Sunday 29 July 2012

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်ပေါ်မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက်အရေးယူမည်ဟုဆို

တရုတ်နိုင်ငံတွင် အပတ်စဉ်ထုတ်ဝေလျက်ရှိသော Southern Weekend (China) သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းချက်ကို အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းဂျာနယ်အချို့၌လည်း ဖော်ပြလျက်ရှိရာ ဦးအောင်သိန်းလင်းက ထိုဖော်ပြချက်များအတိုင်း အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်အပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် တရားဝင်ကြေညာသည်။

ဦးအောင်သိန်းလင်းက အမှန်တကယ် ပြောကြားခဲ့ခြင်းဖြစ်ပါက ၄င်း၏ ပုဂ္ဂလိကပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများမဟုတ်ကြောင်းလည်း ကြေညာချက်တွင်ပါရှိသည်။

ကြေညာချက်အပြည့်အစုံမှာ-

(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက်များအား Internet စာမျက်နှာများပေါ်တွင် လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင်လည်းကောင်း ဖော်ပြလျက်ရှိနေကြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါသည်။

(၂) အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများ ဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

(၃) ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။



By 7Days News Journal

No comments:

Post a Comment