Monday, 23 July 2012

မုံရွာ ကြေးနီစီမံကိန်း ဒေသတွင်း ညမထွက်ရအမိန့် ရုပ်သိမ်းရေး ဆန္ဒပြမည်


မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဒေသတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် ယမန်နေ့ညက သေနတ် ပစ်ဖောက်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
“မနေ့ညက ၈ နာရီ ၃၀ မှာ သေနတ် ၃ ချက် ပစ်တယ်ဗျာ။ ကျနော်တို့ ရွာနဲ့ ဂိုက် ၅၀ ပဲ ဝေးတယ်။ ၉ နာရီ မတ်တင်း ( ည ၈း ၄၅ နာရီ) မှာ နောက်ထပ် ၂ ချက်ပစ်တယ်ဗျာ” ဟု ဒေသခံ ကျော်ရွာသား တဦးဖြစ်သည့် ဦးပြုံးချိုက ဧရာဝတီသို့ ပြောသည်။
မုံရွာကြေးနီ စီမံကိန်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – Canadian Friends of Burma)
သို့သော် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း၊ ရွာအနီး ဖြတ်သန်းသွားလာသူများကို ခြိမ်းခြောက်၍ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် ရွာသူ ရွာသားများမှာ ထိပ်လန့်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဒေသတွင် ကြေးနီ စီမံကိန်းအတွက် ဒေသအနီးတ၀ိုက်ရှိ ကျေးရွာ ပေါင်း ၂၆ ရွာကို စီမံကိန်းနယ်မြေအဖြစ် ၂၀၁၀ ပြည့်နှစ်က မတရား သတ်မှတ် သိမ်းပိုက်ခဲ့ကြောင်း၊ စီမံကိန်းနှင့် အနီးဆုံး ကျေးရွာ ၄ ခုကိုလည်း မြေအစား လျှော်ကြေးမပေးခဲ့ဘဲ စိုက်ပျိုးသီးနှံ လျှော်ကြေးသာ ပေးခဲ့ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ တချို့ရွာသားများက ပြောင်းရွှေ့မပေးဘဲ နေခဲ့ကြပြီး မြေယာအငြင်းပွားလျက် ရှိနေကြောင်း ဦးပြုံးချိုက ဆိုသည်။
မုံရွာကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီ စီမံကိန်းတခုဖြစ်ပြီး ယခင် မြန်မာအစိုးရ အမှတ် (၁) သတ္ထုတွင်း ၀န်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့ စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က ၂၀၀၉ ခုနှစ် မတိုင်မီက လုပ်ကိုင်ခဲ့သည်။
MICCL ကို အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ၀န်ကြီးဌာနက တားမြစ် ကုမ္ပဏီများ စာရင်းတွင် ၂၀၀၉ ခုနှစ်က သတ်မှတ်ခံရသည့်အတွက် အိုင်ဗင်ဟိုး ကုမ္ပဏီမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။
ထိုသို့ ထွက်ခွာသွားပြီးနောက် တရုတ်-မြန်မာ ဖက်စပ် ကုမ္ပဏီတခုဖြစ်သော Myanmar Wan-Bao Mining Copper Ltd နှင့် ဦးပိုင်လိမိတက်တို့က ယခုအခါ ပူးပေါင်း လုပ်ကိုင်နေသည်။
မုံရွာ ကြေးနီ စီမံကိန်းအတွက် ၂၀၁၂ ခုနှစ် မေလ က လယ်ယာမြေ ဧကပေါင်း ၇၈၆၈ ခန့်ကို နိုင်ငံပိုင် မြေဖြစ်သဖြင့် လျော်ကြေးပေး၍ သမ္မတအမိန့်ဖြင့် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ တာဝန်ခံများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ရွာသူ ရွာသားများကို ပြောဆိုခဲ့ကြောင်း သိရသည်။
ဒေသခံ တောင်သူများက မကျေနပ်၍ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ၃ ရက်နေ့ထိ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် စီမံကိန်း လုပ်ကိုင်နေသူ တာဝန်ခံများနှင့် ကြားဝင် ညှိနှိုင်းကြရာတွင် နားလည်မှုတခု ရခဲ့ကြောင်း မုံရွာဒေသခံဖြစ်ပြီး ယင်းကိစ္စတွင် ကူညီ အကျိုးဆောင်ပေးနေသူ ကိုမျိုးသန့်က ပြောသည်။
