Wednesday 15 August 2012

ထိုင်းနိုင်ငံရောက် မြန်မာတွေရဲ့ ဘဝ


ဇွန်လ ၂ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)


ကမ္ဘာမှာမြန်မာဟေ့” လို့မကြွေးကြော်နိုင်ခဲ့တာ
ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အထူးသဖြင့် ၁၉၉၀ ခုနောက်ပိုင်း နှစ်တွေမှာ “ကျွန်မျိုးဟေ့ဒို့မြန်မာ” လို့ ဆိုရမလိုတောင်ဖြစ်လာပါတယ်။

မြန်မာပြည်မှာစီးပွားရေး ချွတ်ခြုံကြမှူ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဘွဲ့ရတွေရော၊ ဘွဲ့ မရတွေရော၊ လူကြီးတွေရော၊လူငယ်တွေရော နိုင်ငံခြား တိုင်းပြည်တွေကိုထွက်ပြီး ရရာအလုပ်တွေ လုပ်နေကြရတာအားလုံးအသိပါ။ နိုင်ငံခြားတိုင်းပြည်မှာ “မြန်မာဟေ့” လို့ ဆိုလိုက်တာနဲ့ အလုပ်ကြမ်းသမား၊ စားပွဲထိုး၊ အိမ်ဖော် လို့ ထင်လိုက်ကြတော့တာပဲ။

ထိုင်းနိုင်ငံကကျွန်မရဲ့အတေ့အွ ကြုံလေးတွေမျှဝေခံစားချင်ပါတယ်။

ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမား၂ သန်းကျော်ရှိမယ်လို့ခန့်မှန်းကြပါတယ်။ ၂၀၁၀ခုနှစ်နောက်ပိုင်းမှ ထိုင်းအစိုးရ ရဲ့ ရွှေ့ပြောင်းအလုပ်သမား ဥပဒေ တွေ တိုးတက်ပြောင်း လဲလာလို့ မြန်မာအလုပ်သမားတွေ ပတ်စပို့တို့၊ အလုပ်လုပ်ခွင့်လက်မှတ်တို့ ရရှိလာကြပါတယ်။ ဒါတောင် အလုပ်လုပ်ခွင့်လက်မှတ် မရှိတဲ့ သူတွေက ၅၀ ရာခိုင်နှုံး ကျော်မယ်လို့ ခန့်မှန်းကြတယ်။ အလုပ်လုပ်ခွင့်လက်မှတ် ရထားတဲ့ သူတွေကိုတော့ တရားဝင်အလုပ်သမားတွေလို့ သတ်မှတ်ပါတယ်။

ယေဘုယျအားဖြင့်ပြောရရင်တော့ ရွှေ့ပြောင်းအလုပ်သမား အားလုံးဟာ အလုပ်ကြမ်းသမားတွေပေါ့။ ထိုင်းလူမျိုးတွေ မလုပ်ချင်တဲ့အလုပ်တွေကို လုပ်ကြရတဲ့သူတွေပေါ့။ မြန်မာပညာတတ်၊ ကျွမ်းကျင်အလုပ်သမား (ဆရာဝန်၊အင်ဂျင်နီယာ၊ ဆရာ၊ဆရာမ……) တွေက ၆၀၀၀ ကျော်လောက် ရှိပါတယ်။ အလုပ်ကြမ်းသမားက အများစုဖြစ်နေတော့ ထိုင်းနိုင်ငံမှာ မြန်မာလို့ ဆိုလိုက်တာနဲ့ အလုပ်ကြမ်းသမား လို့ အထင်ခံရတာ မထူးဆန်းလှပါဘူး။

တစ်နေ့ ကျွန်မနဲ့ ဆရာမဒေါ်ခင်နှင်းလွင် ထိုင်းနိုင်ငံ ပရာချင်ဘူရီမြို့ မှာရှိတဲ့ ဆရာကြီးဦးဂိုအင်ဂါ တရားစခန်းမှာ ၁၀-ရက်စခန်းဝင်ဖို့ သွားကြတယ်။ ကျွန်မက ဒေါ်ခင်နှင်းလွင်ကိုပြောမိတယ်။
“တခြားနေရာတွေမှာ မြန်မာတွေမျက်နှာငယ်သလောက်၊ဒီတရားစခန်းမှာတော့ မျက်နှာပွင့်တယ်”လို့။

