Wednesday 10 October 2012

ကွန်တိန်နာအတွင်းလက်နက်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှတွေ့ရှိခဲ့


ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများတွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊ စုံစမ်းစစ် ဆေးမှုအစီရင်ခံစာအား အောက်တိုဘာလ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့ပါသည်။

"ကွန်တိန်နာကို ဆိပ်ကမ်းမှာလုံခြုံရေးအရစစ်ဆေးခဲ့တာ အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနဆိုင်ရာတွေမပါဘူးဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။ တွေ့ရှိချက်အတိုင်း အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်" ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်း၊ MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင်ရောက်ရှိပြီး၊ ၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်းစတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ ၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ ရက်တွင် ကွန်တိန်နာ ၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှတင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ (BLZU -2118418) အား ဖွင့်ဖောက်ရာ ဂျုံစေ့များထဲမှ အိတ်တအိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ကျည်ကဒ် ၂ခု တို့အား တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတားကုမ္ပလီမီတက်မှ အထွေထွေမန်နေဂျာ ဒေါ်ချောကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ သွားရောက်သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

By Eleven Media Group

Photo - Aye Chan Mon

No comments:

Post a Comment