“အဲဒီ နားလည်မှု ရလိုက်တာက လောလောဆယ် ဒီပြဿနာတွေ ဖြေရှင်းမပြီးခင် မြေယာတွေပေါ် စွန့်ပစ်ပစ္စည်းနဲ့ မြေတွေ စုပုံတာတွေကို ရပ်ထားပေးမယ်။ အဆောက်အဦး ဆောက်တာတွေ ရပ်ထားပေးမယ်ဆိုတဲ့ နားလည်မှု ရထားပြီးတော့ အဲဒီဟာကို ဦးပိုင်က စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ၀န်ခံ ကတိလက်မှတ် ရေးထိုးထားတယ်” ဟု ၎င်းက ဆိုသည်။
ထို့သို့ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တရုတ်ကုမ္ပဏီက လုပ်ငန်းများ လုံးဝ နီးပါးရပ်သွားကြောင်း၊ အတည်မပြုနိုင်သော်လည်း ထွက်ပေါ်နေသော သတင်းများအရ ၆ လ နားမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း ညှိနှိုင်းဆောင်ရွက်မည်ဟု ကြားနေရကြောင်း၊ တရုတ် ကုမ္ပဏီက အလံများပါ ဖြုတ်ပစ်လိုက်ပြီး လုပ်ငန်း ရပ်ဆိုင်းထားကြောင်း၊ သို့သော် ဦးပိုင်လီမိတက်က ဆက်လုပ်လျက် ရှိပြီး ယခု နောက်ဆုံး ဦးပိုင်၏ ဖိအားဖြင့် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး အဆိုပါ ဒေသတ၀ိုက်ကို ဒေသအာဏာပိုင်တို့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ကိုမျိုးသန့်က ဆက်ရှင်းပြသည်။
ထို့အပြင် မတရား မြေသိမ်းရုံမျှမက အဆိုပါဒေသတွင် ပုဒ်မ ၁၄၄ ပါ ထုတ်ပြန်ခဲ့သည့်အတွက် မကျေမနပ်ဖြစ်နေသူ ဒေသခံ တောင်သူ ၅၀၀ ကျော်တို့ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ ယနေ့ တင်ပြလိုက်ကြောင်း သိရသည်။
“မြေယာသိမ်းခံရတဲ့ ဒေသခံ တောင်သူ ၅၀၅ ဦးက ဆန္ဒပြကြမှာပါ။ တကယ်တော့ မြေသိမ်းခံထိတာက ၈၀၀ လောက် ရှိတာဗျ။ တချို့က ၀န်ထမ်းတွေပါတော့ အကုန်လုံး မပါနိုင်တော့ဘူး။ ဆန္ဒပြမှာက ဇူလိုင်လ ၃၀ ရက်ကနေ သြဂုတ်လ ၁ ရက် ဗုဒ္ဓဟူးနေ့အထိ ၃ ရက်ပြမှာပါ” ဟု မုံရွာ ဒေသခံ တဦးဖြစ်သူ ကိုမျိုးသန့်က ပြောသည်။
ဆန္ဒပြရန်အတွက် ၅ ရက် ကြိုတင်၍ ယနေ့ နေ့လယ်ပိုင်းက ဒေသခံ ရွာသားများက သက်ဆိုင်ရာသို့ တရားဝင် ဆန္ဒပြခွင့်ကို ဆန္ဒပြမည့် လမ်းကြောင်း၊ ဆန္ဒပြမည့် လူဦးရေ၊ ဆိုင်းဘုတ်များစသဖြင့် အသေးစိတ်ဖြင့် တင်ပြခဲ့ကြောင်း သူက ဆက်ပြောသည်။
ကြွေးကြော်သံများမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မြေယာအငြင်းပွားမှု ဖြေရှင်းမပြီးသရွေ့ စီမံကိန်း ရပ်ထားရေး၊ (၃) ဝက်မင်းဘုန်းကြီးကျောင်း ပြန်ဖွင့်ရေး၊ (၄) တောင်သူလယ်သမား အခွင့်အရေး အပြည့်ရရှိရေး၊ (၅) ကျေးရွာ ၄ ရွာ မပြောင်းရွှေ့ရေး၊ (၆) ယာမြေများ လွတ်လပ်စွာ လုပ်ခွင့်ရရေးတို့ ဖြစ်ကြောင်း သိရသည်။

မန်မာ့ဆန် တင်ပို့မှု တရုတ် ရပ်ဆိုင်း


ဆန်အရည်အသွေး မပြည့်မီသောကြောင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ဆန် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
“အဓိက ကတော့ မြန်မာပြည်က ဆန်အရည်အသွေး နိမ့်လာတာ ဆန်စက်တွေကြောင့်လည်း ပါတယ်။ ဆန်စက်တွေက အခင်း ခင်းတာက အစ စနစ်တကျ မခင်းဘူး။ စပါး ကုန်သည်တွေက စပါးပုံပေါ် အိပ်တယ်၊ ဖိနပ်တွေ စီးတယ်။ ဒီဆန်တွေကို ရဟန်းရှင်လူတွေက စားသုံးတယ်။ အိန္ဒိယ နိုင်ငံမှာဆိုရင် ဆန်စက်ထဲ သွားတာတောင် ဖိနပ်ချွတ်သွားရတာ။ ဒီလိုပုံစံမျိုးနဲ့ ကမ္ဘာမှာ ဘယ်လိုအရည်အသွေးနဲ့ မြန်မာ့ဆန်ကို လက်ခံနိုင်မလဲ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
နိုင်ငံတော်အနေဖြင့် ဆန်စပါးကို ရသင့်ရထိုက်သော ဈေးနှုန်းရရှိရေး၊ အရည်အသွေး ကောင်းစေရန် တိုးချဲ့စိုက်ပျိုးရေးများ ပြုလုပ်နိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် မြန်မာ့ဆန် အရည်အသွေး မကောင်းခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က တိုင်တန်းခြင်းများ ရှိလာပြီး မြန်မာပြည်မှ ဆန် တင်ပို့ခွင့် ပိတ်သည့်အထိ ဖြစ်လာကြောင်း ပြည်ထောင်စု ၀န်ကြီးက ယခင်တပတ်တွင် ကျင်းပသည့် ဆန်စပါးအသင်း နှစ်ပတ်လည် အခမ်းအနားတွင် ပြောဆိုသွားသည်။
ဆန်စပါး အရည်အသွေး ကောင်းမွန်စေရေးနှင့် ပက်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကလည်း စိုက်ပျိုးထုတ်လုပ်မှု အပိုင်း တိုးတက် ဖွံဖြိုးရေးအတွက် စိုက်ဧက တိုးချဲ့ စိုက်ပျိုးသည့် နည်းလမ်းအပြင် အထွက်နှုန်း ပိုမိုထွက်ရှိရန် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးသည့် နည်းလမ်း လိုအပ်ကြောင်း၊ အဓိက သွင်းအားစု ဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ် ရွေးချယ်စိုက်ပျိုးခြင်း၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုခြင်း၊ လိုအပ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုခြင်း စသည်တို့ လိုအပ်ကြောင်း ပြောသည်။
ခေတ်မီ ဆန်စက်များနှင့် ကြိတ်ခွဲမှသာ ဆန်အထွက်နှုန်း ကောင်းမွန်မည် ဖြစ်ပြီး ဆန် အရည်အသွေး ကောင်းမွန် ကာ ဈေးကွက်လည်း ၀င်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၅ တန် အထက် ကြိတ်ခွဲနိုင်သည့် ဆန်စက်ကြီး ၁၂၀၀ ကျော်ခန့်ရှိပြီး ၂၅ မတ်တန် အထက် ကြိတ်ခွဲနိုင်သည့်ဆန်စက်၂၉၆ ခုရှိကြောင်း၊ စူပါ ၅ နှင့် စူပါ ၁၀၀ ကြိတ်ခွဲနိုင်သည့် စက် ၅၈ လုံးရှိပြီး ခေတ်မီ ဆန်စက်များ တိုးချဲ့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က “လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ ဆန်က အရည်အသွေး မကောင်းတဲ့အပြင် ဆန်စပါး စိုက်ပျိုးတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေထက် စိုက်ပျိုး ကုန်ကျစရိတ် တွေက ပိုများနေတယ်။ ဒီလို ပိုများနေခြင်း ဟာလည်း ဧက အထွက်နှုန်း နည်းတဲ့ အတွက်ကြောင့် ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ဆန် အရည်အသွေး အလွန် အားနည်းနေသောကြောင့် ပြည်ပရောင်းဈေးသည် တခြားနိုင်ငံများထက်
ရာခိုင်နှုန်း ၃၀ မှ ၁၀၀ အတွင်း လျော့နည်း သည်ကိုတွေ့ရကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမှ ဆန်စပါးကို ဦးစားပေး ဝယ်ယူခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
၂၀၀၇-၂၀၀၈ ခုနှစ်တွင် ဆန်တန်ချိန် ၃ ဒဿမ ၃၈၅ သိန်း၊ ၂၀၀၈ -၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၇ သိန်းခန့်၊ ၂၀၀၉ -
၂၀၁၀ တွင် ဆန်တန်ချိန် ၈ ဒဿမ ၉ သိန်းခန့်၊ ၂၀၁၀ – ၂၀၁၁ တွင် ဆန်တန်ချိန် ၅ ဒဿမ ၃ သိန်းခန့်၊၂၀၁၁ – ၂၀၁၂ ခုနှစ်တွင် ဆန်တန်ချိန် ၇ ဒဿမ ၉ သိန်းကျော် ပြည်ပသို့ တင်ပိုခဲ့ရာ အရည်အသွေး အသားပေးသည့် ဆန်စပါး ဈေးကွက်ကို အခြေခံပြီး တင်ပို့နေသည့် နိုင်ငံများကဲ့သို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောသည်။
ယခုနှစ် ဧပြီလကုန်မှ ဇွန်လအထိ တရုတ် – မြန်မာ နယ်စပ်မှတဆင့် ဆန်တန်ချိန် ၉၇၇၉၄ နှင့် ဆန်ကွဲတန်ချိန် ၁၅၆၆ ပို့ခဲ့ကြောင်း စီးပွားကူးသန်း စာရင်းများအရ သိရသည်။
ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ ထိုင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာ့ဆန်ကိုသာမက မြန်မာပြည်မှ အသားတင်ပို့မှုကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

မြန်မာနှင့်ထိုင်း စီးပွားရေး သဘောတူ စာချုပ်များ ချုပ်ဆို


မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့ ယနေ့နံနက်ပိုင်းက တွေ့ဆုံပြီး အထူးစီးပွားရေး ဇုန် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ နားလည်မှု ရယူနိုင်ခဲ့ကြောင်း သိရသည်။
ထားဝယ်အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများ၌ ပြီးပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU)၊ မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး များက ရေးထိုးကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်နိုင်ငံကုန်သွယ်ရေး တန်ဘိုးမှာ အမေရိ ကန်ဒေါ်လာ ၉.၅ဘီလီယံ (ထိုင်းဘတ် ၂၉၀ ဘီလီယံ) ရှိသည်။
စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ မိုက်ကယ် မွန်တီဆနိုက သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် အာဆီယံနိုင်ငံ အချင်းချင်း အပြန်အလှန် ရင်းနှီးစွာ ဆက်ဆံသည့် သဘောဖြစ်သည့်အပြင် ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အကြီးအကဲတဦး ဖြစ်ကြောင်း ထိုင်းနိုင်ငံကို ပြသရာ ရောက်သည်ဟု သုံးသပ်သည်။
“ဒီခရီးစဉ်မှာ ခိုင်မာတဲ့ ရလဒ်တခု ရဖို့ဆိုတာ ထိုင်းနိုင်ငံအပေါ်မှာပဲ မူတည်တယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေဟာ အရင်နဲ့မတူ တော့ဘူး၊ အကျိုးတူ စီးပွားရေး လုပ်မယ့်နိုင်ငံတွေ အများကြီးရှိတယ် ဆိုတာကို ထိုင်းနိုင်ငံအနေနဲ့ သတိထားရမယ်” ဟု ၎င်းကဆို သည်။
ထို့အပြင် ထိုင်းနိုင်ငံမှ တောင်းဆိုထားသည့် ပရာကျွတ်၊ ကန်ချနဘူရီ၊ မယ်ဟောင်ဆောင်၊ ချင်းမိုင် စသည့် နှစ်နိုင်ငံ နယ်စပ်ဒေသ များ၌ ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေးနှင့် ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူး လက်မှတ်ပြုလုပ်ရာတွင် ကြန့်ကြာနေသည့် အရေးကိစ္စများအပြင် မကြာသေးမီက တနင်္သာရီတိုင်း ကော့သောင်းခရိုင်အတွင်း ရာဘာဝင်ရောက် စိုက်ပျိုးမှုနှင့် အဖမ်းခံခဲ့ရသည့် ထိုင်းနိုင်ငံသားများ အရေးကိုပါ ဆွေးနွေးနိုင်ကြောင်း သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြီးခဲ့သည့်နှစ်က စတင်ဆွေးနွေး ခဲ့သော်လည်း ၎င်းစီမံကိန်းတွင် ပါဝင်သည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံစီမံကိန်းကို မြန်မာအစိုးရက ပယ်ချပြီးသည့် အပြင် ဒေသတွင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် မက်စ် မြန်မာ ကုမ္ပဏီကလည်း အဆိုပါ စီမံကိန်းမှ နှုတ်ထွက်ခဲ့သည်။