ဒီတရားထိုင်နည်းက လယ်တီဆရာတော်၊ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင် ဆရာကြီးဦးဂိုအင်ဂါ တို့ကတဆင့် လက်ဆင့်ကမ်းလာခဲ့တာဆိုတော့၊ ဒီတရားစခန်းမှာမြန်မာဆို လေးစားကြတယ်။ တရားစခန်းရောက်ရောက်ချင်းမှာဘဲ၊ထိုင်းအမျိုးသမီးကြီးတစ်ဦးက ကျွန်မကိုမြန်မာမှန်းသိတော့ အားရဝမ်းသာနဲ့ လာနှုတ်ဆက်တယ်။ တရားစခန်းက ဝစီပိတ် ဆိုတော့ စကားပြောလို့မရတော့ဘူး။ အဲတော့ ”နောက်ဆုံးနေ့မှ စကားလာပြောဦးမယ်” တဲ့။
ကျွန်မကချက်ချင်းဘဲ ဒေါ်ခင်နှင်းလွင် ကိုပြောမိတယ်။ “မမ တွေ့တယ်မဟုတ်လား၊ ဒီတစ်နေရာပဲ မြန်မာကို အရေးတယူ နှုတ်ဆက်တာ”

တရားစခန်းရဲ့စည်းကမ်းအရ နောက်ဆုံး၁၀-ရက်မြောက်တဲ့နေ့မှ ရောဂီတွေ စကားပြောခွင့် ရတယ်။ အဲဒီအမျိုးသမီးကြီးကျွန်မအခန်းထဲ ရောက်လာပါတယ်။ “ဘယ်ကလာပြီးတရားလာထိုင်တာလဲ၊ ဘယ်မှာအလုပ်လုပ်သလဲ” လို့မေးပါတယ်။
“ဘန်ကောက် ကလာတာပါ။ ………….တက္ကသိုလ်မှာအလုပ်လုပ်ပါတယ်” လို့ဖြေတော့
“ကျောင်းကတရားထိုင်ဖို့ခွင့်ပြုသလား” တဲ့
“အင်းလေ..ကျောင်းပိတ်ရက်မှာ ကိုယ်ဖာသာကိုယ် လာထိုင်တာပေါ့” လို့ ဆိုတော့ ကျွန်မအဖြေကိုသိပ်ပြီး လက်ခံချင်ပုံမရဘူး။

သူကဆက်မေးပြန်တယ် “လခဘယ်လောက်ရသလဲတဲ့”
ကျွန်မ စိတ်ထဲ နည်းနည်းတော့ ကသိကအောင့်ဖြစ်သွားတယ်။

ဘယ်နှယ်သူများလခကို စပ်စပ်စုစု သိချင်ရတယ်လို့။ ကျွန်မ သူ့ကိုဘာမှပြန်မဖြေဘဲ ကြောင်ပြီးကြည့်နေလိုက်တယ်။ သူကဆက်ပြီး “မင်းငါတို့ဆီမှာအလုပ်လုပ်မလား” တဲ့။
ပထမတော့ သူဘာဆိုလိုမှန်း ရုတ်တရက် သဘောမပေါက်လိုက်ဘူး။ ကျွန်မ ထိုင်းစကားကျွမ်းကျင်မှုက ခပ်ညံ့ညံ့ကိုး၊ “ဘာဆိုလိုတာလဲ” လို့ ထပ်မေးလိုက်တော့
“မင်းငါတို့ဆီမှာအလုပ်လုပ်ရင် လခကောင်းကောင်းပေးမယ်” တဲ့

