Wednesday 3 July 2013

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်

thiridon-july3မင်းသမီး သီရိဒုံနှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တိုးအောင်)
ထိုင်းဘုရင့်သမီးတော် သီရိဒုံသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂ ရက်တွင် အလည်အပတ်ခရီး လာရောက်ခဲ့သည်။

ထိုင်းဘုရင့်သမီးတော် သီရိဒုံသည် ဇူလိုင် ၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နံနက် ၈ နာရီတွင် အမျိုးသား ပြတိုက်သို့ လည်းကောင်း၊ နံနက် ၁၀ နာရီတွင် အ.ထ.က ၂ ဒဂုံအထက်တန်းကျောင်းသို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကာ နံနက် ၁၁ နာရီခွဲတွင် ဦးမိုးမြင့် နေအိမ်သို့ ရောက်ရှိခဲ့သည်။
မင်းသမီး သီရိဒုံသည် ၄င်း၏ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းစစ်တက္ကသိုလ်မှ ကျောင်းသား ၅၀ နှင့်အတူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဦးမိုးမြင့်၏ နေအိမ်သို့ ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခွဲက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဦးမိုးမြင့်၏ လုပ်ငန်းများအား လေ့လာရန်နှင့် ခင်မင်ရင်းနှီးမှုဖြင့် အလည်အပတ်သဘော လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်၏ မိသားစုဝင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ နေ့လယ်စာ အတူစားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဦးမိုးမြင့်၊ ဦးမိုးမြင့်၏ သားများဖြစ်သည့် ဦးစည်သူမိုးမြင့်နှင့် ဦးဖုန်းကျော်မိုးမြင့်တို့က ၎င်းတို့၏ လုပ်ငန်းများနှင့် ပတ်သက်၍ မင်းသမီး သီရိဒုံနှင့် ထိုင်းစစ်တက္ကသိုလ်မှ ကျောင်းသားများအား ရှင်းလင်းပြောကြား ခဲ့ကြပါသည်။
ယင်းနောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အဆိုပါနေအိမ်မှ မင်းသမီး သီရိဒုံ ထွက်ခွာခဲ့သည်။
မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်နေအိမ်သို့ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက ပထမအကြိမ် လာရောက်ခဲ့ဘူးပြီး ဦးမိုးမြင့်၏ စာကြည့်တိုက်မှ စာအုပ်များ လှူဒါန်းခြင်းနှင့် ပတ်သက်၍ လာရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ယခုအကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်နေအိမ်မှတစ်ဆင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) သို့ ပထမဦးဆုံးအကြိမ် သွားရောက်လေ့လာခဲ့သည်။
အဆိုပါ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ထိုင်းဘာသာ ဌာနမှူးက ထိုင်းဘာသာ ဌာနအကြောင်း ရှင်းပြခြင်း၊ ထိုင်းဘုရင့် သမီးတော်မှ ထိုင်းဘာသာ သင်ကြားနေသည့် သင်တန်းများနှင့် အခြားဘာသာစကား သင်တန်းများအား လေ့လာခြင်း၊ လက်တွေ့ခန်းများနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် စာကြည့်တိုက်အား လေ့လာခဲ့ကြောင်း သိရသည်။
"ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကို ဒီလိုထိုင်းဘုရင့် သမီးတော် လာရောက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ (UFL) မှာ ထိုင်းဘာသာ သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလာပြီး ကြည့်ရှုအားပေးတာပါ၊ ထိုင်းဘုရင့် တပ်မတော်ရဲ့ ဗိုလ်လောင်းတွေလည်း ပါပါတယ်၊ (UFL) ကို လာပြီးတော့ လေ့လာတာ ဖြစ်ပါတယ်၊ ပညာရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ လုပ်သွားတာတော့ မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ အလည်အပတ် လာရောက်လေ့လာ ခဲ့တာပါ" ဟု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) ပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက ဆိုသည်။
ထိုသို့ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံမှ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ လာရောက်ခဲ့စဉ် ထိုင်းဘာသာ သင်ကြားနေသည့် ကျောင်းသူများမှ ထိုင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ထိုင်းဘုရင့် သမီးတော်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
မင်းသမီး သီရိဒုံသည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ထွက်ခွာခဲ့ပြီးနောက် မူးယစ်ဆေးဝါးပြတိုက်၊ ထိုင်းနိုင်ငံ သံရုံးနှင့် ရွှေတိဂုံ စေတီတော်တို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ သီရိဒုံသည် ရွှေတိဂုံ စေတီတော်အား ဖူးမြော်ပြီးနောက် ဇူလိုင် ၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment