Wednesday 10 July 2013

အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) အပါအ၀င် ဥပဒေပါ ပြစ်ဒဏ်များအား လျှော့ချမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

kyawkyawhtun-july10
အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ၅ (ည)အပါအ၀င် အဆိုပါဥပဒေပါ ပြစ်ဒဏ်များအား လျှော့ချမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော်၌ ဖြေကြားစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

ဇူလိုင် ၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က အရေးပေါ် စီမံမှုဥပဒေတွင် ပြစ်ဒဏ်များတိုးထားခြင်း (ဥပမာ ပုဒ်မ ၁၀/(က)(ခ)၊ပုဒ်မ ၅ (ည)စသည်)အား ပြန်လည်လျှော့ပေါ့ရန်နှင့် အလစ်သုတ်၊ ဆူညံရန်ဖြစ်၊ ခါးပိုက်နှိုက် နှိမ်နင်းရေးများ၊ ၀ိသမလောဘ စီးပွားရေးသမားများကို နှိမ်နင်းမှုများ၌ သုံးစွဲနေခြင်းအား ဖယ်ရှားရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။
ဦးကြည်မြင့်က "မေးမြန်းရတဲ့ အကြောင်းအရင်းက မြန်မာတစ်နိုင်ငံလုံးမှာပင် ဖြစ်စေ၊ တစ်နိုင်ငံလုံးရဲ့ တစ်နေရာမှာ တစ်ကြိမ်တစ်ခါက တစ်ထောင့်တစ်နေရာပဲ ဖြစ်စေ၊ အများပြည်သူ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့ အနေအထားကို ပျက်ယွင်းစေမယ့် အခြေအနေ ပေါ်ပေါက်လို့ရှိရင် ဒါကိုဟန့်တားဖို့ ငြိမ်သက်သွားအောင် တားဆီးစေဖို့ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒီတော့က ကျွန်တော့်အမြင်ကတော့ အများပြည်သူ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အနေအထားကို ပျက်ယွင်းစေမယ့် သူများကို တစ်ရက်၊ တစ်လ၊ သုံးလ၊ ခြောက်လခန့် ထိန်းသိမ်းထားမယ်ဆိုရင် ဒါဟာလုံလောက်ပြီလို့ ယူဆပါတယ်။ မူလ အင်္ဂလိပ်ခေတ်က ဒီဥပဒေကို ဘယ်လောက်ပြစ်ဒဏ် ပြဋ္ဌာန်းထားသလဲတော့ မသိပါဘူး။ သို့ပေမဲ့ ကြားတာကတော့ သခင်ပေါက်စ ထောင်ခြောက်လပါပဲ။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာကတော့ ပုဒ်မ ၅(ည)ဆိုရင် ခုနစ်နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်ကြုံလို့ ပြောရမယ်ဆိုရင်  ၁၉၉၃ သြဂုတ်လက ကျွန်တော်အဖမ်းခံ ရပါတယ်။ ကျွန်တော့်ကို ဖမ်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကျွန်တော့်ရဲ့ စာရေးစာပွဲမှာ ထောင်ထားတဲ့အတွက်ကြောင့် ကျွန်တော်ဟာ တိုင်းပြည်အတွင်းမှာ မငြိမ်မသက် ဆူပူလှုပ်ရှားဖြစ်အောင် လှုံ့ဆော်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ စီရင်ချက်နဲ့ မြောက်ပိုင်းခရိုင် အင်းစိန်အထူးတရားရုံးကနေ ပြစ်ဒဏ်ခုနစ်နှစ် ချမှတ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ပြန်လည် လျှော့ပေါ့ပေးဖို့ ရှိ၊ မရှိ မေးမြန်းလိုပါတယ်" ဟု ပြောကြားသည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက "နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်သုံးဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း၊ ၁၉၉၁ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၁၁/၉၁)ဖြင့် တစ်ကြိမ်ပြင်ဆင်ခဲ့ကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ပုဒ်မ ၁၀(က)နှင့် (ခ)ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း မပြုခဲ့ကြောင်း၊ ထို့အတွက် ပုဒ်မ ၁၀ (ဃ)နှင့် (ခ)ပါ ပြစ်ဒဏ်များအား ပြန်လည်လျှော့ပေါ့ရန် အစီအစဉ် မရှိကြောင်း ဖြေကြားသည်။  

ဆက်လက်၍ အရေးပေါ်စီမံမှု အက်ဥပဒေကို ၁၉၅၀ ပြည့်နှစ် အက်ဥပဒေအမှတ် ၁၇ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ ဥပဒေပါပုဒ်မ ၉ (ည)မှာ ပြည်ထောင်စု၏ လုံခြုံရေးကိုသော် လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကိုသော် လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင့်တရားကို ဖြစ်စေ၊ အပြုအမူကို ဖြစ်စေ၊ ဖောက်လှဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသော အမှုကို ပြုလျှင် ခုနစ်နှစ်အထိ ထောင်ဒဏ်စီရင်ခြင်း ခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေတို့သည် နိုင်ငံတော် လုံခြုံရေးနှင့် လူမှုဘ၀ လုံခြုံရေးကို ကာကွယ်ပေးထားသည့် ဥပဒေများဖြစ်ပြီး စတင်ပြဋ္ဌာန်းစဉ်ကပင် ထိရောက်ဟန့်တားနိုင်လောက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းပြီးဖြစ်၍ ထပ်မံတိုးမြှင့်ခြင်း သို့မဟုတ် ထပ်မံလျှော့ပေါ့ခြင်း ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ၎င်းကဖြေကြားသည်။

Eleven Media Group ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment