Monday 15 October 2012

OIC နှင့် ပတ်သက်သည့် အကြောင်းအရာအား ယနေ့တွင် ဆန္ဒထုတ်ဖော်တော့မည် မဟုတ်


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ယနေ့တွင် ဆန္ဒဖော်ထုတ်တော့မည်မဟုတ်ကြောင်း
ဆန္ဒဖော်ထုတ်မည့်လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော်အရှင်ဦးခေမာစာရထံမှ သိရှိရသည်။          
သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း  ဆရာတော်က မိန့်ကြားပါသည်။

အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ထားခြင်းအား ခွင့်ပြုမထားဘဲ လက်ရှိလာရောက်ဖွင့်လှစ်မည့် ယာယီဆက်ဆံရေးရုံး(OIC ရုံးမဟုတ် ပါ) ကိုပင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) က သူ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။

''သမ္မတနဲ့ အစိုးရအဖွဲ့က အခုလိုတုန့်ပြန်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မန္တလေးကကျောင်းအပါအ၀င် အခြားမြို့တွေကကျောင်းတိုက်တွေကို OIC နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မတောင်းဆိုဖို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အစိုးရကပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုရင် ပြည်သူကလည်း အစိုးရကို အသိအမှတ်ပြုမှာပါ။ ရှေ့ဆက်ပြီး ပြည်သူရဲ့ဆန္ဒကို ဦးစားပေးတဲ့အစိုးရအဖြစ် ရပ်တည်သွားပြီး ဒီမိုကရေစီရေး ပိုမိုပီပြင်အောင် ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်'' မိန့်ကြားပါသည်။            

မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့်မပြုရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့များတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

By Eleven Media Group

No comments:

Post a Comment