Wednesday 25 July 2012

မြန်မာဆရာတော် ကျောင်းထိုင်ရေး ထိုင်းဝန်ကြီးချုပ် ကတိပေး

သမတ ဦးသိန်းစိန် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချူပ် မစ္စစ် ရင့်လတ် ရှီနာဝပ် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတော်ကို
ကျောင်းထိုင်ဆရာတော်အဖြစ် သတင်းသုံးစေဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေးပြောဆိုခဲ့ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချူပ် ကတိပေးပြောဆိုခဲ့တဲ့အကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို ဒီကနေ့ မနက်ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာက သိရတာဖြစ်တယ်လို့ ၀ပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီး က အာအက်ဖ်အေ ကိုပြောပါတယ်။

"ဒီကိစ္စဟာ သမတကြီး ဦးသိန်းစိန် ဆီပြောတော့ ထိုင်းဝန်ကြီးချူပ် ယင်လတ်ကို သွားပြီးတော့ တင်ပြတာပေါ့နော်၊ မြန်မာ ၀ပ်ဆိုင်းမွန်းကျောင်း ကို မြန်မာကျောင်းထိုင်ဆရာတော် ဆက်လက်ထားခွင့်ပေးပါလို့ တောင်းဆို တယ်တဲ့၊ တင်ပြဆွေးနွေးတော့ ၀န်ကြီးချုပ် ကလည်း လုပ်ဆောင်ပေးပါ့မယ် ကတိပေးတယ်တဲ့၊ ကျမတို့ကနေ သံရုံးကို ဒီနေ့ပဲ ဖုန်းဆက်မေးရတယ် သံမှူး ဗိုလ်မှူး နိုင်ထွန်းပါ။"

ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တစ်သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ၀ပ်ဆိုင်းမွန်း ဆရာတော် ဦးသြသဘ ပျံလွန်တော်မူပြီးတဲ့နောက် ထိုင်းသံဃာ့မဟာနာယက အဖွဲ့က ဒီကျောင်းမှာ ထိုင်းဆရာတော်တစ်ပါး ကျောင်းထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မြန်မာဗုဒ္ဓ ဘာသာဝင်တွေက ယခင် အစဉ်လာအတိုင်း မြန်မာဆရာတော်တွေပဲ အုပ်ချုပ် ကိုးကွယ်ခွင့်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီနောက် ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံအမတ်ကြီး ဦးတင်ဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဇင်းမယ်မြို့က မြန်မာဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး
မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်နိုင်ရေးအတွက်
မြန်မာဘုန်းတော်ကြီးကျောင်းမှာ သတင်းသုံးနေကြတဲ့ မြန်မာ
သံဃာတော်တွေ ၊ ၀ပ်ဆိုင်းမွန်း မြန်မာဗုဒ္ဓဘာသာ အသင်းဝင်တွေ၊ စေတနာ နာရေးကူညီမှုအသင်းကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် သမ္မတကြီးထံ စာရေးတင်ပြကာ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီးနောက်မှာ အခုလို မြန်မာ
ဆရာတော်တွေ သတင်းသုံးကျောင်းထိုင်ခွင့်ရတာဖြစ်ပါတယ်။



By RFA Burmese

No comments:

Post a Comment