ကျွန်မ ပါးစပ်အဟောင်းသားနဲ့ ဘာဆက်ပြောရမှန်းမသိအောင် မှင်သက်သွားတယ်။
အဲတော့မှ သဘောပေါက်တော့တယ်။ ကျွန်မကို …… တက္ကသိုလ်ကအလုပ်သမ လို့ ထင်နေတာကိုး။ ကျွန်မကတော့ တက္ကသိုလ်မှာအလုပ်လုပ်တယ်ဆိုကထဲက “ဆရာမ” လို့ သေချာပေါက် နားလည်မှာပဲလို့ ထင်မိတာကိုး။ အေးပေါ့လေ တက္ကသိုလ်မှာလည်း သန့်ရှင်းရေးအလုပ်သမတို့၊ စားပွဲထိုးတို့ အများကြီးရှိနိုင်တာဘဲလေ။ အဲဒီမိန်းမကြီးကို အပြစ် မတင်မိတော့ပါဘူး။ တရားစခန်းမို့လားမသိဘူး ဒေါသလည်းမထွက်မိဘဲ ရယ်ချင်လာတယ်။
ကိုယ်ကိုကိုယ်ဘဲ မှတ်ချက်ချမိပါတယ် ”အော် ..ငါနှယ်ဥပဓိရုပ်ကလည်း ညံ့လေခြင်း”လို့။

အစကတော့ ဒီမိန်းမကြီး ကျွန်မကို မြန်မာမိုလို့ တလေးတစား လာနှုတ်ဆက်တာလို့ အထင်ကြီးမိခဲ့တာ၊ ခုတော့ “တရားထိုင်တဲ့မိန်းကလေး ငါ့အိမ်မှာ အိမ်ဖော် အဖြစ် ခေါ်ခိုင်းရရင် စိတ်ချရမှာဘဲ”လို့ သူ့စိတ်ထဲ တွေးနေခဲ့တာဖြစ်မှာပေါ့။

“ကျွန်မက ဆရာမပါ” လို့ပြောတာတောင် မယုံချင်သလိုနဲ့ “ဒါဆိုရင်. မာစတာဘွဲ့ ရပြီး ပြီလား” လို့ ဆက်လာပြန်တယ်။

“သြစတေးလျ က Ph.D ရပြီးပါပြီ” လို့ မကြွားချင်ဘဲကြွား လိုက်ရင်း Name Card ပါ တစ်ခါထဲ ထုတ်ပေးလိုက်တော့မှ ဒီမိန်းမကြီး ပါးစပ်ပိတ်သွားတော့တယ်။

အဲဒီနောက်ပိုင်းမှာတော့ “ဘယ်မှာအလုပ် လုပ်လဲ” လို့ တစ်ယောက် ယောက်က မေးလာတဲ့အခါ “……. တက္ကသိုလ်မှာ” နဲ့တင် ရပ်မနေတော့ဘဲ “ဆရာမ” ဆိုတဲ့ ဂုဏ်ပုဒ် ကိုထည့်ဖြစ်အောင် ထည့်ပြော ရတော့တယ်။

ထိုင်းနိုင်ငံမှာ ပညာတတ်မြန်မာတွေ လည်းရှိပါသေးတယ်ဆိုတာ သဘောပေါက်စေချင်လို့ပါ။ ထိုင်းလူမျိုးတွေက တက္ကသိုလ်က ဆရာ၊ဆရာမတွေတော့ အထင်ကြီးလေးစားကြတယ်။

အဲတော့ ကျွန်မကို “ဘာလူမျိုးလဲ” လို့မေးလာရင် မြန်မာလို့ဖြေရမှာ မဝံ့မရဲဖြစ်လာတယ်။ ကိုယ့်လူမျိုးကိုယ်မချစ်လို့၊တန်ဖိုးမထားလို့တော့မဟုတ်ပါဘူး။ သူတို့အထင်သေးတာ မခံချင်တာရယ်၊ တချို့  လူတွေရဲ့ ရန်ရှာမှု၊နှောက်ရှက်မှု ကို ရှောင်ချင်တာရယ်ကြောင့်ပါ။

