Wednesday 25 July 2012

လစာတိုးမြင့်၍ အမျိုးသားကျောင်းဆရာ များလာရန် မျှော်လင့်

ပညာရေးဝန်ကြီးဌာနမှ အဆင့်အလိုက် ချီးမြှင့်လစာတိုးမြှင့်မှုကြောင့် ကျောင်းဆရာ အလုပ်အကိုင်အား အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အနေဖြင့် အမျိုးသားအများစု ရွေးချယ်လာနိုင်သည်ဟု ပညာရေးလောက အသိုင်းအဝိုင်းထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ပညာရေးလောကအတွင်း အမျိုးသားဆရာဦးရေ နည်းပါးနေမှုအား တိုးမြှင့်သွားခြင်းကို ယခုဆောင်ရွက် မည့် အစီအစဉ် များက တွန်းအားပေးမှုတစ်ရပ် ဖြစ်လာမည်ဟု ပြောသည်။
အခြေခံပညာ အငြိမ်းစား ကျောင်းဆရာတစ်ဦးက အခြေခံပညာရေးလောက အတွင်း ဆရာပါဝင်မှု အချိုးအစား တဖြည်းဖြည်း နည်းပါးလာနေရာ ပထမ အကြိမ် ကျင်းပပြီးခဲ့သည့် အစည်းအဝေးများအတွင်း အကျယ်တဝင့်မေးမြန်း ထောက်ပြမှုများရှိခဲ့ကြကြောင်း၊ ထို အချက်များအတွက် အကောင်အ ထည်ဖော်မှုအနေဖြင့် ဆောင်ရွက် ခြင်းဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။
''ဝါသနာပါပါတယ်။ စေတနာ ရှိပါတယ်။ တစ်ဦးထဲဆို အကြောင်း မဟုတ်ပေ မဲ့၊ မိသားစုနဲ့ဆိုရင် စား ဝတ်နေရေးကိစ္စမှာ စကားပြောလာ မှာဖြစ်တဲ့အတွက် လုပ်ကိုင်ချင် သော်လည်းပဲ ကျောခိုင်းသွားခဲ့ရသူ တွေရှိခဲ့ရသလို၊ အခုလည်း တွေ့ နေရပါတယ်။ ဒါက လုပ်ခလစာ တွေကြောင့်ဖြစ်ရတာပါ''ဟု ၄င်းက ဆက်ပြောသည်။
ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ယခင်ကထက် အမျိုးသားဆရာ ပိုဝင်လာမည်ဟု မျှော်မှန်းထားပြီး ယခင်ဆရာအလုပ် အတွက် ငါးဦး လျှောက်ထားနေရာ မှ ယခု ၁ဝဦးလျှောက်နိုင်ခြေရှိသည်ဟု သုံးသပ်သည်။
''အရင်ကထက်ပိုပြီး စွမ်းရည် ရှိတဲ့သူတွေကို ရွေးချယ်လာနိုင် တော့မှာပေါ့'' ဟု ၄င်းက ပြောသည်။
ကျောင်းဆရာ အလုပ်အကိုင်အတွက် ခွဲတမ်းကို ၃ဝ ရာခိုင်နှုန်း ပေးထားသော် လည်း အများဆုံး ဝင်လာမှုမှာ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း၊ ကျောင်း ဆရာ အလုပ အတွက် စိတ်ဝင်စားလျှောက်ထားသူ ဦးရေများလာပါက လက်ခံသွားမည့် ရာခိုင်နှုန်းအား တစ်ဆင့်ချင်း အလိုက်တိုးမြှင့်ပေးသွားရန် ရှိသည်ဟု ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ထပ်မံပြော သည်။
နိုင်ငံတကာ ပညာရေး အတိုင် ပင်ခံတစ်ဦးက''မြန်မာမှ မဟုတ်ပါဘူး။ ကမ္ဘာ မှာကို ကျောင်းဆရာလုပ်တဲ့သူကိုရှားနေတာ။ ဒါကို အရေးပေါ်အခြေ အနေမျိုးနဲ့တောင် နိုင်ငံကြီးတွေ လုပ်လာနေပြီ။ အခွင့် အရေးတွေ ပိုပေးတယ်။ ချီးမြှင့် ထောက်ပံ့မှုတွေဆောင်ရွက်ပေးတယ်။ ဒါဟာ အမျိုးသားကျောင်းဆရာကို လိုချင်နေကြလို့ပဲ''ဟု ပြောသည်။
ယနေ့နိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် ဆရာမဦးရေမှာ ၈ဝ ရာခိုင်နှုန်း ထက် ကျော်လွန်နေပြီး ကလေးအများစုမှာ ဆရာမများ၏ စောင့်ရှောက်မှုဖြင့် သာအတန်းစဉ်ကို ကျော်ဖြတ်နေကြရသည်။
အသက်၅ဝကျော်ရှိ ကျောင်းဆရာတစ်ဦးက''ဆရာမတွေ မလုပ် နိုင်တာ မျိုးတွေကို ဆရာတွေက ရှေ့ကနေ ရဲရဲဝံ့ဝံ့လုပ်နိုင်ကြတာမျိုးတွေ ရှိပါတယ်။ ဥပမာ အရေးပေါ် အခြေအနေ ကြုံလာခဲ့ရင် အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့ ရလို့ရှိရင် ရှေ့ကနေမားမားမတ်မတ်ရပ်တည် ပေးနိုင်ပါတယ်။ ဥပမာ ရွာတွေ မှာ ကျောင်းကိုကူးတဲ့ တံတားလေးပျက်ခဲ့ရင်၊ ကျောင်းကိုမိုးထားတဲ့ အမိုးလွင့် ထွက်သွားရင် ဆရာမက ချက်ချင်း ဆောင်ရွက်ဖို့ မလွယ်ဘူးလေ။ ဒါက အသေးအဖွဲ ကိစ္စတွေကိုပဲ ပြောတာ။ ဒီထက်ကြီးကျယ်တာမျိုးတွေလည်း ရှိနိုင်တာပဲ''ဟု ၄င်းက သူ့အမြင်ကို ပြောသည်။
ဗြိတိန်ပညာရေးစစ်တမ်း တစ်စောင်၏ ထုတ်ပြန်ကြေညာမှုတွင် ပညာရေး ကျောင်းဆရာတို့ အား အခွင့်အရေးပေးခြင်းများဖြင့် စည်းရုံးမှုများကြောင့် လွန်ခဲ့သည့် လေးနှစ်ကထက် ဆရာပါဝင်မှု ဦးရေ ထက်ဝက်မြင့်တက်ခဲ့ရ သည်ဟု CNN သတင်းဌာနက သိရသည်။



By AF Ijournal

No comments:

Post a Comment