Tuesday 21 August 2012

မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုးမြို့ရှိ မြေနိမ့်ပိုင်းကျသော ရပ်ကွက်များရှိ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်


လားရှိုးမြို့တွင် သြဂုတ်လ ၁၉  ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် လားရှိုးမြို့အ၀င် ပြည်ထောင်စု လမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက် များသို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ လူနေအိမ်များမှ ပစ္စည်းများ ရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉
နာရီခန့်မှစ၍ တောင်ကျရေများ ပြင်းထန်စွာ ကျဆင်းလာပြီး လားရှိုးမြို့ရပ်ကွက် ၁၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂ တို့တွင် ရေစတင် ၀င်ရောက်ခဲ့ကြောင်း သိရသည်။ ''မနက် ၈ နာရီလောက်ထိ  မိုးကသိပ်မသည်းဘူး။ ရေလည်း သိပ်မပါဘူး။ မနက် ၉ နာရီလောက်မှ တောင်ကျရေတွေ ကျလာတာ။ ၁၀ မိနစ်လောက်အတွင်း အိမ်ထဲကို ရေတွေဝင်လာပြီး ပေါင်လောက်ထိ တက်လာတယ်။ ဒါနဲ့အားလုံး ကယ်ဆယ်ရေး စခန်းကို ရောက်လာတာ။ ဘေးအိမ်တချို့ဆို ပြိုကုန်တယ်'' ဟု ရပ်ကွက်(၇)မှ ဒေသခံတစ်ဦးက ပြောပါသည်။ အလားတူ လားရှိုးမြို့အ၀င် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင်လည်း လေးပေ အထိ မြင့်တက်ရေ ကျော်လာမှုကြောင့် လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များနှင့် ၀င်ရောက်မည့်ယာဉ်များ မထွက်ခွာနိုင်၊ မ၀င်ရောက်နိုင် ဖြစ်ခဲ့ရသည်။ ''ဒီလောက်ရေကြီးတာတော့ လားရှိုးမှာ ဒါပထမဆုံး ကြုံဖူးတာပါ။ အခုအိမ်တွေထဲက ပစ္စည်းတွေ မျောပါကုန်တယ်။ အုတ်တံတိုင်းတွေ လွင့်ထွက်ကုန်တယ်။ မြောင်းကူးတံတားတွေ ကျိုးတယ်'' ဟု ရပ်ကွက်(၁)မှ ဒေသခံတစ်ဦးက ပြောသည်။ လားရှိုးမြို့ ရပ်ကွက် (၁၂)တွင်လည်း အိမ်ခြေ ၂၀၀ ခန့်ထိ ရေ၀င်ရောက်ခဲ့ပြီး မန်ဆူမှ ဟူးမွန်သွား လမ်းတံတားပေါ် လေးပေခန့်အထိ ရေကျော်ခဲ့ကြောင်း၊ ရပ်ကွက်(၅)တွင် မန်အိုင်တောင်ကုန်းပေါ်မှ တောင်ကျရေများ စီးဆင်း လာမှုကြောင့် ခိုင်ရွှေဝါ လမ်းပေါ် ရေကျော်ခဲ့ရာ ရေထွက်ပေါက် ရစေရန် အုတ်တံတိုင်းများ ဖြိုပေးခဲ့ရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

By Khitluunge

No comments:

Post a Comment