အချက်များကြောင့် ကျပန်းအလုပ်သမားများကိုသာ အသုံးပြုနေရတယ်။ အဲဒီအခါ သူတို့က နည်းနည်းတက်သွားရင် ထွက်သွားလိုက်၊ ဒီ့ထက်လစာပိုရတဲ့နေရာ ပြောင်းသွားလိုက် ဖြစ်နေတယ်။ အဲဒီအခါမှာ ကျွမ်းကျင်အလုပ်သမား ရှားပါးလာပါတယ်။ နောက်ပြီး အရင်က မီးရထားလမ်းပိုင်း လေးမိုင်ပတ်လည်မှ မယ်ဇလီတစ်ယောက်၊ လမ်းလျှောက်တစ်ယောက်၊ လုပ်သားရှစ်ယောက် ထားခဲ့ပေမယ့် နောက်ပိုင်းကျတော့ လုပ်သားရှားပါးမှုကြောင့် မယ်ဇလီတစ်ယောက်၊ လမ်းလျှောက်တစ်ယောက်နဲ့ လုပ်သားသုံးယောက်သာ ရှိတော့တယ်။ သတ်မှတ်လုပ်သား မလုံလောက်တော့ လမ်းပိုင်းပြုပြင်မှုမှာ မတွင်ကျယ်တော့ပါဘူး။ အဲဒီအခါမှာ လမ်းပိုင်းအရည်အသွေးက မကောင်းတော့တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။ မီးရထားလုပ်သားများအနေဖြင့် အခြေခံလစာလုပ်အားခ၊ ရှားပါးစရိတ်တို့ အပါအဝင် ကျပ်ခြောက်သောင်းခွဲ ဝန်းကျင်သာ ရရှိနေသောကြောင့် လုပ်သားများမှာ လုပ်အားခ ပိုမိုရရှိသော နေရာများသို့ ပြောင်းရွှေ့ကြရာ မီးရထားလုပ်သား လိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်းသာ ရှိနေသောကြောင့် လမ်းပန်းပြုပြင်ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် မီးရထား အချိန်မှန် ပြေးဆွဲရာတွင် အခက်အခဲများဖြင့် ကြုံတွေ့နေခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitluunge

No comments:

Post a Comment