Saturday 6 October 2012

ကိုယ်ဝန်ဆောင်တွေ ပိုသတိထားသင့်တဲ့ ငှက်ဖျားရောဂါ


ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငှက်ဖျားပိုးရှိပါက လျင်မြန်စွာဆေးကုသမူ မခံယူမိပါက ရင်သွေး မွေးဖွားလာသည့်အခါတွင် ကလေးငယ်၌ ဦးနှောက်မှတ်ဥာဏ်ထိခိုက်မှု၊ ကိုယ်အဂါင်္မသန်စွမ်းမှုများနှင့်
အသက်ဆုံးရှုံးရသည်အထိဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။

“ငှက်ဖျားရောဂါက ကိုယ်ဝန်သည်တွေဖြစ်ရင် ပိုသတိထားရမယ်။ ဘာလို့လဲဆို မိခင်မှာ ငှက်ဖျား ပိုးရှိနေရင် ရင်သွေးကို ကူးစက်ပြီး လမစေ့မွေးတာတို့၊ မသန်စွမ်းတာတို့၊ ဦးနှောက်မှတ်ဥာဏ်တွေ မကောင်းတာတို့ ပါလာတတ်တယ် ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဆရာဝန်တစ်ဦးက ပြောသည်။


ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ခြင်အန္တရယ်ကို အထူးဂရုပြုသင့်ပြီး ခြင်ပေါက်ဖွားနူန်းများပြားသော ပတ်ဝန်းကျင်တွင်နေထိုင် ရပါက အင်္ကျီလက်ရှည်များ ၀တ်ဆင်ခြင်း၊ ဆေးရည်စိမ်ခြင်ထောင်များ၊ ပတ်ဝန်းကျင် လေထုသန့်ရှင်းမှုများ ပြုလုပ်ရန် များစွာလိုအပ်လျှက်ရှိကြောင်း ဆရာဝန်တို့ကဆိုသည်။

ငှက်ဖျားပိုးသည် သွေးထဲမှတဆင့် ဦးနှောက်ထဲသို့ ရောက်ရှိသွားပါက သတိလစ်ခြင်း၊ဇာတ်ခိုင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ ဆီးမဲများသွားခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ထိုမှတဆင့် ဗိုက်ထဲမှအကြိတ် အလုံးကြီးလာ ပေါက်ထွက်ပါက နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် ကြောင်း သိရှိရသည်။

“သာမာန်ငှက်ဖျားရောဂါ ဖြစ်တယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပေမယ့် အဖျား(၁၀၅)ဖြစ်မယ်။ဇက်ခိုင်၊ သတိလစ်တာတွေ    ဖြစ်ရင်တော့ အဲ့ဒီနောက်ဆက်တွဲတွေကြောင့် သေနိုင်လို့ ဆေးရုံ တင်ပေးရမယ်။ ဆေးမြီးတိုနဲ့ကုပြီး ပေါ့ပေါ့နေလို့မရဘူး ” ဟု အလုံမြို့နယ်၊ ၀င်းဆေးခန်းမှ ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။  

ထိုရောဂါပိုးအား အနောဖလိဟုခေါ်သည့် တောခြင်များကြောင့် ဖြစ်ပွားရသော ရောဂါတစ်မျိုးဖြစ်ပြီး စီးနေသောရေများ၊ ချုံများ၊ စမ်းရေများတွင် နှစ်ပေါင်းထောင်ချီအောင်ပေါက်ဖွားလေ့ရှိသော ခြင်မျိုး ဖြစ်ကာ အနောဖလိခြင်ပေါင်းရာချီရှိပြီး အကိုက်ခံရသူမှတဆင့် အခြားသူများထံ(၁၀)မိုင်ထိ ငှက်ဖျား ရောဂါပိုး ကူးစက်နိုင်ကြောင်းကိုလည်း သိရှိရသည်။

ကမ္ဘာပေါ်တွင်  လက်ရှိအချိန်ထိ ငှက်ဖျားရောဂါ (၄)မျိုးရှိပြီး ၄င်းတို့ထဲမှ (၃)မျိုးသည် မြန်မာနိုင်ငံတွင် အဖြစ်များကာ အာတီမစ်ဆစ်နင်(Artemisinin) ဆေးအားရောဂါကာကွယ်အဖြစ် အသုံးပြုနေသော် လည်း အကျိုးသက်ရောက်မရှိခြင်းကြောင့် ထိုးဆေး၊ သောက်ဆေးပေါင်းစပ်ကာ ပေါင်းဆေးအဖြစ် ပြောင်းလဲ (တိုက်ကျွေး) အသုံးပြုလာသည်။

 ၂၀၁၁ခုနှစ်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါခံစားရသူဦးရေ(လေးသိန်း ၂သောင်း တစ်ထောင်) ရှိသည့် အနက်မှ (၅၆၄)ဦး သေဆုံးခဲ့ပြီး သက်ကြီးရွယ်အိုများ၊ ၅နှစ်အောက်ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတင်းထုတ် ပြန်ထား သည်။

By MyitMakha Media Group

No comments:

Post a Comment