Sunday, 29 July 2012

လယ်သိမ်း မြေသိမ်း စုံစမ်းရေး ကော်မရှင် လွတ်လပ်မှု ရှိရန်လိုအပ်


လယ်ယာမြေ အဓမ္မသိမ်းယူ ခံထားရခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းမည့် စုံစမ်းရေးကော် မရှင်ကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်နိုင် သော အဖွဲ့တခု ဖြစ်စေလိုကြောင်း လယ်သမားအရေး ဆောင်ရွက်သူများ က ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းတွင် တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ ဧကမှ တနေရာ (ဓာတ်ပုံ – ဧရာဝတီ)
“ဒီကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့ ဖြစ်ပြီးတော့ ပြည်သူ့ အကျိုးကို လက်တွေ့ လုပ်ပြဖို့၊ တတ်နိုင်သမျှ မြန်မြန် လုပ်ကြဖို့ မျှော် လင့်ပါတယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ နှင့် လယ်သမား အရေး ဆောင်ရွက်ပေးသူ ဦးနေမျိုးဝေက ဆို သည်။
တောင်သူ လယ်သမားများ၏ ဘ၀ဆင်း ရဲကျပ်တည်းခြင်း မဖြစ်စေရန် အလေးထား ဆောင်ရွက်၍ ၎င်းတို့၏ အလုပ် အကိုင်အခွင့် အလမ်းများ ပြန်လည် ရရှိရေးအတွက် သိမ်းယူခံထား ရသည့် လယ်မြေများ ပြန်လည်ရရှိရေး၊ နစ်နာမှု မရှိစေရန် လုပ်ဆောင် ပေး နိုင်ရေး အတွက် စုံစမ်းဖော်ထုတ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးက အတည်ပြုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းသည့်“လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတ စွာဖြေရှင်း
ဆောင်ရွက်ပေးရန်”အဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ် ၄၅ ဦး ဆွေးနွေးပြီး မဲခွဲဆုံးဖြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
စုံစမ်းဖော်ထုတ်ရေး ကော်မရှင်ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း၊ သို့သော် လယ်သမားများ၏ လယ်ယာမြေများ ပြန်လည် ရရှိရေးနှင့် လယ်သမားအကျိုး အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် လွတ်လပ်သော အဖွဲ့ဖြစ်စေလိုကြောင်းလည်း ဦးနေမျိုးဝေ က ပြောသည်။
ထိုကော်မရှင်၌ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဥပဒေ ပညာရှင်များနှင့်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ
ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရပြီး မည်သည့်အချိန်တွင် ဖွဲ့စည်း မည်ဆိုသည်ကိုမူ မသိရသေးပေ။
လွှတ်တော်ကိုယ်စားပြုထားသည့် ကော်မတီ တချို့သည် ကိုယ်တိုင် ကွင်းဆင်းပြီး လယ်သမားများနှင့် တွေ့ဆုံမေးမြန်း စုံစမ်း
ခြင်းများ ရှိကြောင်း၊ သို့သော် ၎င်းတို့၏ စုံစမ်းလေ့လာမှုများသည် အမှန်တကယ် ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်များ မဟုတ်
ကြောင်း၊ ထို့ကြောင့် ယခုဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင်သည်လည်း လယ်မြေသိမ်းခံထားရမှု ကိစ္စကို ဖြေရှင်းနိုင်ရန် ကြာဦး မည်ဟု ယူဆကြောင်း လယ်သမားအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောဆိုသည်။
“လွှတ်တော်ရဲ့ ရှေ့ပြေး ကော်မတီတချို့က မှတ်တမ်းလုပ်နေတာတွေ ရှိပါတယ်၊ ဒါပေမယ့် သူတို့က အပေါ်ယံ မှတ်တမ်း မှတ် ရာတွေပဲ ရကြတယ်၊ ကော်မရှင် ဆိုတာလည်း အဲဒီလိုပဲ လုပ်မယ်ဆိုရင် လယ်သမားတွေ အတွက် ဘာမှ ထူးလာမှာ မဟုတ် ဘူး” ဟု ၎င်းက ဆက်ပြောသည်။
လယ်ယာမြေ သိမ်းယူမှုများနှင့်ပတ်သက်၍ ဖြေရှင်းသည့်အခါလည်း မှတ်တမ်း မှတ်ရာ၊ စာရွက်စာတမ်းများနှင့်ပတ်သက်၍ ပွင့် လင်း မြင်သာမှု မရှိကြောင်း၊ လယ်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင်လည်း  ခေါ်ယူစစ်ဆေးသည့် အဆင့်သာရှိပြီး ခိုင်လုံ သည့် အထောက်အထား ပြသမှုမရှိကြောင်း၊ ထို့ကြောင့် ကော်မရှင် အနေဖြင့် ထိုကိစ္စများကိုကျော်လွှားနိုင်ရန် လိုအပ်နေသေး ကြောင်း လည်း ကိုဖိုးဖြူ က ပြော သည်။
လယ်ယာမြေ၊ နွားစားကျက်မြေ၊ မြေလွတ်မြေရိုင်း၊ တောင်ယာမြေ စသည့် သိမ်းယူထားသည့် မြေဧက စုစုပေါင်းသည် သောင်း သိန်း ချီ၍ ရှိကြောင်း၊ ထို စာရင်းသည် လယ်သမားအရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသူများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ များ စသည့် အဖွဲ့အစည်းများ၏ စာရင်းဇယားများဖြစ်ကြောင်း ကိုဖိုးဖြူ က ဆိုသည်။
လယ်မြေ သိမ်းယူမှုသည် ခေတ်အဆင့်ဆင့် က ရှိခဲ့သော်လည်း အုပ်ချုပ်ရေးစနစ်ကြောင့် ထိရောက်သည့် အရေးယူကိုင်တွယ် နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခုအခါ လွှတ်တော်၌ အတိုင်းအတာတခုအထိ ပြောဆိုနိုင်ပြီ ဖြစ်၍ လယ်သမားအရေး ကိစ္စ အတွက် ကောင်းမွန်သည့် အဖြေတခုရရှိ လာမည်ဟု မျှော်လင့်ကြောင်း လယ်မြေသိမ်းမှု ကိစ္စ ပါဝင် ဆွေးနွေးခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောသည်။
လယ်မြေ သိမ်းယူသူများသည် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များ၊ အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကု မ္ပဏီများ က သိမ်းယူထားခြင်း ဖြစ်၍ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် သည် လွတ်လပ်သည့် သီးခြားအဖွဲ့တခုအဖြစ် ဆောင်ရွက်နိုင်ပါက ပြေလည်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အစိုးရ ဌာနများ ၏ စာရင်းများ၊ သီးစားချထားခွင့်၊ စာရွက် စာတမ်း၊ အထောက်အထားများ အပေါ် အခြေခံ၍ လုပ်ဆောင်မည် ဆိုပါက ကောင်းမွန်သည့် အဖြေ မရနိုင်ဟု ဦးဖေသန်းက ပြောသည်။
၎င်းက“ဓားမဦးချ လုပ်လာတဲ့ ဘိုးဘွားပိုင် မြေတွေများတယ်၊ တောသူ တောင်သား အများစုမှာ မှတ်တမ်းတွေ မလုပ်ထားကြ ဘူး၊ အဲဒီမြေတွေပဲ အသိမ်းခံထားရကြတယ်၊ ဒါတွေကို တရားမျှတစွာ ဖြေရှင်းနိုင်ဖို့ လိုပါတယ်”ဟု ဆိုသည်။
လယ်ယာမြေများအား စီမံကိန်းနယ်မြေ၊ တပ်ပိုင်နယ်မြေ မကျူးကျော်ရ ဟု ဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း မည်သည့် စီမံကိန်းမှ လုပ်ဆောင်ခြင်း မရှိသေးသော နေရာများရှိနေသည်ဟု သိရသည်။
လက်ရှိ အစိုးရသည်လည်း ပြည်သူနှင့်နိုင်ငံအကျိုးစီးပွားအတွက် မြေများသိမ်းဆည်းပြီး စီမံကိန်းများ၊ လုပ်ငန်းများကို ဆက် လက်ဆောင်ရွက် နေရဦးမည်ဖြစ်ကြောင်း၊ စိတ်ကောင်း စေတနာနှင့် တရားနည်းလမ်းကျစွာ ဆောင်ရွက်မှုများဖြင့် ပြည်သူ့ အကျိုး၊ နိုင်ငံ အကျိုး၊ ပြည်ထောင်စု အကျိုး ပြုလုပ်သွားကြမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဦးတင်ထွဋ် ၏ အဆိုအား ထောက်ခံ ဆွေးနွေးစဉ် ထည့်သွင်း ပြောဆိုထားသည်


 သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်အတွင်း ကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့် လုပ်ကိုင်ရန် အကြောင်းပြပြီး သိမ်းယူထားသည် ဆိုသော လယ်ယာမြေပြဿနာများတွင် နိုင်ငံ၏နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားချက်များအရ သတင်းရရှိသည်။
နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း၂၀၀၈ ခုနှစ်မှစ၍ ကုမ္ပဏီကြီးများနှင့် တောင်သူများအကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဟူသော စီမံချက်ဖြင့် ကုမ္ပဏီကြီးများက တောင်သူများနှင့်စတင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ သို့သော်ကုမ္ပဏီများနှင့် လုပ်ကိုင်လာသည့်နှစ် ကြာလာသည်အမျှ လယ်ယာများမှာ ကုမ္ပဏီပိုင်ဖြစ်ကုန်ကြောင်း၊ တောင်သူများ လက်လွှတ်ခဲ့ရကြောင်း၊ တောင်သူများ၏ ဆန္ဒအရမဟုတ်ဘဲ မလွန်ဆန်နိုင်၍ လက်လွှတ်ရခြင်းမျိုး များပြားကြောင်း၊ ထို့အတွက် ယခုအခါ ဆန္ဒပြမှုများ၊ တန်ရာတန်ကြေးပြန်လည် တောင်းဆိုမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကြောင်းပြ မြေကစားသူ လုပ်ငန်းရှင်များ မပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်း လယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခို လုပ်ကိုင်နေသည့် တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန် အတွက် စီမံကိန်းနှင့် တောင်သူ များအကြားမျှတသည့် သတ်မှတ်ချက် တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ် ပေါ်နေသည့် လယ်ယာပြဿနာ များကိုလည်း အဆင့်ဆင့်စစ်ဆေးကာ မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့် ဖြေရှင်းသင့်သည်  . . .
တောင်သူများ မိမိပိုင်လယ်ယာများအား စွန့်လွှတ်ခဲ့မှုတွင် တစ်ဧကလျှင်ကျပ် ၂၀၀၀၀ မှကျပ် ၅၀၀၀၀ ၀န်းကျင်ဖြင့် ပေးလျော် စွန့်လွှတ်ခိုင်းခြင်းမျိုး ပါဝင်ကြောင်းလည်း သိရသည်။
တောင်သူများအဓိက တောင်းဆိုသည့်အချက်မှာ ကုမ္ပဏီကြီးများ မှာ လယ်ယာများအား မြေညှိပေးခြင်း၊ ပြုပြင်ပေးထားခြင်းများအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ ထို့အတွက် မိမိတို့ယခင် ပိုင်ဆိုင်သည့် လယ်ယာမြေအားလုံးအား ပြန်လည်ရယူရန် မဟုတ်ကြောင်း၊ ထိုက်သင့်သည့် လယ်မြေဧရိယာ သို့မဟုတ်ထိုက်သင့်သည့် တန်ကြေးတစ်ရပ်ရပ် ပြန်လည် ရရှိရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဇူလိုင်လ ၂၀ ရက် နေ့၌ လယ်သမားဦးရေ ၂၇၂ ဦး သည် ဦးအောင်သန်းဦး လုပ်ကိုင်နေသည့် ပင်လယ်ကိုးသွယ်နှင့် မြရွှေဝါ ကုမ္ပဏီလယ်ကွက်များရှေ့၌ ဆန္ဒပြ မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ၌ မြရွှေဝါနှင့် ပင်လယ်ကိုးသွယ် ကုမ္ပဏီမှ ဦးအောင်သန်းဦးက လယ်သမား ၃၀ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း၊ တောင်သူ ၃၀ ဦးမှ ဇူလိုင် လ ၃၀ ရက်နေ့တွင် ပင်လယ်ကိုး သွယ်နှင့်မြရွှေဝါကုမ္ပဏီမှ ဦးအောင် သန်းဦးအား လယ်ယာမြေများလိမ် လည်ရယူထားမှုနှင့် တောင်ဒဂုံမြို့ နယ်တရားရုံးတွင်  ပြန်လည်တရား စွဲဆိုရန်စီစဉ်နေကြောင်းသိရသည်။
တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေကိုဖိုးဖြူက “အကျိုးတူလုပ်မယ်ဆိုပြီး တောင်သူ တွေကို နေ့စားပဲပြန်ခိုင်းတယ်။ တောင်သူတွေကို လယ်ထဲမှာမနေခိုင်းဘဲ ထွက်ခိုင်းတာတွေ ရှိတယ်။ ထွက်ခိုင်းပြီး နေစရာအခက်အခဲအတွက် အိုးအိမ်က ပေ ၂၀ _ ၆၀ မြေကွက်တစ်ကွက်စီ ပြန်ပေးတယ်။ တခြားဘာအကျိုးအမြတ်မှမရဘဲ တောင်သူတွေ လယ်ထဲကထွက်ခဲ့ရတယ်။ တောင်သူတွေက သူတို့လယ် မှာ ၀မ်းစာအတွက် လယ်ပြန်ထွန်တဲ့ အခါ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တောင်သူတွေကလည်း လယ်လိမ်လည်သိမ်းယူမှုနဲ့ ပြန်စွဲ ဖို့လုပ်နေတယ်”ဟုပြောပြခဲ့ပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာမှ လယ်သမားကြီး ဦးမြင့်အောင်က “ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေပါ။ နိုင်ငံတော်စီမံကိန်းအရ စိုက်ပျိုးရေး အထူးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နောက်ပိုင်း ကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ အကျိုးတူပူးပေါင်းတယ်ဆိုတဲ့ စကားရပ်ကိုအသုံးပြုလာတယ်။ နောက်ပိုင်းကျ တော့ အကျိုးတူပူးပေါင်းတာ မဟုတ်တော့ဘူး။ နိုင်ငံတော်ကရွှေ့ပြောင်းစရိတ် နှစ်သောင်းပေးပြီး ကျွန်တော်တို့ကို နှင်လွှတ်တာပါ။ ၁၆၈ ရပ်ကွက်မှာ ၂၀ပေ_၆၀ပေ မြေကွက် တစ်ကွက်စီပေးတယ်။ အားလုံးကို ပေးတာတော့ မဟုတ်ဘူး။ လယ်ထဲမှာ တဲရှိတဲ့သူတွေကိုပဲ ပေးတာပါ။ ၂၀၀၉ ခုနှစ် မေလထဲမှာတော့ လယ်သမားတွေကို ဘာမှပြောဆိုဆွေးနွေး ခြင်းမပြုဘဲ ရွှေနဂါးမင်းကုမ္ပဏီက စပြီး လယ်သမား ၃၁ ဦးကို လယ် တစ်ဧက ငါးသောင်းနှုန်းရှင်းပေးတယ်။ ရှင်းပေးပြီး အဲဒီတုန်းက ဒဂုံတောင်ပိုင်း မယကဥက္ကဋ္ဌက အကျိုးတူလဲ လုပ်စရာမလိုတော့ဘူး။ ဇယားရှုတ်လို့ တခါတည်း အပြတ်ရှင်းပေးလိုက်တာဆိုပြီး ခုနှစ်ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရမယ်လို့ ပြောပါတယ်”ဟု ပြောပြခဲ့ပါသည်။
ကုမ္ပဏီကြီး ၁၆ ခုမှ မြေဧရိ ယာ ဧက ၇၀၀၀ ကျော်အား ၂၀၀၈ ခုနှစ်မှစကာ အကျိုးတူလုပ်ကိုင်ခြင်း ဖြစ်ပြီး ကုမ္ပဏီအများစုမှ လယ်ပိုင် အဖြစ် တစ်စတစ်စသိမ်းယူလုပ်ကိုင် ခြင်းဖြစ် ကုမ္ပဏီအချို့မှာမူ တောင် သူများဆန္ဒအရ တောင်သူများအား ပြန်လည်လုပ်ကိုင်ခွင့် ပေးထားခြင်းမျိုး ရှိကြောင်း၊ တောင်သူဆန္ဒအရ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်၍ တောင်သူများ ကျေနပ်မှသာ ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိတွင် ဧက ၃၈၀ အား တောင်သူများ ကိုယ်တိုင်အပါအ၀င် လုပ်ကိုင်ခွင့်ပြုပေးထားသော မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစိုးမြတ်က “ကျွန်တော်တို့ ၂၀၀၈ မှ တောင်သူတွေနဲ့ Contract Farming စနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်က တောင်သူတွေ စိုက်ပျိုးနည်းပညာ ရအောင်၊ စိုက်ပျိုးတဲ့လယ်ယာမြေတွေ အဆင့်မီစိုက်ပျိုးတဲ့ လယ်ယာဖြစ်အောင်၊ အဓိကအချက်ကတော့ တောင်သူတွေ ဘ၀မြင့်မားလာအောင် လုပ်တာ။ ကျွန်တော်တို့က လယ်ယာမြေတွေကို စလုပ်တော့ မြောင်းတွေ၊ ဗျိုက်တောတွေနဲ့ စိုက်လို့မရဖြစ်နေတဲ့ ဧရိယာ အများကြီးပါတယ်။ အခုအဲဒီဧရိယာ တွေကိုရော အရင်မညီညာတဲ့ လယ်ယာတွေကိုပါ စက်တွေနဲ့စိုက်ပျိုးလို့ ကောင်းအောင်ပြုပြင်ပေးခဲ့တယ်။ ပြီးတော့ တောင်သူတွေကို စနစ်နှစ်မျိုးနဲ့ လုပ်လို့ရကြောင်း ပြောလိုက်တယ်။ တစ်မျိုးက ဒီမှာပဲ လခစားနဲ့လုပ်မလား၊ ကိုယ်တိုင်စိုက်ပျိုးမလား။ အဲဒီမှာ ကိုယ်နှစ်သက်ရာနဲ့ လုပ်တယ်။ ကျွန်တော်တို့က ကိုယ်တိုင်စိုက်ပျိုးမယ့် တောင်သူတွေကို သွင်းအားစုအားလုံး ထုတ်ပေးတယ်။ ထွက်လာတဲ့အခါ စပါးတွေပြန်ဝယ်ပေးတယ်။ မြတ်သမျှ တောင်သူအားလုံးယူပေါ့။ အရင်တုန်းက တစ်ဧကမှ ၃၅ တင်းလောက် ထွက်တဲ့ လယ်မျိုးက အခုတစ်ဧက ကို တင်း ၇၀ ၀န်းကျင်ထွက်နေပြီ။ ဒီလိုဖြစ်တဲ့အထိ ပြုပြင်ပေးတယ်၊ သွင်းအားစုပေးတယ်။ ဒါ့အပြင် တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာရေးကအစ ထောက်ကူပေးထားတယ်။ အဲဒီအတွက် အခုဆန္ဒပြတဲ့ အထဲမှာ ကျွန်တော်တို့တောင်သူတွေ မပါဘူး။ ကျွန်တော်တို့ပြောတာ ဟုတ်မဟုတ် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ တောင်သူတွေကို အချိန်မရွေး လာမေးလို့ရပါတယ်။ တောင်သူတွေကို ပူးပေါင်းကူညီပေးတာ၊ တောင်သူ တွေဆန္ဒအရ ကျွန်တော်တို့လုပ်နေတာ၊ အဲဒီအတွက် တောင်သူတွေ ကျေနပ်မှ ကျွန်တော်တို့မက်စ်မြန်မာက ဆက်လုပ်မှာပါ”ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကုမ္ပဏီများအား တောင်သူများမှ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ကြားမိတာ ကုမ္ပဏီ ၁၆ ခုစလုံးက တောင်သူတွေ ဆန္ဒပြတာ မဟုတ်ဘူး။ တချို့ကိုယ့်လယ်ကိုယ် ပြန်လုပ်ခွင့်ပေးထားတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီကုမ္ပဏီမျိုးက တောင်သူတွေတော့မပါဘူး။ မက်စ်မြန်မာက လယ်သမားကို သူ့ဟာသူ စိုက်ချင်တာစိုက် စိုက်ပျိုးစရိတ် ထုတ်ပေးထားတယ်။ နောက်လိုအပ်တဲ့ဆီ၊ သွင်းအားစုပေးထားတယ်။ အချိန်တန်လို့ သီးနှံပေါ်တဲ့အခါ သူ့ကိုပဲ ရောင်းရောင်း၊ အပြင်မှာပဲရောင်းရောင်း သူ့စရိတ်ကိုပဲ ပြန်ယူတယ်။ ဒါပဲ။ ဆန္ဒပြတဲ့အထဲမှာ သူ့လယ်က လယ်သမားတွေ ပါတယ်လို့တော့ မကြားမိပါဘူး။ အဲဒီလိုကုမ္ပဏီမျိုးလည်း ရှိနေသေးတယ်။ ကုမ္ပဏီအများစုကိုတော့ လယ်သမားတွေ မကျေနပ်ဘူး”ဟု တောင်သူလယ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့ နေ ကိုဖိုးဖြူက ပြောကြားခဲ့သည်။
Contract Farming စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ တောင်သူများဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိသည့် လယ်ယာများအပြင် နီးစပ်ရာတောင်သူများထံမှပါ လယ်ယာများအား တစ်နည်းနည်းဖြင့် ထပ်မံချဲ့ထွင်ဝယ်ယူ လုပ်ကိုင်ခြင်းများပါ ရှိနေကြောင်းလည်း သိရသည်။
“ကုမ္ပဏီကြီးတစ်ခုကဆို ကျွန်တော့်ကုမ္ပဏီက တောင်သူတွေရဲ့ လယ်ပါရောင်းမလားလို့ လာစပ်ခဲ့သေးတယ်။ ကုမ္ပဏီအချင်းချင်းတောင် ပြန်ဝယ်တာမျိုးရှိတာကို ထောက်ပြတာပါ။ အဲဒီလိုလုပ်တဲ့ အတွက်လည်း အခုလိုပြဿနာတွေ ဖြစ်လာတာ”ဟု အဆိုပါကုမ္ပဏီ ၁၆ ခု တွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“တချို့ကုမ္ပဏီတွေက ပေးတယ်။ ဒါပေမယ့် အိုးအိမ်ကတစ်ဆင့် လယ်သမားဆီ ငွေပေးခဲ့တာလည်း ရှိတယ်။ အဆင့်ဆင့်ပေးပြီး နောက်ဆုံး မှ တောင်သူဆီရောက်တော့ ဘယ်လောက်ပဲ ရောက်သလဲ။ ဒါလည်းစစ်ဆေးရမှာပဲ။ ဒါပေမယ့် တချို့ကုမ္ပဏီ ကျတော့လည်း မြေလွတ်တွေ့တာနဲ့ ဆွဲယူလိုက်တာမျိုးလည်း ရှိတယ်။ ဒီပြဿနာက စစ်ဆေးရမယ့်ပြဿနာပါ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ချထားပေးစဉ် က အကွက်ချရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ယခုကဲ့သို့ လယ်ယာမြေ ပြဿနာများမှာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့ သာကျေးရွာတွင် လည်းကောင်း၊ သန်လျင်မြို့နယ်တွင် လည်းကောင်း ကြုံတွေ့ရလျက်ရှိသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသော ဒေါက်တာ ခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု လယ်ယာမြေ ကွင်းအမှတ် (၅၃၁/ ၅၃၃)တို့ရှိ လယ်မြေဧက (၁၀၀၀) ကျော်အား တိုးချဲ့စက်မှုဇုန်ဖော်ထုတ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် အတွင်းကရယူခဲ့သည်ဟု သိရသည်။
ရယူရာတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လယ်သမားများအား ပေါင်းကူးကျေးရွာ ဓမ္မာရုံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ လယ်တစ်ဧကလျှင်ကျပ် ငါးသောင်း ပေးမည်ဟုဆိုကာ ယင်းလယ်များ၌ လယ်ယာလုပ်ကိုင်ခွင့်အား စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေကြောင်း၊ လယ်သမားများမှ လက်မခံသဖြင့် ငွေကျပ်သုံးသိန်းအထိ အဆင့်ဆင့် တိုးပေး၍ လယ်လုပ်ကိုင်ခွင့်ကို စွန့်လွှတ်ရန်နှင့် ငွေမယူပါက လယ်ကွက် ကိုသိမ်းယူမည်ဟု ပြောဆိုခြင်း၊ နေ့စဉ် ရက်ဆက်ဆိုသလို အဆိုပါ ကုမ္ပဏီ မှ လယ်သမားတစ်ဦးချင်းအား ခေါ် ယူပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း လယ်သမားများ၏ ပြောကြားချက် အရသိရသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၌ ကာလပေါက်ဈေး သိန်း ၂၀ တန်ဖိုးရှိ လယ်တစ်ဧကလျှင် ဂရုဏာကြေး ကျပ်သုံးသိန်းဖြင့် တန်ဖိုးဖြတ်၍ လယ် ၈၁၅ ဧကအတွက် ကျပ်သိန်း ၂၄၀၀ အား လယ်သမားများထံသို့ ပေးအပ်ခဲ့ကြောင်း လယ်သမား ၆၄ ဦး၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြသည့် အသနားခံစာ၌ ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်၌ ယင်းလယ်ကွက် များပေါ်၌ သီးစားစိုက်ပျိုးလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီမှရရှိခဲ့ပြီး လယ်မြေများပေါ်၌ လယ်ယာစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိဘဲ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာ ကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေ ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
စက်မှုမြေအဖြစ် ရောင်းချပြီး ဖြစ်သောကြောင့် လယ်သမားများ အားလယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေမှဇူလိုင်လ ၂၃ရက် နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော် ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးတရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဆွေးနွေးရာတွင် ဒေါက်တာခင်ရွှေမှ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သန်လျင်မြို့နယ်၊ အလွမ်း ဆွတ်ကျေးရွာတွင်လည်း လယ်မြေ ပြဿနာများ တောင်သူနှင့် ရေတပ် အကြားဖြစ်ပွားလျက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီး၊ နယ်စပ်ရေးရာဝန် ကြီးဌာနတာဝန်ရှိသူများမှ ၀င် ရောက်ဖြေရှင်းပေးကြောင်း သိရသည်။
“၀န်ကြီးက ၂၆ရက်နေ့ ညနေ မှာ ရေတပ်က ဗျူဟာမှူးနဲ့ လယ်သမားတွေကိုခေါ်ပြီး စေ့စပ်ညှိနှိုင်းမှု တွေလုပ်တယ်။ ဒီလယ်မြေတွေမှာ လယ်သမားတွေ အနေနဲ့ ဆက်ပြီး ထွန်ယက်မှုတွေ ပြုနေဦးမယ်ဆိုရင် ကျူးကျော်မှုနဲ့ တရားစွဲဆိုမှာဖြစ်ကြောင်း ရေတပ်ဗျူဟာမှူးက ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ဆက်ပြီးရင်ဆိုင်ဖို့တော့ မရှိတော့ပါဘူး။ ဥပဒေကိုလိုက်နာသောအားဖြင့် ထွန်ယက်မှုတွေ မလုပ်တော့ပါဘူး။ ဒါပေမယ့် သူတို့မှီခိုနေရတဲ့ လုပ်ငန်းတစ်ခု မရှိတော့တဲ့အတွက် သူတို့ဘ၀တွေ ဆက်လက်ရပ်တည် နိုင်ဖို့အတွက် ၀န်ကြီးဆီကို တင်ပြထားပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမျိုးသန့်က ပြောပါသည်။
နိုင်ငံတစ်နိုင်ငံတွင် စီမံကိန်းဟူသည် အမြဲတစေရှိနေမည့် အခြေအနေဖြစ်ကြောင်း၊ စီမံကိန်းအကြောင်း ပြ မြေကစားသူလုပ်ငန်းရှင်များမ ပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်းလယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခိုလုပ်ကိုင်နေ သည့်တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန်အတွက် စီမံကိန်း နှင့် တောင်သူများအကြား မျှတသည့် သတ်မှတ်ချက်တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် လယ်ယာ ပြဿနာများကိုလည်း အဆင့်ဆင့် စစ်ဆေးကာ မှန်ကန်သည့်ဆုံးဖြတ် ချက်များဖြင့် ဖြေရှင်းသင့်သည်ဟု သုံးသပ်ကြပါသည်။
 ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ကုမ္ပဏီ ၁၆ ခုအား တစ်ကွက်လျှင် လယ်မြေ ဧက ၅၀၀ ချထားပေးပြီး အဆိုပါမြေဧရိယာအတွင်း လက်ရှိစိုက်ပျိုး ထုတ်လုပ်နေသည့် ကုမ္ပဏီအလိုက် စိုက်ဧကစာရင်း
ကုမ္ပဏီ       လုပ်ငန်းရှင်အမည်မိုးစပါးစိုက်ဧက
ဒဂုံအင်တာနေရှင်နယ်    ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ UMFCCI)၇၅၀
ယုဇန                  ဦးဌေးမြင့်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်)၄၇၀
မြင့်ဇေယျာ           လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ၃၈၀
ဆင်းရွှေလီ          လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ၆၀၀
ဝန်းရံခ            ဦးတင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ)၃၈၀
ရွှေနဂါးမင်း        စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၄၄၀
ရွှေနဂါးမင်း(မထားစုရွာ)   စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၂၀၀
မက်စ်မြန်မာ      ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၃၈၀
ရွှေဟိန်းထက်     ဦးဝင်းနိုင်(ဆောက်လုပ်ရေးနှင့် ကျောက်မျက်ကုမ္ပဏီလုပ်ကိုင်)၃၀၀
ဧဒင်ကုမ္ပဏီ          ဦးချစ်ခိုင်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း)၄၀၀
ဂရင်းအေးရှား           ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်ကုမ္ပဏီ)၏ လုပ်ငန်းခွဲကုမ္ပဏီ၄၀၀
အမျိုးသားကြီးပွားတိုးတက်ရေး အမျိုးသားကြီးပွားတိုးတက်ရေး   ဦးစိုးထွန်းရှိန်     ၄၀၀
ရွှေတောင်         ဦးအိုက်ထွန်း၄၀၀
ပင်လယ်ကိုးသွယ်           ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)၄၅၀
မြရွှေဝါ   ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)၃၈၀
ဂွဒ်ဘရားသား       ဦးလှဦး(ဒါရိုက်တာ)၃၅၀
စတင်လုပ်ကိုင်ချိန်၌ မြ၀တီကုမ္ပဏီ(ဦးပိုင်) ပါဝင်ကြောင်း၊ နောက်ပိုင်းတွင် အိုး/အိမ်သို့ ပြန်လည်အပ်နှံထားကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် ဒဂုံအရှေ့ပိုင်းတွင် ကုမ္ပဏီစုစုပေါင်းအား ချထားပေးသည့် လယ်ယာမြေဧကပေါင်း ၇၀၀၀ ခန့်ရှိကြောင်း၊ နောက်ပိုင်းတွင် အချို့ကုမ္ပဏီကြီးများမှ နီးစပ်ရာ လယ်ယာများအား ထပ်မံသိမ်းဆည်း ၀ယ်ယူခြင်းများကြောင့် ဧကပိုမိုများပြားလာပြီးစ ယခုအခါ ဧက ၁၀၀၀၀ ကျော်ထိ ရှိလာကြောင်း သိရသည်။ ယင်းအထဲ၌ စားကျက်မြေ၊ ရေနက်ကွင်း၊ ရေမြောင်းများ၊ မွေးမြူရေးကန်များလည်း ပါဝင်ကြောင်း၊ ဖော်ပြပါ ကုမ္ပဏီလိုက် လယ်ဧကများမှာ ပြီးခဲ့သည့် နှစ်မိုးစပါးစိုက်ဧကသာ ဖြစ်ပြီး ကုမ္ပဏီများပိုင်ဆိုင်သည့် ဧကအားလုံး မဟုတ်ပါ။ ပိုင်ဆိုင်သည့် ဧကများမှာ ယခုထက် ပိုမိုများပြားပါသည်။
မှတ်ချက်။        ။ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)သည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် စက်မှုဇုန်စီမံကိန်းအတွက် လယ်ယာမြေ သိမ်းယူထားမှုသည်လည်း ပြဿနာဖြစ်ပွားလျက် ရှိသည်။ သန်လျင်မြို့နယ် လွမ်းဆွတ်ကျေးရွာတွင်လည်း လယ်မြေပြဿနာ ကြုံတွေ့ရသည်။

