Friday 5 July 2013

လပတ်စာမေးပွဲ မဖြေနိုင်၍ ဆယ်တန်းကျောင်းသား ပိုးသတ်ဆေးသောက်သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာတွင် ဇူလိုင် လ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး လပတ်စာမေးပွဲ မဖြေဆိုနိုင်၍ ပိုးသတ်
ဆေးသောက်ပြီး သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ ကျောင်းသားသည် ဖြူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် ပညာသင်ကြားနေသူ ဖြစ်ပြီး ၎င်းအိမ်၏ ဘုရားစင်ရှေ့တွင် ပိုးသတ်ဆေးတစ်မျိုး (အမည်မသိ) ကိုသောက်၍ ပါးစပ်မှ ပိုးသတ်ဆေးနံ့များထွက်ကာ လူးလိမ့်နေသဖြင့် မိခင်နှင့် ကျေးရွာသားများက ဖြူးဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။ “သား လပတ်စာမေးပွဲ မဖြေနိုင်လို့ အဆိပ်သောက်တယ်။ သားကို ခွင့်လွှတ်ပါလို့လည်း ပြောသွားတယ်” ဟု သေဆုံးသူ၏မိခင် ဒေါ်ခင်လှက ရှင်းပြသည်။ အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၇/၂၀၁၃ ဖြင့်အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ တောင်ငူခရိုင်အတွင်း လူသေဆုံးမှုပေါင်း ၇၄ မှု ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment