Friday 29 March 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းရေးကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ပြောကြား


မတ် ၂၀ ရက်မှ ၂၃ ရက် အထိ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး
ကော်မရှင် ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက မတ် ၂၉ ရက် ညနေက Eleven Media Group သို့ ပြောသည်။
ယင်းကဲ့သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့်အပြင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ ၁၃ ဦးနှင့် ဆက်စပ် ကျူးလွန်သူများကိုလည်း လိုက်လံ ဖမ်းဆီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုက ပြီးခါနီးပါပြီ။ သိပ်မကြာခင်မှာ ၀န်ကြီးချုပ်ကို တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်ရမယ့် အပိုင်းတွေကို အမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်။ ဒါ့အပြင် ဒီဖြစ်စဉ်မှာ အဓိက ကျူးလွန်တဲ့ ၁၃ ဦးကတစ်ဆင့် ကွင်းဆက် ကျူးလွန်သူများကို မှားမဖမ်းမိအောင် တိတိကျကျ စုံစမ်းပြီး ဖော်ထုတ် ဖမ်းဆီးနေပါတယ်” ဟု ပြောသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်ကြောင့် မတ် ၂၉ ရက် ညနေပိုင်းအထိ သေဆုံး သူ ၄၃ ဦးအနက်မှ ၄ ဦးသာ မည်သူမည်ဝါ ဖြစ်ကြောင်း စစ် ဆေးသိရှိရပြီး မိသားစုနှင့် တိုက်ရိုက်ချိတ်ဆက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ နှင့် အရေးပေါ် အခြေအနေများနှင့် ဆက်စပ်၍လည်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ထုတ်ပြန်ထားတဲ့ ပုဒ်မတွေနဲ့ အရေးပေါ် အခြေအနေကို တည်ငြိမ်အေးချမ်းမှုနဲ့ ရလဒ်တွေပေါ် မူတည်ပြီး အထက်အဆင့် အမိန့်နဲ့ ပြန်လည် ရုပ်သိမ်းသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

By Eleven Media Group

No comments:

Post a Comment