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်


လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။
ငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင်ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက် နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုထားသည်ဟု သိရသည်။

အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက်နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန် မူဝါဒမျိုးချမှတ် ကျင့်သုံးသင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ရောင်းဝယ် ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ်ကောက်ခံ ခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီ ကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထား  .  .  .
ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ခွင့်ပြုပြီးဖြစ်၍ အက်ဖ်အီးစီ ဆက်လက်ထားရှိသုံးစွဲရန် သင့်မသင့်၊ Stock Exchange စနစ် ဖြစ်ပေါ်လာပါက Stock Share ဈေးကွက် လုခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဗဟိုဘဏ်တွင် စုဆောင်းထားရှိသည့် နိုင်ငံပိုင် နိုင်ငံခြားငွေပမာဏ၊ ရွှေပမာဏနှင့် ဗဟိုဘဏ်မှ ထုတ်ဝေထားသည့် FEC ပမာဏ အခြေအနေများကို အများပြည်သူသိရှိအောင် အချိန်အခါ သတ်မှတ်၍ ထုတ်ပြန်ကြေညာ ပေးသွားသင့်ကြောင်း အကြံပြုတင်ပြထားသည်။
အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀ ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ စုဆောင်းရရှိမှု မရှိခြင်း၊ ကုမ္ပဏီကြီးများက ဥပဒေနှင့်အညီ ပေးဆောင်မှု မရှိခြင်း၊ အခွန်ရရှိအောင် တာဝန်ယူရသည့်ဌာနများ၊ ၀န်ထမ်းများ၏ ဆောင်ရွက်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁ ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန် မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးများတွင် တိုးတက်မှု နှေးကွေးနိုင်ကြောင်း ဖော်ပြထားသည်။
အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက် နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ် ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထားသည်။
အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်း ခံရမည့်အရာများ မှန်ကန်သည့်တန်ဖိုး၊ ဈေးနှုန်း၊ သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့ ၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည်လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။
ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန် အထောက်အကူပြုရေးအတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက် ယင်းကို ထိန်း သိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များ လျှော့ချခြင်း၊ အခွန်အကောက်များ ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့် ဘတ်ဂျက်လိုငွေပမာဏ ကို လျော့ကျအောင် လုပ်ဆောင်သင့် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် စွမ်းဆောင်သင့်ကြောင်း တင်ပြထားသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ


ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်
ယင်းအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယ၀န်ကြီး ဦးဟန်စိန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၊  ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့လေကြောင်းတို့မှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နောက်ခံသမိုင်း၊ မူဝါဒနှင့် ရည်မှန်းချက်များ၊ ရန်ကုန်ဆိပ်ကမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများ၊ ရန်ကုန်ဆိပ်ကမ်း၏ လုပ်ငန်း စွမ်းဆောင်နိုင်မှု အခြေအနေ၊ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး Conceptual Plan၊ ပုဂ္ဂလိကအပိုင်းမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားသည့် လုပ်ငန်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ (Scope of work) ၊ တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများမှ တင်ပြရမည့် အခြေခံအချက်များစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လုပ်ငန်းစဉ် ၄ ခုအား ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးချိုသန်းမောင်မှ ရှင်းလင်းပြောကြားစဉ်
ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား)တွင် နိုင်ငံတကာ အဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်းများ (Inland Port Terminal)အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်းတံတား အမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေ ထွေကုန်တင်သင်္ဘောကြီးများ ဆိုက် ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်း၊  ပန်းဆိုးတန်း-ဒလ ခရီးသည်တင်  ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီ ခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေးနေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများအား ခေါ်ယူသွားမည်ဖြစ်ပြီး၊ Joint Venture(J.V)စနစ်၊ BOT စနစ်များဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ကနဦးလျာထားသည်ဟု သတင်းရရှိပါသည်။   

 ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသားဦးရေ အချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုး တန်းတူခေါ်ယူမည်


ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသား ဦးရေအချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုးတန်းတူခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီး ဌာနမှ သိရသည်။
ယခင်က ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုရာတွင် ကျောင်းသား၊ ကျောင်းသူအချိုးမှာ ၆၀း၄၀ သတ် မှတ်ခဲ့ရာမှ ယခုပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ အချိုး  ၅၀း ၅၀ တန်းတူ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆေးတက္ကသိုလ် တက်ရောက်ခွင့် ကျောင်းသားကျောင်းသူ အချိုးကို တန်းတူဖြစ်အောင် ပြောင်းထားပါတယ်။ ဒီနှစ်ကဆေးကျောင်း အားလုံးပေါင်း ကျောင်းသားကျောင်း သူဦးရေ ၁၂၀၀ လောက်ပဲ လက်ခံမှာ ဖြစ်တဲ့အတွက် အမှတ်အများဆုံးကစပြီး ရွေးချယ်သွားမှာပါ” ဟု နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသားဦးရေ ယခင်နှစ်များထက် ထက်ဝက်နီးပါးလျှော့ချ မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကျောင်းသားကျောင်းသူ အချိုးအား တန်းတူခေါ်ယူခြင်း ဖြစ်ကြောင်းနှင့် ၀င်ခွင့်အမှတ်များလည်း ယခင်နှစ်များထက် ပိုမိုမြင့်တက်နိုင်ကြောင်း  ဆေးတက္ကသိုလ်များရှိ သင်ကြားရေး ဆရာများက ဆိုပါသည်။
ယခုနှစ် ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာနတွင် ဇူလိုင် လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့အပြင်သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်များတက်ရောက်ခွင့်ပြုရာ တွင် ကျောင်းသားကျောင်းသူ အချိုး မှာ ၈၀း၂၀ သတ်မှတ်ထားကြောင်း နှင့် သူနာပြုတက္ကသိုလ်တွင် ကျောင်း သားဦးရေအား ၁၀ ရာခိုင်နှုန်းသာ လက်ခံမည်ဖြစ်ကြောင်း ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားချက်များအရ သိရသည်။
နိုင်ငံတကာ ဆေးပညာနယ်ပယ် အသီးသီးတွင် ဖြစ်ပေါ်တိုးတက်လျက် ရှိသည့် ဆေးပညာအဆင့်အတန်းနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစ၍ ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့် လှစ်ပို့ချခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဒီပလိုမာဘွဲ့ရရှိသူ ၂၀၅၃ ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိသူ ၄၅၅၂ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၁၁၅ ဦးနှင့် ဆေးလက်တွေ့ပါရဂူ ဘွဲ့ရရှိသူ ၂၆၁ဦး  ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ၀င်ပေါက်အသီးသီးမှ ခရီးသွားဦးရေ ငါးသိန်းဝန်းကျင် ၀င်ရောက်


၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ၀င်ပေါက်အသီးသီးမှ ခရီးသွားဦးရေ ငါးသိန်းဝန်းကျင် ၀င်ရောက်ခဲ့သည့်အတွက် ယခုနှစ် ခရီးသွားတစ်သန်း ရောက်ရှိရန် မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက်ရာတွင် ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက် စသည် တို့မှ အသီးသီးဝင်ရောက်ကြပြီး ၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ စုစုပေါင်း ခရီးသွားဦးရေ ၄၉၇၅၅၆ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။
“အခု မိုးတွင်းမှာတောင် အရင်နှစ် မိုးတွင်းတွေနဲ့ယှဉ်ရင် ခရီးသွား မကျဘူး။ ဒီတော့ ပွင့်လင်းရာသီမှာ ခရီးသွား ပိုတက်လာမယ်လို့ ခန့်မှန်းထားတယ်”ဟု အဆိုပါ တာဝန်ရှိသူ က ပြောပြသည်။ ရန်ကုန်လေဆိပ်မှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုတွင် ၂၀၀၉ ခုနှစ်  မိုးတွင်းကာလက ပျမ်းမျှ တစ်ရက် လျှင် ဦးရေ ၅၀၀၊ ၂၀၁၀ ပြည့်နှစ်တွင် ဦးရေ ၆၅၀၊ ၂၀၁၁ ခုနှစ်တွင် ဦးရေ ၇၀၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ဦးရေ ၁၀၅၀ ဦးဝင်ရောက်မှုရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သော ခရီးသွားများ၊ အလည်အပတ် လာရောက်သော ခရီးသွားများ စသည့်ခရီးသွား အမျိုးအစားနှစ်ခုသည် ဆတူနီးပါးတိုးတက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

 ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည်

ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေ နေရာတိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
ဗိုလ်တထောင်ဆိပ်ကမ်းအား မြေနေရာတိုးချဲ့ရာတွင် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၃) ဘောတံတားမှ အမှတ်(၁)ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီးမြေနေရာ တိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မူလရေကာတံတိုင်း အစွန်နေရာကနေ မြစ်လယ်ဘက်ကို ပေ ၁၀၀ခန့်တိုးချဲ့ပြီး အရှည် ၂၄၄၀ ပေ ရှိတဲ့ ရေကာတံတိုင်း တည်ဆောက်သွားမှာပါ။ နောက်ခံဧရိယာကို သဲ ဖို့ပြီး မြေနေရာ ဖော်ထုတ်ပြီးတဲ့အခါ လက်ရှိထက်မြေ ၆ ဒသမ ၄ဧက ထပ်မံပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြော ကြားခဲ့သည်။

 ဗိုလ်တထောင် ဆိပ်ကမ်းအမှတ်(၃)ဘောတံတားမှ အမှတ်(၁) ကုန်းတွင်းကုန်သေတ္တာ စင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်းဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာတိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ် . .

“ ဒီလိုဆိပ်ကမ်း မြေနေရာဟာ နိုင်ငံတကာမှာရော ပြည်တွင်း မှာပါ တန်ဖိုးရှိတဲ့မြေနေရာဖြစ်တဲ့အတွက် ဒါကိုအသုံးချပြီး ၀င်ငွေတိုးအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြေနေရာတိုးချဲ့ရေး ဆောင်ရွက်တဲ့ နေရာမှာလည်း စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊မရှိ ချိန်ဆပြီး အချိန်တိုအတွင်းပြီးစီးအောင်နှင့် ရေပေါ်ဟိုတယ်တွေ၊ စားသောက်ဆိုင်တန်းတွေနဲ့ စည်ပင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၇ ရက်နေ့က အဆိုပါဆိပ် ကမ်းတိုးချဲ့မည့် နေရာသို့ရောက်ရှိစဉ် က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ ပထမအဆင့် အနေဖြင့် ဗိုလ်တထောင်အမှတ် (၆) ဆိပ်ခံတံတားအထက်နှင့် အောက်ပြု ပြင်ခြင်းလုပ်ငန်းအား လုပ်ဆောင် လျက်ရှိသည်။
လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ်အဖြစ် သင်္ဘောနှစ်စီး အသုံးပြုသွားမည် ဖြစ်ကာ အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီးနှင့် အလျား ၂၃၆ ပေ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီး ပါဝင်မည်ဖြစ်ပြီး သင်္ဘောတစ်စီးလျှင် အခန်းပေါင်း ၇၂ ခန်းပါဝင်ပြီး နှစ်ယောက်ခန်းများ ဖြစ်သည့် အတွက်လူဦးရေ ၁၄၄ ယောက်အထိ တည်းခိုနိုင်မည်ဟု သိရသည်။

 ရန်ကုန်မြို့ရှိ ကျူးကျော်နေအိမ်များကို မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန်ဟု ဆိုကာ ဖယ်ရှားရှင်းလင်းနေ၊ ကျူးကျော်နေထိုင်သူ အများစု၌ စားဝတ်နေရေးအတွက် နယ်အသီးသီးမှ ရွှေ့ပြောင်းလုပ်ကိုင်လာသူ အများစုပါဝင်


ရန်ကုန်မြို့ရှိ မြို့တွင်းမြို့နယ် များ၊ မြို့စွန်ရပ်ကွက်များရှိ ကျူးကျော်နေအိမ်များကို မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်စေရန်ဟု ဆိုကာ ဖယ်ရှား ရှင်းလင်းနေကြောင်း အဆိုပါ ကျူးကျော်ရပ်ကွက်များထံမှ သိရသည်။
မိသားစု စားဝတ်နေရေး အတွက် မြို့ပြဒေသများသို့ နယ်ဒေသများမှ ရွှေ့ပြောင်းလုပ်ကိုင်ရမှု များပြားလာပြီး နေစရာ အခက်အခဲများကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့တွင်းမြို့စွန် ရပ်ကွက်များ၌ တရားမ၀င် ကျူးကျော်နေထိုင်ရသူများပြား လာကြောင်း၊ လက်ရှိဖယ်ရှားခြင်းခံ နေရသည့် ကျူးကျော်နေအိမ်များ တွင်နယ်အသီးသီးမှ ဆယ်စုနှစ်နီးပါး ကြာမျှ ပြောင်းရွှေ့လာသူများလည်း ပါဝင်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်အတွင်းရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနပိုင်မြေ အတွင်း လွန်ခဲ့သည့်ငါးနှစ်ခန့်မှ စတင်ကာ ၀င်ရောက်ကျူးကျော် နေထိုင်ကြသည့် နေအိမ်များကို ဇူလိုင်လ ၂၀ ရက်နေ့အပြီး ဖယ်ရှားပေးရန် ညွှန်ကြားမှုများ ရှိနေ၍ စတင်ဖယ်ရှားနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အလားတူ သာကေတမြို့နယ် ၄၃၆ရပ်ကွက်၊ အိမ်ခြေ ၃၀၀ အား သုံး  ရက်အတွင်း အပြီးဖယ်ရှားပေးရန်  မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မှညွှန်ကြားထားကြောင်း၊ ထို့ပြင် မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင် သုသာန်ဝင်းအတွင်း နှစ်ပေါင်း ၂၀ ကျော်ခန့်နေထိုင်သည့် အိမ်ထောင်စု ၁၃ စုကို ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။
ရန်ကုန်မြို့ရှိ မြို့သစ်မြို့နယ်များ၌ တရားမ၀င် ကျူးကျော်နေထိုင်နေ သူများကိုတရားဝင် တိတိကျကျမသိ ရသော်လည်းထင်သာမြင်သာတွေ့ မြင်နိုင်ကြောင်း၊ အလားတူ ရန်ကုန်မြို့တွင်း၌ အိုးမဲ့အိမ်မဲ့ နေထိုင်နေရသူလည်း များပြားလာကြောင်း မြို့ပြစီမံ ကိန်းဆိုင်ရာ ပညာရှင်များက ဆိုသည်။
“ကျူးကျော်တွေများလာရတဲ့ အကြောင်းက Migration တစ်နေရာ ကနေတစ်နေရာကို ပြောင်းရွှေ့နေထိုင်တာများလို့လည်း ဖြစ်ရတာပါ”ဟု မြို့ပြစီမံကိန်းပညာရှင် ဦးသံမိုးက ပြောကြားခဲ့သည်။
အဆိုပါကျူးကျော်ရပ်ကွက်များတွင် မြေကွက်နေရာယူကာ ကျူးကျော်နေထိုင်သူများမှ တစ်ဆင့် ပြန်လည်ရောင်းချခြင်းများ ရှိနေကြောင်း၊ ယင်းကြောင့် ၀ယ်ယူပြီးကာမှ ကျူးကျော်မြေမှန်း သိရသည့်ဖြစ်ရပ်များ လည်းရှိနေကြောင်း သိရှိရသည်။
ထို့ပြင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မြေလွတ်တွေပေါ်မှာ မြေကွက်ချဲ့ပြီး နေရင်းကနေ ကျူးကျော်တွေဖြစ်လာတာ။ စစ်ပြီးခေတ်ကာလတုန်းက ကျူးကျော်တွေ အများကြီးပေါ်ခဲ့တဲ့ အတွက် သာကေတ၊ တောင်ဥက္ကလာ တို့ မြောက်ဥက္ကလာဆိုပြီး မြို့သစ် သုံးခုတည်ပြီး ရန်ကုန်မြို့ထဲက ကျူးကျော်တွေကို ရွှေ့လိုက်တယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာကျူးကျော်တွေ ထပ်ရွှေ့တုန်းကလည်း  တောင်ဒဂုံ၊ မြောက်ဒဂုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဒဂုံအရှေ့ပိုင်းဆိုပြီး မြို့သစ်ငါးမြို့ကို ထပ်တည်တယ်။ လက်ရှိကျူးကျော် နေထိုင်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ကျူးကျော်နေထိုင်တယ်၊ တကယ်မြေကွက် ချထားပေးခွင့် ကအိုး/အိမ်မှာပဲရှိတာ”ဟုဆိုခဲ့သည်။
“အဘွားက သက်ဆိုင်ရာက သက်မှတ်ထားတဲ့ ကျူးကျော်နယ်မြေမှာ ပြေစာနဲ့နေတာ အနှစ် ၂၀ ကျော် ရှိသွားပြီ။ တစ်လချင်းရပ်ကွက်အုပ်ချုပ်ရေးရုံးကို ရန်ပုံငွေအနေနဲ့ငွေ ၃၀၀၀ လတိုင်းပေးတယ်။ မရှိလို့ကျူးကျော် မှာ နေလာတာ၊ အခုလိုရုတ်တရက်မှာ အိမ်ပြောင်းရမယ်ဆိုတော့ ပိုက်ဆံလည်းမရှိ ဆွေမျိုးတွေ လည်းမရှိဘူး။ ဘယ်သွားနေရမှန်းလည်း မသိတော့ ဘူး”ဟု ရွှေပြည်သာမြို့နယ်ရှိ ၁၉ ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူ အဘွားအိုတစ်ဦးက ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၄၀၀ ကျော်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ အများဆုံးမြို့နယ်မှာ လှိုင်သာယာ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် အနီးနားတွင် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့ခံတစ်ဦး ကလည်း “ရန်ကုန်မှာ တရားမ၀င် ကျူးကျော်ရပ်ကွက်တွေ များလာတယ်။ နောက်ပြီး အိုးမဲ့အိမ်မဲ့ပြဿနာကလည်း ကြီးလာပြီ။ လမ်းဘေးကို ကိုယ့်အိမ်လိုသဘောထားပြီး လုပ်ကိုင်စားသောက်နေထိုင်နေရတဲ့ သူတွေများသည်ထက် များလာပြီ။ အများစုက နယ်ကလာတဲ့သူတွေပဲ။ နယ်မှာလုပ်ကိုင် စားရသောက်ရတာ အဆင်မပြေလို့ ၀မ်းရေးအတွက်မြို့ တက်လာကြတာ။ ကျူးကျော်ဘာ လို့ ဖြစ်တယ်ဆိုတာထက် အခြေခံ အကြောင်းကတော့ h Internal Migration ကြောင့် ဖြစ်ရတယ်ဆိုရ မယ်။ ဒါ့အပြင် Natural Population Increaseကြောင့် ဖြစ်ရတာလည်းပါပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။အိုးမဲ့အိမ်မဲ့တွေအတွက်နေစရာ ဘယ်လိုပေးမလဲဆိုတာ စဉ်းစားသင့် ပါတယ်”ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။ 

သစ်တောပြုန်းတီးခြင်း အပြင် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံ၌ ဆင်ကောင်ရေ လျော့ကျလာ


7437
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း လုပ်ငန်းခွင်တွင် အသုံးပြုသော ဆင်တစ်ကောင်ကို တွေ့မြင်ရစဉ်

သစ်တောပြုန်းတီးမှု မြင့်တက်လာခြင်းအပြင် တိရစ္ဆာန်ထွက်ပစ္စည်း များ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံတွင် ဆင်ကောင် ရေလျော့ကျလာကြောင်း သတင်းရရှိ ပါသည်။ မြန်မာနိုင်ငံသည် အာရှဒေသတွင် အာရှဆင်များ အဓိက ကျက်စားရာနိုင်ငံများ၌ အပါအ၀င်ဖြစ်နေပြီး သစ်လုပ်ငန်းသုံးဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များနှင့် တောဆင်များ ဟူ၍ရှိနေသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထုတ်တဲ့ စာအုပ်တွေအရတော့ အကောင်ရေ ၃၀၀၀ လောက်ဆိုတာ သိရတယ်။ တောဆင်လည်း ခန့်မှန်း ခြေ ၃၀၀၀ လောက်ဆိုတာ ဖတ်ဖူးတယ်။ ဒါပေမယ့် ဒီကနေ့ အခြေအနေမှာတော့ အဲဒီထက် လျော့နည်း သွားပြီဆိုတာတော့ ကျိန်းသေတယ် လို့ ယူဆတယ်”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ကြီးကပြောကြားသည်။
မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ သီရိ လင်္ကာ စသည့် အာရှဆင်များ အဓိက တွေ့ရှိရာ နိုင်ငံလေးနိုင်ငံမှ ဆင်များအကြောင်းကို ပြင်သစ်နိုင်ငံမှ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရာတွင် မြန်မာနိုင်ငံရှိ သစ်ထုတ်လုပ်ရေး နယ်မြေများ၊ ဆင်များ ကျက်စားရာ နယ်မြေများ စသည်တို့တွင် မှတ်တမ်းတင်ခဲ့ရာ၌ လိုက်ပါခဲ့သည့်ခရီး စဉ်မှ တွေ့ရှိမှုများပေါ် အခြေခံကာ ၎င်းက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ခရီးစဉ်တစ်လျှောက်လုံးမှာ ဆင်ဆရာဝန်တွေနဲ့လည်း တွေ့ရတယ်။ ဆင်ဆရာတွေက သစ်ထုတ်ရေးက ဆင်တွေကို စောင့်ရှောက်ရသလို တောရိုင်းဆင်တွေကိုလည်း သူတို့မေ့ဆေးနဲ့ ဖမ်းတော့လည်း သူတို့ သစ်ထုတ်ရေးကအဖွဲ့တွေပဲ ဖမ်းရတယ်။ အဲဒီလို ဖမ်းဖမ်းလာတာတွေရယ်၊ နောက် နေ့စဉ်နဲ့အမျှ ဘယ်နေရာမှာတော့ ဘယ်ဆင်သေသွားပြန်ပြီ၊ ဘယ်နေရာမှာတော့ ဘယ်ဆင် ဘယ်လိုဖြစ်လို့ သေသွားပြန်ပြီ။ ဘယ်နေရာမှာတော့ ဘယ်တောဆင် တွေ သေပြီးတော့ အစွယ်ဖြတ်ခံထားရပြီးတော့ ပုပ်ပွနေတာတွေ့ရတယ်။ ဒီလိုသတင်းတွေက ကြားရသိရတာ တွေရှိတယ်။ ကိုယ်တိုင်တွေ့ရတာ ရှိတယ်”ဟု ဦးခင်မောင်ကြီးက ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသော တိရစ္ဆာန်များအဖြစ် ကျား၊ ဆင်၊ ကြံ့သူတော်၊ ရွှေသမင် အပါအ၀င် နို့တိုက်သတ္တ၀ါ ၃၉ မျိုးရှိ ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အပင်မျိုးစိတ် ၁၁၈၀၀၊ ကြိမ် မျိုးစိတ် ၃၇ မျိုး၊ ၀ါးမျိုးစိတ် ၉၆ မျိုး၊ ဆေးဘက်ဝင် အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ၀ါ ၂၇၂ မျိုး၊ ကုန်းနေရေနေ သတ္တ၀ါများ ၈၂ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး တို့ကို ဒေသအသီးသီးတွင် တွေ့ရှိရသည်ဟု သိရှိရသည်။
လက်ရှိတွင်မူ အချို့သော တိရစ္ဆာန်မျိုးစိတ်များမှာ အကောင်ရေ လျော့ကျခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လု အခြေအနေသို့ ရောက်ရှိခြင်းများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။ တိရစ္ဆာန်မျိုးစိတ်များ လျော့ပါးပျောက်ကွယ် လာခြင်းသည် အဓိကအားဖြင့် ၎င်းတို့နေထိုင်ပေါက်ဖွားရှင်သန်ရာ သစ်တောမြေ နည်းပါးလာခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။


By Eleven Media Group

လားရှိုးမြို့ အေတီတံတားအနီး ပြည်ထောင်စုလမ်းမကြီးပေါ် ရေကျော်သဖြင့် ခရီးသည်တင်ကားများ ခက်ခက်ခဲခဲ ဖြတ်သန်းနေရ


ဇူလိုင်လ(၂၈)ရက်နေ့က လားရှိုးမြို့ အေတီတံတားအနီး လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ နမ့်ယောင်ချောင်းမှ ရေများလျံတက်လာမှုကြောင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း သိရသည်။    

''မနေ့က လမ်းပေါ်ကို ရေသိပ်မတက်သေးဘူး။ ဒီနေ့ မနက်ပိုင်းမှ ရေတွေပိုများလာပြီး ကားတွေဖြတ်ဖို့ ခက်သွားတယ်''ဟု ဒေသခံတစ်ဦးကပြောသည်။       
ဇူလိုင်လ(၂၈)ရက်နေ့တွင် မိုးရွာသွန်းမှုနည်းသွားသော်လည်း လားရှိုးမြို့နယ်အတွင်း အနီးပတ်ဝန်းကျင်များရှိ တောင်ကျရေများ စုပြုံဝင်ရောက်လာမှုကြောင့် နမ့်ယောင်ချောင်းရေတက်လာခြင်းဖြစ်ကြောင်း သိရသည်။         
ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းထိ ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရေအနက် သုံးပေကျော်ခန့်ထိ ရောက်ရှိနေသောကြောင့် မူဆယ်၊ လားရှိုးနှင့် မန္တလေးသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်ငယ်များအား လူအားဖြင့်တွန်းပို့ကာ ဖြတ်သန်းနေရပြီး၊ မော်တော်ဆိုင်ကယ်များအားလည်း လူဖြင့်ထမ်းကာ ဖြတ်သန်းနေရကြောင်း သိရသည်။           
ခရီးသည်တင်ဗင်ကားများ ဖြတ်သန်းရာတွင် ကားတွင်းသို့ ရေ၀င်ရောက်မှုများရှိနေပြီး ကုန်တင်ကားကြီးများမှာ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြကြောင်း သိရသည်။           
အေတီတံတားထိပ်တစ်ဖက်စီတွင်လမ်းရေကျော်မှုဖြတ်သန်းရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ အစီးရေ (၁၀၀)ကျော်ခန့်ထိရှိနေကြောင်းသိရသည်။              
အလားတူ ဇူလိုင်လ(၂၇)ရက်နေ့က သိန်းနီမြို့အ၀င်တွင်လည်း လမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


By Eleven Media Group

တောင်ကျရေများကြောင့် လားရှိုးမြို့ အ၀င်နှင့် အထွက် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် ရပ်ကွက်အချို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့ပြီး တစ်လအတွင်း ဒုတိယအကြိမ် ရေကျော်ခြင်းဖြစ်ကြောင်းသိရ


မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လားရှိုးမြို့အ၀င် နားမခေါ်ကျေးရွာ၊ စက်သုံးဆီ အရောင်းဆိုင်များအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်မှစတင်ကာ လမ်းရေကျော်မှုကြောင့် မန္တလေး၊ ရန်ကုန် ခရီးသည်တင်ကားများ လားရှိုးမြို့ဝင် နောက်ကျခဲ့ပြီး၊ လားရှိုးမှ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များလည်း ထွက်ချိန်နောက်ကျခဲ့ကြောင်း သိရသည်။

"ဒီနေရာကို ရေမကျော်တာ တော်တော်ကြာပါပြီ။ ဒီနှစ်တော့ ဟိုမန်အိုင်၊ ကုန်းညောင်၊ နမ့်ကျန်ရွာတွေဖက်ကနေ မိုးတွေအရမ်းရွာတော့ အဲဒီဖက်က တောင်ကျရေတွေက ဒီဘက်ကို အဓိက စီးဝင်တော့ ဒီလမ်းပေါ်ကို ရေတွေလျှံကုန်တာပေါ့"ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အဆိုပါရေများသည် နမ့်ခိုက်၊ နားမခေါ်ရွာများမှ လားရှိုးမြို့ရပ်ကွက်(၁)၊ ရပ်ကွက်(၁၀)၊ ရပ်ကွက်(၁၁)၊ ရပ်ကွက်(၉)များသို့ ရေမြောင်းများမှ တဆင့် စီးဝင်ပြီး မြေနိမ့်ပိုင်းကျသော နေအိမ်များအတွင်းသို့ ရေ၀င်ရောက်မှုများကြောင့် လူနေအိမ်အချို့မှ ဒေသခံများ ဘေးကင်းရာသို့ ရွေ့ပြောင်းခဲ့ရကာ ရပ်ကွက်နှင့် စေတနာရှင်များမှ ထမင်းထုပ်များ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