တစ်ခါက ကြားဖူးတဲ့ အဖြစ်အပျက်လေးတစ်ခု - မြန်မာအင်ဂျင်နီယာအမျိုးသားတစ်ဦး တက္ကစီငှားစီးတာ ဒရိုင်ဘာက “ဘာလူမျိုးလဲ” မေးတာ “မြန်မာ” ပါ လို့လည်း ဖြေရော ရဲစခန်း တန်းမောင်းပြီး၊ တရားမဝင်အလုပ်သမား ပါဆိုပြီး ရဲလက်သွားအပ်တယ်။ တကယ်တော့ဒီကိစ္စက ဒရိုင်ဘာနဲ့ ဘာမှမဆိုင်ဘူး။
သက်သက်ဂျောက်ချ၊ ညစ်ပတ်တဲ့စိတ်၊ အနိုင်ကျင့်ချင်တဲ့စိတ်။ ကံကောင်းလို့ အဲဒီအမျိုးသားဆီမှာ ပတ်စပို့ရော၊ဝန်ထမ်းကဒ်ရော အဆင်သင့်ရှိနေလို့တော်သေးတယ်။
မဟုတ်ရင် ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံရဖို့ စံမြန်းရမှာသေချာတယ်။

စဉ်းစားသာကြည့်ပေတော့၊ တရားမဝင်အလုပ်လုပ်နေတဲ့သူတွေဆို ပုလိပ်ရော၊ လ.ဝ.က ရော ဘယ်လောက်များ ချိမ်းခြောက်ငွေညှစ်ကြမယ် ဆိုတာ။၊

အဲဒီသတင်းကြားပြီးထဲက ကျွန်မတို့လည်း တက္ကစီ ဒရိုင်ဘာ က “ဘာလူမျိုးလဲ“ လို့မေးလာရင် မြန်မာလို့မဖြေတော့ဘဲ၊ “မှန်းကြည့်ပေါ့” ပြန်ပြောတဲ့အခါ “တရုတ်လား၊ စင်ကာပူလား၊ ဂျပန်လား….” တစ်ခုခုထပ်မေးလာရင်တော့ သူတို့ပြောတဲ့လူမျိုးကိုဘဲ လွယ်လွယ်ကူကူ “အင်း” လိုက်မိတော့တယ်။
“ငါမြန်မာပါ” လို့ ခေါင်းမော့ပြီး မပြောရဲ ၊ မပြောနိုင်တဲ့ အဖြစ်အတွက် ကိုယ့်ကိုကိုယ် လိပ်ပြာမလုံ သလို၊ သိမ်ငယ်သလို ခံစားရပါတယ်။

ဧွန်လ က ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် မှာကျင်းပတဲ့ Economic Forum ကို လာတက်ပြီးတဲ့ အခါမှာတော့ “မြန်မာ” ဆိုတာ မျက်နှာပွင့်လာပါတော့တယ်။
“မင်းတို့ခေါင်းဆောင်က သိပ်တော်တာဘဲ၊ ငါတို့အရမ်းလေးစားတာဘဲ၊ ဒီလိုခေါင်းဆောင်မျိုး ရထားတာ မင်းတို့ သိပ်ကံကောင်းတာဘဲ၊ ဂုဏ်ယူစရာသိပ်တောင်းတာဘဲ၊ စတဲ့ စတဲ့ ချီးမွမ်း စကားတွေနဲ့ အတူ ထိုင်းလူမျိုးတွေရဲ့ မြန်မာတွေအပေါ်ထားတဲ့ သဘောထားတွေပြောင်းလာတယ် လို့ ခံစားရပါတယ်။

ဥရောပခရီးစဉ်တလျှောက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ သမိုင်းဝင် ရဲရဲတောက် မိန့်ခွန်းတွေဟာ တစ်ကမ္ဘာလုံးက အထင်ကြီး လေးစား ဂုဏ်ယူစရာ တွေချည်း ဖြစ်တာကြောင့် မြန်မာတွေ ထိုင်းနိုင်ငံမှာသာမက ကမ္ဘာမှာပါ မျက်နှာပွင့်ကြပါတော့မယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပြည့်ဝမှုဟာ “ကမ္ဘာမှာမြန်မာဟေ့” လို့ ကြွေးကြော်နိုင်အောင်ပြောင်းလဲစေပါတော့မယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်နဲ့ အသက်ရာကျော်ရှည်ပါစေ။

By Irrawaddy

No comments:

Post a Comment