Saturday 1 September 2012

ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း


ရန်ကုန်၊ သြဂုတ် ၂၉

သြစတြေးလျနိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံထုတ်ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော
Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြုထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံထားကြောင်း စက်မှုဝန်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က ပြောကြားသည်။

အဆုတ်ကင်ဆာ ရောဂါ ဖြစ်စေနိုင် သော Asbestos ဖိုင်ဘာဓာတ်များကို မော်ဒယ် အမြင့် ချယ်ရီကားများ တွင်သာ ပါပြီး မြန်မာနိုင်ငံသို့ သွင်းထားသော ချယ်ရီကားများမှာ မော်ဒယ် အနိမ့်ကား များသာဖြစ်သဖြင့် အဆုတ် ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ မပါဝင်နိုင်ကြောင်း ၎င်းင်းက The Voice Weekly သို့ပြောကြားသည်။

“မြန်မာနိုင်ငံကို သွင်းထားတဲ့ ချယ်ရီကားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း သုံးထားလား၊ မသုံးထားလား ဆိုတာ သိရဖို့အတွက် တရုတ်က ကားထုတ်တဲ့ ကုမ္ပဏီကို ဓာတ်ခွဲ စမ်းသပ် ခိုင်းထားတယ်။ အဖြေ ရရင် တရားဝင် ထုတ်ပြန်သွားမယ်”ဟု ဦးသွင်မြင့်မောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ချယ်ရီကားများ အစီးရေ ၂၀၀၀ ကျော် သွင်းထားပြီ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနထံမှ သိရှိ ရသည်။

ချယ်ရီ (Chery) ကားအပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ် ကင်ဆာဖြစ်စေသော Asbestos ဖိုင်ဘာ ဓာတ်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့ရှိရခြင်းကြောင့် သြစတြေးလျ နိုင်ငံတွင် ကားစီးရေ ၂၃ç၀၀၀ ကိုပြန် လည် သိမ်းယူလျက် ရှိကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများသည် အဆုတ်ကင်ဆာ ဖြစ်စေသောကြောင့် နိုင်ငံပေါင်း ၅၀ ကျော် က သုံးစွဲခွင့် ပိတ်ပင်ထားသောပစ္စည်း များဖြစ်သည်။

တရုတ်နိုင်ငံထုတ် (Chery) ချယ်ရီကားများထဲမှ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါနှင့် အဆုတ်ကင် ဆာဖြစ်ပွားစေသော Asbestos ဖိုင်ဘာ ဓာတ်ပစ္စည်းပါဝင်သည့် ကားအမျိုး အစားများမှာ J3 နှင့် T11 ကားအမျိုး အစားများဖြစ်သည်။
အန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်း များပါဝင်ခြင်းကြောင့် ပြန်သိမ်းယူသည့် တရုတ်နိုင်ငံထုတ် ကားများတွင် (Chery) ချယ်ရီ အမှတ်တံဆိပ် ကားများ သာမက Great Wall အမှတ်တံဆိပ် ကားများလည်း ပါဝင်သည်။ စင်ကာပူနိုင်ငံတွင် အဆုတ် ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ဖစ်စေနိုင်သော Asbestos ဓာတ်ပစ္စည်းကို အဆောက်အအုံသုံး ပစ္စည်း များ၌ အသုံးမပြုရန် ၁၉၈၉ ခုနှစ် ကစ၍ တားမြစ်ထားခဲ့ပြီး ကားများတွင် အသုံး မပြုရန်ကိုမူ ၂၀၀၄ ခုနှစ်က စ၍ တားမြစ် ထားခဲ့သည်။

By The Voice Weekly

2 comments:

  1. ကဲ မြန်မာတာဝန်ရှိသူကြီးတို့ ရေ .... ကျနော်တို့ ဘာတွေလိုအပ်သလဲ
    ဆိုတာ ဒီတစ်ခုအပါအ၀င် သိလာရပြန်ပြီပေါ့ ။ တိုင်ပြည်အုပ်ချုပ်မင်းလုပ်
    သူသည် ပြည်သူပြည်သားများအပေါ် အဲဒီလို ကာကွယ် စောင့်ရှောက်
    အုပ်ချုပ်ရတယ်ဆိုတာ သိရပြန်ရော .... အဲဒါကြောင့်လစာ တိုးပါ တာဝန်
    ကို ကြီးမားစွာပေးပါ။ ဘဂျက် ဘယ်ဌာနကလိုတယ်ဆိုတာ သိပြီပေါ့....
    ဘဂျက်ခွဲသူ တာဝန်ရှိသူကြီး ပေါ့လို့ မရဘူးနော်.... ဆေးသူတေသနကို
    အားကိုးရတော့ မယ်.....

    ReplyDelete
  2. ပထမ ဆုံး အဲဒီကားတန်ဘိုးအစစ်အမှန်က တရုတ်ဈေး ကဘယ်လောက်ပါလဲ?ပြီးတော့ အခွန်နဲ့အမြတ်တင်ရောင်းတဲ့တန်ဘိုးဘယ်လောက်ပါလဲ?တကယ်လို့ကားတွေပြန်သိမ်းမယ်ဆိုရင်တောင် ဘယ်သူ၊(တာဝန်ရှိသူ)ကဲပန်ဆောင်ရွက်ပေးမှာပါလဲ?တရုတ်ဆိုတာသူတို့ရင်သွေးတောင်ဖျက်ဆီးတဲ့ကောင်တွေပဲ၊ဲမြန်မာမီနီရေ အမျှသာဝေလိုက်ပါ။

    ReplyDelete