"တောင်ကျရေကြောင့် ဒီချောင်းမှာ ရေကြီးရင် ရပ်ကွက်(၁)နယ်မြေ(၇)ကတော့ အဆိုးဆုံးပဲ။ မြေနိမ့်ပိုင်းလည်ဖြစ်နေတယ်၊ ရေမြောင်းနဲ့လည်း နီးတော့ ဒီနားကအိမ်တွေထဲကို ရေတွေအရင်ဝင်တာပေါ့။ တချို့အိမ်တွေဆို အုတ်တံတိုင်းတွေ ပြိုတယ်။ လမ်းထိပ်က တံတားလည်း ရေမြုပ်တော့ သွားရလာရတာကအစ အခက်အခဲတွေ ဖြစ်ကုန်တယ်" ဟု ရပ်ကွက်(၁)မှ ဒေသခံတစ်ဦးက ပြောပါသည်။

အလားတူရပ်ကွက်(၉)၊ နယ်မြေ(၃)တွင်လည်း နေအိမ်များအတွင်းသို့ ရေ၀င်ရောက်မှုကြောင့် နေအိမ်(၅၀) မှ ဒေသခံလူဦးရေ (၂၅၀)ခန့်ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာရှင်များက ထမင်းထုပ်များ ပေးဝေခြင်း၊ ဘေးကင်းရာသို့ ရွေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
LS6
လားရှိုးမြို့အ၀င် ပြည်ထောင်စုလမ်းရေကျော် နေသည်ကို ဇူလိုင် ၂၇ ရက်နေ့က မြင်တွေ့ရစဉ်

ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင်လည်း လားရှိုးမှ မူဆယ်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်းမှ ရေများ မြင့်တက်လာမှုကြောင့် လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေများ တက်လာရာ ယာဉ်ငယ်များအား လူအားဖြင့် တွန်း၍ ဖြတ်သန်းနေရပြီး၊ မော်တော်ဆိုင်ကယ်များကိုလည်း ထမ်းကာ ဖြတ်သန်းနေရကြောင်း သိရသည်။

"ကုန်တင်ကားကြီးတွေတော့ ဖြတ်လို့ရပါတယ် ကားလေးတွေကတော့ ရေစီးအရှိန်ထဲပါမသွားအောင် လူတွေ တွန်းပေးရတယ်။ ဒီထက် ရေပိုတက်လာမယ်ဆိုရင်တော့ ကုန်ကားတွေလည်း ဖြတ်ဖို့မလွယ်ဘူး။ အရင်တစ်ခေါက်ကဆိုရင် ကုန်ကားတစ်စီးရေစီးအရှိန်နဲ့ လမ်းဘေးဘက်ကျသွားတယ်"ဟု ယာဉ်မောင်း တစ်ဦးက ပြောပါသည်။

ဇူလိုင်လ(၉)ရက် (၁၀)ရက်နေ့များတွင် ပထမအကြိမ်လမ်း ရေကျော်မှုဖြစ်ပွားခဲ့ပြီး ယခုအကြိမ်သည် ဇူလိုင်လအတွင်း ဒုတိယအကြိမ် လမ်းရေကျော်မှုဖြစ်ကြောင်း သိရသည်။



By Eleven Media Group

ဦးအောင်သိန်းလင်း၏တရုတ်သတင်းစာအင်တာဗျူးနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များ ပေါ်တွင်မူတည်၍ ပါတီစည်းကမ်းအရအရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း USDP ကြေညာ


တောင်ဥက္ကလာပမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး အောင်သိန်းလင်းနှင့် တရုတ်နိုင်ငံ အခြေစိုက် Southern Weekend သတင်းစာတို့၏တွေ့ဆုံမေးမြန်းခန်
း နှင့် ပတ်သက်၍ စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များပေါ်တွင် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဇူလိုင် ၂၈ ရက်ရက်စွဲဖြင့် တရားဝင်ထုတ် ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟို အလုပ်အမှုဆောင်ဦးအောင်သိန်း လင်းအနေဖြင့် Southern Weekend (China) ဟုဖော်ပြထားသော တွေ့ဆုံမေးမြန်းမှုရေးသားဖော် ပြချက်များအား အင်တာနက်စာ မျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိဂျာနယ်များတွင်လည်း ကောင်း၊ ဖော်ပြလျက်ရှိပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍မေးမြန်းမှု များလည်းရှိနေကြောင်း၊ အဆိုပါ ရေးသားဖော်ပြချက်များသည် ဦးအောင်သိန်းလင်း၏အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ယင်း၏ ပုဂ်္ဂလိကပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏သဘောထားမ ဟုတ်ကြောင်း၊ ဦးအောင်သိန်းလင်း အနေဖြင့်အမှန်တကယ်ပြောကြား ခြင်းရှိ၊ မရှိကိုလည်းစိစစ်ဆောင် ရွက်လျက်ရှိပြီး တွေ့ရှိချက်များ ပေါ်တွင်မူတည်၍ ပါတီစည်းကမ်း အရဆက်လက်အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း USDP ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန်သည့်အဆိုပါကြေညာချက် တွင်ဖော်ပြထားသည်။
ဦးအောင်သိန်းလင်း၏ Southern Weekend သတင်းစာအင် တာဗျူးတွင် မြစ်ဆုံဆည်စီမံကိန်း ရွှေ့ဆိုင်းခြင်းနှင့် လုပ်ငန်းပြန်လည် စတင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား ပြည်သူများထောက်ခံအားပေး ခြင်းအပေါ်သဘောထားအမြင်၊ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ်သဘော ထားနှင့် USDP ပါတီ၏ နိုင်ငံခြား ရေးမူဝါဒတွင်အပြောင်းအလဲရှိလာ နိုင်သလား စသည်တို့ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း၊ အဆိုပါမေးခွန်း များအပေါ် ဦးအောင်သိန်းလင်းက ပြန်လည်ဖြေကြားရာတွင် ပြည်သူ လူထုအထင်အမြင်လွဲမှားစေနိုင် သောဖြေကြားမှုအချို့ပါဝင်နေသည့် အတွက် အင်တာနက်စာမျက်နှာ များနှင့် ပြည်သူများကြားတွင် ဝေ ဖန်မှုများပျံ့လွင့်ခဲ့ကြောင်း သိရ သည်။
သို့ရာတွင် ဦးအောင်သိန်းလင်း က အဆိုပါကိစ္စရပ်များဖြစ်ပွားနေ ခြင်းသည် တရုတ်သတင်းစာ၏ ဘာ သာပြန်လွဲမှားမှုကြောင့်ဖြစ်နိုင်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ပြည် သူလူထုနှင့် တူညီသည့် သဘော ထားရှိကြောင်း၊ လေ့လာဆန်းစစ်ပြီး မှဆောင်ရွက်သင့်သည်ဟု ယင်း၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ် ကြောင်း တုံ့ပြန်ဖြေကြားခဲ့သည်။
အဆိုပါအင်တာဗျူးနှင့်ပတ် သက်၍့ USDP ပါတီအထွေထွေအ တွင်းရေးမှူး ဟင်္သာတမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေး ဦးက “ပါတီကတော့မဟုတ်ပါဘူး။ သူလည်းဗဟိုအလုပ်အမှုဆောင်တစ် ယောက်ဖြစ်နေတဲ့အတွက် သူလည်း ပြောသင့်ပြောထိုက်တယ်လို့ယူဆပြီး personal ဆန်ဆန်ပြောတဲ့သဘော ပါပဲ။ သူလည်း ဒီလိုရည်ရွယ်ပြီးပြော တာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု ဇူလိုင် ၂၄ ရက်တွင်ပြောကြား သည်။
“ဒီအင်တာဗျူးကို စတင်ဖတ် ရချိန်မှာတော်တော်အံ့သြမိတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာပြန်အရေး အသားကဘယ်လောက်အထိယုံ ကြည်စိတ်ချရမှုရှိမလဲဆိုတာကိုဆန်း စစ်လေ့လာသင့်တယ်။ ရိုက်တာသ တင်းဌာနလို ကမ္ဘာကျော်သတင်းဌာ နတွေမှာ သတင်းပေးပို့သူ၊ ထပ်မံ ဖြည့်စွက်တင်ပြသူနှင့် တည်းဖြတ်သူ စတာတွေကို ဖော်ပြလေ့ရှိတယ်။ ဒါ ပေမဲ့ဒီအင်တာဗျူးမှာ အဲ့ဒီလိုအတိ အကျဖော်ပြထားမှုရှိ၊ မရှိသေချာ ဆန်းစစ်လေ့လာပြီးမှ ယုံကြည်သင့် တယ်။ မီဒီယာသမားတစ်ဦးအနေနဲ့ ကိုယ်ရရှိတဲ့သတင်းရင်းမြစ်က ဘယ် လောက်အထိခိုင်လုံမှုရှိလဲ၊ တိကျမှန် ကန်မှုရှိလဲ ဆန်းစစ်လေ့လာသင့် တယ်” ဟု ၀ါရင့်စာနယ်ဇင်းသမား တစ်ဦးကသုံးသပ်သည်။
“ဒီအင်တာဗျူးနှင့်ပတ်သက်ပြီး သုံးသပ်ရရင် ဦးအောင်သိန်းလင်းက မြန်မာလိုဖြေတာဖြစ်နိုင်တယ်။ဒါကို သက်ဆိုင်ရာသတင်းစာက တရုတ် လိုဘာသာပြန်ပြီးမှ အင်္ဂလိပ်ဘာ သာဖြင့်ရေးသားဖော်ပြဖို့ ဘာသာ ပြန်သူကိုတစ်ဆင့်ပေးအပ်ခဲ့ခြင်းဖြစ် နိုင်ပါတယ်။ ဒီလိုတစ်ဆင့်ခံအင် တာဗျူးတွေမှာ ပြောကြားသူရဲ့စ ကားလုံးအတိအကျကိုအမိအရဆုပ် ကိုင်နိုင်ဖို့မလွယ်ဘူး။ ကြားထဲမှာ အမှားအယွင်းသို့မဟုတ် အဓိပ္ပါယ် လွဲမှားမှု တစ်စုံတစ်ရာရှိသွားတာ မျိုးလည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်္ဂလိပ်ဘာသာစကားမှာလည်း usage ကအရေးကြီးပါတယ်။ တစ် နေရာမှာစကားလုံးအသုံးအနှုန်းလွဲ မှားသွားတာနဲ့ အဓိပ္ပါယ်မှားယွင်းမှု တွေဖြစ်ပေါ်နိုင်တာမျိုးလည်းရှိပါ တယ်” ဟု စမ်းချောင်းမြို့နယ်ရှိ အင်္ဂလိပ်ဘာသာပြဆရာတစ်ဦးက ယင်း၏အမြင်ကိုပြောကြားသည်။
အဆိုပါအင်တာဗျူးသည် ဇူ လိုင်နောက်ဆုံးပတ်အတွင်းပြည်သူ လူထုကြားသို့ ကျယ်ပြန့်စွာပျံ့နှံ့ခဲ့သ ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက သဘောထားကြေ ညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖြိုးမောင်မောင်



By The Myanmar Post News Journal

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလတောင်းဆိုနေ

ရခိုင်ပြည်နယ် ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အာဏာအလွဲသုံးစားပြု၍ ဖိနှိမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ(UN human rights chief) နာဗီ ပီလေး(Navi Pillay)က တောင်းဆိုသည်ဟု BBC သတင်းတစ်ရပ်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ထိန်းသိမ်းနှိမ်နင်းရန် စေလွှတ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အစ္စလာမ်ဘာသာဝင်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ကြသည်ဟု ရေးသားအစီရင်ခံမှုများ ရှိနေသည်ဟု မစ္စပီလေးက ဆိုသည်။

အဆိုပါဒေသတွင်း ပဋိပက္ခများကြောင့် လူဦးရေ ၈ သိန်းခန့်မှာ နေအိမ်စွန့်ခွာ၍ စိတ်ချလုံခြုံရာများသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ သိရသည်။
အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြပြီး ၄င်းတို့ အတွက် လိုအပ်မည့် ရွက်ဖျင်တဲများကို လေယာဉ်ဖြင့် ထပ်မံပို့ဆောင်ပေးနေပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှ သိရသည်။

“လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တစ်ဖက်သတ်တုံ့ပြန်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်ဆိုတဲ့ အစီရင်ခံစာတွေ ပဋိပက္ခတွေမှာ သူတို့(လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ)ဟာ လှုံ့ဆော်သွေးထိုးမှုတွေ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ကို ကျွန်မတို့ လက်ခံရရှိခဲ့ပါတယ်”ဟု မစ္စပီလေးက ဆိုသည်။

လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂသံတမန်တစ်ဦးအား ရခိုင်ပြည်နယ်သို့ သွားရောက်စစ်ဆေးရန် အစိုးရ၏ ခွင့်ပြုမှုအား ကြိုဆိုသော်လည်း လွတ်လပ်၍ အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုကိုမူ ၄င်းက အစားထိုး နိုင်ခြင်းမရှိဟု သူမက ဆိုသည်။

Ref: BBC


ကမ္ဘောဇ ဘဏ် က ဗီဇာ ကဒ် စနစ် ကို သုံးမည် ဟုဆို


မြန်မာ နိုင်ငံ မှ ဘဏ်များ သည် ၂၀၁၃ ခုနှစ် တွင် နိုင်ငံ တကာ မှ အီလက်ထရောနစ်
ငွေကြေး လွှဲပြောင်း မှု နှင့်ဝယ်ယူ သုံးစွဲ မှု ပြု နိုင်သည့် ခရက်ဒစ် ကဒ် စနစ် ကို မျှော် 
လင့် နေကြ သည်  ။
ကမ္ဘော ဇ ဘဏ်က ၂၀၁၃ ခုနှစ် တွင် ၎င်းတို့  ဘဏ် နှင့် အမေရိကန် မှ  ခရက် ဒစ်
နှင့် ငွေကြိုတင် သွင်း ၀ယ်ယူသည့် ဒက်ဘစ် ကဒ် ၀န်ဆောင်မှု ကုမ္ပဏီ နှင့် ပူးပေါင်း
ပြီး ကမ္ဘော ဇ ဘဏ်ကဒ်များ ကို ဗီဇာ ကဒ် ဖြင့် ထုတ် ဝေ တော့မည် ဟု ဘဏ်၏ ဒု
တိယ ဥက္ကဌ ဦးသန်းဝေ က ပြောသည်။
ကျွန်တော် တို့  ညှို နှိုင်းနေတဲ့  အဆင့် ပါ ၊ မကြာခင် ကမ္ဘောဇ ဘဏ်ကဒ် တွေ ကို VISA
ကဒ် နဲ့  သုံးမှာ ပါ ဟု ဆိုသည်။
VISA ကဒ် ဖြင့် ငွေ ချေ နိုင်သည့် ၀န်ဆောင်မှု သည် မြန်မာ နှင့် အိမ်နီးချင်း ထိုင်း နိုင်
ဉ် ပင်  ရရှိ သည်။
VISA ကဒ် အသုံး ပြု နိုင်ခဲ့ လျှင် နိုင်ငံခြား သား ကမ္ဘာ လည့် ခရီးသည် များ မြန်မာ နိုင်ငံ
သို့  ၀င်ရောက်သည့် အခါ လမ်းခရီတစ်ထောက်ဉ် သုံး မည့် ငွေ ကြေး အတွက် ငွေ သား
စက္ကူ ကို ကြို တင် ထုတ်ထား စရာ မလို တော့ ချေ။
အခြား ဘဏ်  ၀န်ထမ်း တစ်ဦး က မူ သူ့  တွင် တရားဝင် သတင်း ထုတ် ပြန်ရန် အခွင့်
မရှိ သော် လည်း Master Card, China Union Paid နှင့် ဂျပန်မှာ ဘဏ် ငွေကြေး
အဖွဲ့  အစည်းများ နှင့် လည်း တိုင် ပင် နေသည် ဟု ဆိုသည်။
VISA ကဒ်ကဲ့ သို့  ပင် Master, Diner နှင့် Discovery တို့ မှာ ခရက်ဒစ် ကဒ်
နှင့် ငွေကြေး လွှဲပြောင်း ၀န်ဆောင်မှု နှင့် ပေးချေ မှုဆောင် ရွက် နေသည့် ကုမ္ပ
ဏီများ ဖြစ်သည်။

အမျိုးသမီးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခွင့်ရှိ

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ ပြဒါန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အများပြည်သူ လေးစားပြီး သြဇာတိက္ကမ ကြီးမားသော ရပ်မိရပ်ဖ ငါးဦး ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ရွေးချယ် တင်မြောက်သော မည်သူမဆို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တင်မြောက်ပိုင်ခွင့် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့် က လွှတ်တော်တွင် ပြောကြားခဲ့သည်။

မြန်မာနိင်ငံ လူအဖွဲ့အစည်းတွင် အမျိုးသမီးများ၊ ကလေးများ၊ လိင်တူချစ်တူများ ခွဲခြား ဆက်ဆံလေ့ရှိကြောင်း အဖိုနှင့် အမ၊ အပူနှင့် အအေး၊အပေါင်းနှင့် အနှုတ်၊အမှောင်နှင့် အလင်း မတူကွဲပြားမှုများသည် သဘာဝဖြစ်ကြောင်း လိင်ကွဲပြားမှု အရ အမျိုးသမီးများ ခွဲခြား၊ နှိမ့်ချ၊ ဆက်ဆံမည့်အစား နိင်ငံတကာကဲ့သို့ လွတ်တော် အပါအ၀င် အုပ်ချုပ်ရေးနှင့် ဦးဆောင်မှု အခန်းကဏ္ဍများတွင် အချိုးကျ ကိုတာစနစ်ဖြင့် နေရာပေးသင့်ကြောင်း အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက အကြံပြု ပြောကြားသည်။

လက်နက်ကိုင် တိုက်ပွဲတွေဖြစ်သည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်က ရွာများတွင် လွန်ခဲ့သော နှစ်သုံးလေးဆယ် ကတည်းက အမျိုးသမီး သူကြီးများကို ရွာသားများက ရွေးချယ်ခဲ့ကြောင်း နှစ်ဖက်တပ်များ၏ ရိက္ခာနှင့် ပေါ်တာ ကိစ္စများကို အမျိုးသမီး သူကြီးများ အဆင်ပြေပြေ ဆက်ဆံနိင်ခဲ့ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။
၂၀၁၂ ဇူလိုင် ၂၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၅)ရက် မြောက်နေ့တွင် ဘားအံမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၏ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများတွင် အမျိုးသမီးများ ရွေးချယ်ပိုင်ခွင့် ရှိ၊ မရှိ မေးမြန်းမှုကို ပြည်ထဲရေး ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

၂၀၁၂ မတ်လ ၂၈ ရက်နေ့၌ နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခန့်ထားရေး ဥပဒေတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ် ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ မိမိအရွေးချယ်ခံမည့် ရပ်ကွက် တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူ၊ ကျန်းမာရေး ကောင်းမွန်၍ ပညာအရည်အချင်း အသင့်အတင့် ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ် နေရေး ဖူလုံသူ၊ မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့်အချက်များပါဝင်သည်။



By The Voice Weekly

မုံရွာမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်တွင် ငလျင် လှုပ်ခတ်

ယနေ့နံနက်၈နာရီ ၅၅မိနစ် ပတ်ဝန်းကျင် အချိန်တွင် မုံရွာ မြို့ပေါ်နှင့် အနီးအနား ၀န်းကျင် ဒေသများတွင် စားပွဲခုံများနှင့် အဆောက်အဦးများ လှုပ်ခါသည် အထိ အင်အားရှိသည့် ငလျင် လှုပ်ခတ် သွားခဲ့ကြောင်း မုံရွာမြို့ခံများနှင့် ပတ်ဝန်းကျင် ဒေသများမှ လူအများစုက ပြောကြားသည်။

ယင်း လှုပ်ခတ်ခဲ့သည့် တစ်ချိန်တည်းတွင် မုံရွာမြို့နှင့် မိုင်၈၀ကျော် ဝေးသည့် မန္တလေးမြို့ပေါ် မုံရွာမြို့အရှေ့ဘက် ရှိရွေဘိုမြို့နှင့် မုံရွာမြို့မြောက်ဘက် ၂၁ မိုင်ခန့် ဝေးသော ဘုတလင်မြို့များတွင်လည်းငလျင် လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်များ အရ သိရသည်။

“ငလျင် လှုပ်တဲ့ အချိန်မှာ အိမ်သန့်ရှင်းရေး လုပ်နေတာပါ
နှစ်ခါ လှုပ်သွားတာ ဒုတိယ အကြိမ်က တော်တော်ပြင်း
တယ် အိမ်ပါလှုပ်ခါသွားတယ်”ငလျင် လှုပ်ခတ်မှုအား သတိထားမိသည့်မုံရွာမြို့ဘုန်းစိုးရပ်ကွက်မှအမျိုးသား
တစ်ဦးကပြောကြားသည်။

ယင်းငလျင် လှုပ်ခတ်သည့်ဖြစ်စဉ်အား မုံရွာမြို့ပေါ်မှ လူအများစု သတိထားမိခဲ့ကြပြီးဆိုင်ကယ်စီးနေသူ အချို့ ကမူ သတိမထားမိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“ကျွန်တော်မနက်စာ စားဖို့ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း စားပွဲနဲ့ထိုင်ခုံက အရင်လှုပ်တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အုတ်တံတိုင်း က သံစူးကြိုးတွေပါလှုပ်နေတာမြင်ရတယ် အဲဒီတော့မှငလျင် လှုပ်မှန်းသိတာ”
ဟုမုံရွာမြို့ခံ ကွမ်းပွဲစားတစ်ဦးကပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့သော်လည်း
ငလျင် ပြင်းအားမှာ ပြင်းထန်မှု ရှိကြောင်း လှုပ်ခတ်မှုကို
သတိထားမိသည့်လူအများစုက သုံးသပ်သည်။



By The Voice Weekly

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြော

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က၊ လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တစ်ချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း မြန်မာအာဏာပိုင် တွေကိုလည်း အကြောင်းကြား
ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ရဲ့ အစီရင်ခံချက်တွေအရ၊ ဘင်္ဂလားဒေ့ရှ်မှာ
ရှိတဲ့ ဂျမက် အီး အစ္စလမ် မီး အဖွဲ့လို အစွန်းရောက် အစ္စလမ်မစ်အဖွဲ့တွေ
က၊ အဲဒီ ဒုက္ခသည်တွေထဲက တစ်ချို့ကို အားပေးကူညီတာမျိုး ရှိနိုင်တယ်
လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘင်္ဂါလီ ရိုဟင်ဂျာ တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပေမဲ့၊ ဘင်္ဂလားဒေ့ရှ် အစိုးရက အ၀င်မခံဘဲ ပြန်မောင်းထုတ်နေတဲ့ အတွက်
နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက ကန့်ကွက်ဝေဖန် နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ကတော့ မြန်မာနိုင်ငံဘက်က အဲဒီ ဒုက္ခသည်တွေ ဘာကြောင့် ထွက်ပြေးပြီး၊ ဘင်္ဂလားဒေ့်ရှ် နိုင်ငံထဲကို ၀င်ရောက်ဖို့ ကြိုးစား နေတာလဲ ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်း
က သေသေချာချာ သိအောင် စုံစမ်းသင့်တယ်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ် မှာ ဒုက္ခသည် အများအပြားရှိနေပြီး ဖြစ်တဲ့အတွက် နောက်ထပ် လက်မခံနိုင်တော့ဘူးလို့လည်း ပြောဆိုပါတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ဟာ အကြမ်းဖက်သမား နှိမ်နင်းရေးအတွက် ဗြိတိသျှအစိုးရနဲ့ စကော့ တလန်ယာ့ဒ် ထောက်လှမ်းရေး အဖွဲ့တွေကနေ အကူအညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။



