နေပြည်တော် အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ဧပြီလ ၃ရက် ညပိုင်းကတစ်ကြိမ်၊ဧပြီ ၄ရက်နေ့ နံနက်တွင်တစ်ကြိမ်၊ ဧပြီ ၄ရက်နေ့ ညပိုင်းတွင်တစ်ကြိမ် စုစုပေါင်း ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီလ (၄)ရက်ည ၉နာရီ ၄၅မိနစ်ဝန်းကျင်က နေပြည်တော်၏ အနောက်တောင်ဘက် မိုင်(၄၀)ခန့်အကွာ၊ မန္တလေးမြေငလျင် စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၁၈၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းမြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ပေါင်းတည်မြို့နယ် ဒေသခံတစ်ဦးက “ ငလျင်လှုပ်တယ်ဆိုတာကိုတော့ ခံစားရပါတယ်။ခဏလေးပါ။ ငလျင်ကြောင့် အပျက်အစီးမရှိပါဘူး”ဟု Eleven Media Group သို့ ပြောကြားခဲ့သည်။
ဧပြီလ ၃ ရက်၊မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅ မိနစ် ၄၈ စက္ကန့် အချိန်ကလည်း မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၄၉ မိုင်ခန့် အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒဿမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို ပြည်၊အောင်လံ၊သရက်၊နေပြည်တော်၊ ပျဉ်မနားနှင့် အနီးတဝိုက်ဒေသများတွင် သိသိသာသာ ခံစားခဲ့ရကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု၊ဒဏ်ရာရသေဆုံးမှု မရှိကြောင်း သိရသည်။
ဧပြီလ (၄)ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်အကွာကို ဗဟိုပြု- အင်အားရစ်ခ်ျတာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
By Eleven Media Group
No comments:
Post a Comment