By RFA Burmese

စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို
မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ရီခူးကျေးရွာက ရွာသားတွေကို ဇူလိုင်လ တစ်ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးတဲ့ နောက်ပိုင်း
ကေအိုင်အိုနဲ့ ပတ်သက်တယ်လို့ ယူဆပြီး အစိုးရစစ်တပ် အမှတ် ခမရ ၇၊ ခမရ ၉ နဲ့ ခလရ ၁၂၃ တပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းသွားတဲ့ ရွာသား ၂၃ ယောက်ကို အဲဒီညမှာပဲ ပြန်လွှတ်ပေးလိုက်ပြီး ၃ယောက် ကိုတော့ ဆက်လက် ဖမ်းဆီးထားခဲ့ပါတယ်။ အဲဒီ ကျန်သူ ၃ ဦးထဲက ၂ ယောက်ကို ဇူလိုင်လ ၄ရက်နေ့ညက ပြန်လွတ်ပေးလိုက်ပြီး အသက် ၄၃ နှစ်အရွယ် ဇလမ်းဘွမ်ယော် ဆိုသူကိုတော့ ခမရ ၇ တပ်စခန်းအတွင်းမှာ ဆက်လက် ဖမ်းဆီးထားခဲ့ရာကနေ နောက်ပိုင်း ဘာသတင်းမှ ထပ်မံမသိရတော့ပဲ မနေ့ကတော့ သူရဲ့ အလောင်းကို စစ်တပ်ဟောင်း နေရာမှာ မြုပ်ထားတာကို တွေ့ခဲ့ ကြရ တယ်လို့ အလောင်းသဂြိုဟ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေသခံ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"အရင်က စစ်တပ်ဟောင်းရဲ့ နောက်မှာ မြုပ်ထားတာ အဲဒီမြေက ဆွနေတဲ့ အထဲမှာ တရုတ်မ တစ်ယောက်က တွေ့တာ။ အဲဒီမှာ ပေါက်ပြား တစ်လက်လည်း ကျန်ခဲ့တယ်။ အဲဒီကနေ အစအန ရှာပြီးတော့ အိမ်ရှင်တွေကနေ အသင်းတော်မှာ လာပြောတာ။ အသင်းတော်က အသင်းထောက်ကနေ ရဲစခန်းက အကြောင်းကြားခဲ့ပြီးတော့မှ ဒီနေ့ သွားရှာတော့ တကယ်တမ်း အဲဒီအလောင်းက ဟုတ်နေတာ မီးသတ်ကရော စခန်းမှုးတွေရော ဆရာဝန်တွေရော သူတို့ ခွဲစိတ်လုပ်တယ်။ ပြီးတော့မှ အိမ်ရှင်တွေကို မေးမြန်းတာတွေလုပ်တယ်။ ပြီးတော့မှ ကျမတို့ အသင်းတော်ကနေ ဆုတောင်းပြီးတော့ သဂြုင်္ိဟ်လိုက်တာပါ။"

အခုလို သေဆုံးနေတာဟာ ရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲစခန်းကို အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့လည်းသေဆုံးသူ ဇလမ်းဘွမ်ယော်ရဲ့ အဘိုးဖြစ်သူက ပြောပြပါတယ်။

"ရိုက်ထားတာ ခြေသလုံးမှာလည်း အခုထိ သွေးဥတွေ မဲတူးနေတာပေါ့။ ဒဏ်ရာဒဏ်ချက် မရှိတဲ့ နေရာမှာတော့ ဖြူနေတာပေါ့။ ဆရာဝန်လည်း ခွဲစိတ်ပြီးမှတော့ စစ်ဆေးနေတယ်။ ဆရာဝန် ထွက်ချက်တော့ ဦးနှောက်မှာ သွေးကြောတစ်ကြောပေါက်တယ်။ ဦးနှောက်ခွံမှာလည်း အမဲစက်တစ်ခု တွေ့တယ်တဲ့ နေရာတကာ ဒဏ်ရာဒဏ်ချက်တွေပဲ ပုခုံးကြောလည်း လွဲနေတယ်လို့ ပြောတာပဲ။ အဆုတ်မှာလည်း
သွေးကြောပေါက်၊ ဂျိုင်းအောက် တစ်ခုလုံးလည်း အနီချည်း ဖြစ်နေတာ သူတို့ ရဲစခန်းမှာ ရေးပေးထားတာတော့ အမှုတိုင်တဲ့ပုံစံပေါ့။
ရေးထားကြတယ်။"

ဇူလိုင်လ အစောပိုင်းက ကေအိုင်အိုနဲ့ အစိုးရတပ်တွေ ပန်ဆိုင်းမြို့နယ် အတွင်းမှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

အခုအခါ ဒေသခံတွေလည်း ကြောက်လန့်ပြီး မိမိနေရာမှာ ဆက်လက် မနေရဲကြတာကြောင့် ပန်ဆိုင်းမြို့ပေါ်ရှိ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းဝန်း
နဲ့ ဆွေမျိုးတွေအိမ်မှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။



By RFA Burmese

ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထု
လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။

ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာ လက်တွေ့
ပြသချင်တာကြောင့် ဖြစ်တယ်လို့လည်း အစည်းအဝေးကို တက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုပြုံးချိုက ပြောပါတယ်။

"အခုအချိန်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလည်းရေးမှာ အားလုံး ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းကို ဖန်တီးနေကြတယ်ဆိုတဲ့အတွက်၊ နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ နိုင်ငံနဲ့ အ၀န်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီအရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့သူများအားလုံးလည်း ဒီအပြောင်းအလဲတွေမှာ ပူးပေါင်းပါဝင်နိုင်မယ့် နည်းလမ်းကောင်းတွေ အကြံဥာဏ်ကောင်းတွေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်မယ့် အနေအထားကို ဆရာတော်တွေကလည်း သဘောပေါက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါ။"
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးကျောင်းတိုက် အတွင်း ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထားတယ်လို့ ကိုပြုံးချိုက ပြောပါတယ်။ သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျ သတင်းယူနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။ 

By RFA Burmese

အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ


နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဇမ္ဗူသီရိမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျသော်ပြောပြတာက -

"လောလောဆယ် ဘာတွေအခက်အခဲရှိသလဲ၊ ဘာတွေလိုအပ်သလဲ ဆိုတာကိုပဲ အဓိက မေးမြန်းတာပါ။ ဒေသခံတွေ အဓိပြောတာကလည်း လယ်ယာမြေတွေ ၈၀ ရာခိုင်နှုန်းလောက် အသိမ်းခံထားရတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာက အများဆုံးပဲလို့ ပြောပြကြပါတယ်။"

တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်
ပြန်လည်ရရှိရေးဟာ အဓိက ဦးစားပေး ဖြေရှင်းရမယ့် အဆင့်ဖြစ်နေတယ်
လို့လည်း ဦးဇေယျသော်က ပြောပါတယ်။

"လယ်ယာမြေ ဆုံးရှုံးသွားတဲ့ လယ်သမားတွေရဲ့ နစ်နာမှု အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ဖို့ဆိုရာမှာ လွှတ်တော်ထဲမှာ
ကော်မရှင်တခုအနေနဲ့ ဖွဲ့ပြီး စတင်စုံစမ်းမယ် ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့က လယ်ယာမြေ ပြန်ရဖို့ပဲဖြစ်ဖြစ်၊ အစားပြန်ရဖို့ပဲ ဖြစ်ဖြစ် ဒီအရာတွေကို ဒုတိယတန်းစား ဦးစားပေး အနေနဲ့ ထားပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေ လူငယ်တွေ အတွက် အလုပ်အကိုင် ရရှိမယ့် အခွင့်အလမ်းတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေး မလဲ ဆိုတာကို အဓိက ဦးစားပေး အနေနဲ့ တိုင်ပင် ဆွေးနွေး ဖြစ်ပါတယ်။"

ပျဉ်းမနား နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်ရောက်နေ
တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဌာနချုပ်ရုံးခွဲ ဖွင့်လှစ်မယ့် ဇမ္ဗူသီရိမြို့နယ်က ရုံးခန်း အခြေအနေကိုလည်း တဆက်တည်း သွားရောက်
ကြည့်ရှုခဲ့ပါတယ်။ 



By RFA Burmese

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်ပေါ်မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက်အရေးယူမည်ဟုဆို

တရုတ်နိုင်ငံတွင် အပတ်စဉ်ထုတ်ဝေလျက်ရှိသော Southern Weekend (China) သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းချက်ကို အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းဂျာနယ်အချို့၌လည်း ဖော်ပြလျက်ရှိရာ ဦးအောင်သိန်းလင်းက ထိုဖော်ပြချက်များအတိုင်း အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်အပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် တရားဝင်ကြေညာသည်။

ဦးအောင်သိန်းလင်းက အမှန်တကယ် ပြောကြားခဲ့ခြင်းဖြစ်ပါက ၄င်း၏ ပုဂ္ဂလိကပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများမဟုတ်ကြောင်းလည်း ကြေညာချက်တွင်ပါရှိသည်။

ကြေညာချက်အပြည့်အစုံမှာ-

(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက်များအား Internet စာမျက်နှာများပေါ်တွင် လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင်လည်းကောင်း ဖော်ပြလျက်ရှိနေကြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါသည်။

(၂) အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများ ဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

(၃) ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။



By 7Days News Journal

ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်မှ စတင်ရပ်နား


မြစ်ရေကြီးလာသည့်အတွက် ချင်းတွင်းမြစ်အတွင်း သွားလာသော ခရီးသည်နှင့် ကုန်တင်ရေယာဉ်များအားလုံး ဇူလိုင် ၂၈ရက်(ယနေ့)မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်သည်အထိ သွားလာခွင့် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဇူလိုင် ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

``ဧရာဝတီမြစ်ရေတက်ချိန် ဗန်းမော်မြို့အနီးမှာ ရှော်တယ်မှောက်လို့ လူသေတယ်ဆိုတဲ့ သတင်းတွေထွက်ကတည်းက ရေယာဉ်တွေ သွားလာခွင့်ပိတ်ချင်နေတာ။ အခု ချင်းတွင်းမြစ်ထဲမှာလည်း ကုန်တင်ရေယာဉ်နှစ်စီးက မှောက်တယ်ဆိုတော့ ဇူလိုင် ၂၈ ရက်ကစပြီး ခရီးသည်တင်ရော ကုန်တင်ရေယာဉ်တွေပါအားလုံး သွားလာခွင့် ရပ်နားတယ်။ အရင်နှစ်တုန်းကလည်း ရေတက်ချိန် နှစ်ခါတောင် ရေယာဉ်တွေ သွားလာခွင့် နားခဲ့ဖူးတယ်´´ဟု ချင်းတွင်းရေကြောင်း ခရီးသည်တင်ရေယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြစ်ရေကြီးလာပါက ယခင်နှစ်များကလည်း အလားတူ ရေယာဉ်သွားလာမှု ရပ်နားလေ့ရှိသည်။
ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် ရွှေပလ္လင်တောင်ခြေရှိ ရွှေပလ္လင်ဝဲတွင် မြသန္တာရေယာဉ် နစ်မြုပ်ခဲ့သည်။ သယ်ဆောင်လာသော ကုန်ပစ္စည်းဆုံးရှုံးသော်လည်း လူသေဆုံးမှု မရှိပေ။ ဇူလိုင် ၂၆ရက်တွင် ခေါင်ဦးကျေးရွာအနီး ကုန်တင်ယာဉ်တစ်စီး နစ်မြုပ်ခဲ့သည်။

ချင်းတွင်းမြစ်အတွင်း ခရီးသည်တင်ရေယာဉ်အသင်း သုံးသင်းမှ ရေယာဉ် ၆၀၊ ကုန်တင်ရေယာဉ်အသင်း ၁၉ သင်းမှ ရေယာဉ် ၁၀၀ ခန့် ပြေးဆွဲလျက်ရှိသည်။ ယခုနှစ် ဇူလိုင်လကုန်ရက်ပိုင်းအတွင်း မိုးရာသီ ရေများချိန်ဖြစ်သည့်အပြင် မြစ်ရေမြင့်တက်လာခြင်း၊ မိုးသက် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေ၀ဲများ ပြင်းထန်ကြီးမားခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့နှင့် အခြားဆိပ်ကမ်းမြို့များရှိ ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ ပြေးဆွဲမှုနှင့်ပတ်သက်၍ ယခုနှစ် ဇူလိုင် ၂၆ ရက် နံနက် ၉နာရီအချိန်တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံး၌ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ဆိပ်ကမ်းလုံခြုံရေး)၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့် ခရီးသည်တင် အမြန်ရေယာဉ်အသင်း၊ ကုန်တင်ရေယာဉ်အသင်း တာဝန်ရှိသူများအားလုံး တွေ့ဆုံသောအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခရီးသည်များ အသက်အန္တရာယ်လုံခြုံစေရန်၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆိပ်ကမ်းတွင် ရပ်နားထားသော ရေယာဉ်များအားလုံး ဇူလိုင်လ ၂၈ ရက်မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်ရှိချိန်အထိ ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာရေယာဉ်တာဝန်ခံများသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။



By 7Day News Journal