ယမန်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်ကို ထိုင်းဘုရင့် ကောင်စီ အကြံပေးအဖွဲ့ဝင် ထေ့ပ်ကမွန် ထေဝကွန် အပါအ၀င် ဒုတိယ ၀န်ကြီးချုပ် ယူထစပ်က် စစီပရာပါ တို့က ကြိုဆိုခဲ့ကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနက်ဆိပ်ကမ်းဖြစ်သည့် ချွန်ဘူရီခရိုင်ရှိ လမ်ချဘန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့လာခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံတွင် ၃ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး မြဘုရားသို့လည်း သွားရောက်ဖူးမျှော်မည်ဟု သတင်းများက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာ ချထားရေးဝန်ကြီး ဦးအောင်ကြည်၊ စွမ်းအင် ၀န်ကြီးဌာန၀န်ကြီး ဦးသန်းဌေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်တို့အပြင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကို၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမျိုးအောင်၊ ရထားပို့ဆောင်ရေးဝန်ကြီး သူရဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝင်းမြင့်တို့လည်း လိုက်ပါသွားသည်။
ယနေ့တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှာ ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာ အလုပ်သမားရုံးများသို့ သွားရောက် ကြည့်ရှုမည်ဖြစ်ပြီး စီးပွားရေး ၀န်ကြီး ဦးဝင်းမြင့်မှာလည်း ထိုင်းနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေး နွေးမည်ဟု သိရသည်။
သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နအဖ ဝန်ကြီးချုပ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၎င်း သမ္မတ တာဝန်ယူပြီးမှ ယခုအကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။


လယ်သမားအကျိုးဆောင်ကို တရားစွဲဖို့ ဇေကမ္ဘာ ပြင်ဆင်


ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
ဇေကမ္ဘာကုမ္ပဏီ၏ မန်နေဂျာ ဦးမြင့်ဇော်က အသရေဖျက်မှုနှင့် တရားစွဲရန် မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကြောင့် အသရေဖျက်မှု မြောက်မမြောက် စစ်ဆေးရန် မြို့နယ်ရဲစခန်းမှ ကျင့်ထုံးဥပဒေ ၂၀၂ (၁) အရ ဦးနေမျိုးဝေကို ယနေ့နံနက်က ခေါ်ယူမေးမြန်းခဲ့သည်ဟု ဆိုသည်။
“ရွှေနံသာက လယ်တွေက စက်မှုဇုန် ဇုန် (၄) လန ၃၉ ကျပြီးသားလို့ ဇေကမ္ဘာက ပြောတယ်။ ဒါဟာ လန ၃၉ မကျသေးဘူး၊ စက်မှုဇုန်အဖြစ် မသတ်မှတ်ရသေးဘူးလို့ တုံ့ပြန်လို့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကျစေတယ်၊ ညိုးနွမ်းစေတယ်၊ အသရေဖျက်တယ် ဆိုပြီး ဖြစ်တာ” ဟု ဦးနေမျိုးဝေက ပြောသည်။
တရားရုံး၏ ညွှန်ကြားချက်အရ စစ်ဆေးမှုများကို ပြုလုပ်ပြီးမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ တရားစွဲရန် အမှုမြောက် မမြောက်ကို တရားရုံးမှ ဆုံးဖြတ်မည်ဖြစ်သည်ဟု ဆိုသည်။
ရွှေနံ့သာကျေးရွာ အပါအ၀င် အပေါင်၊ ပေါင်းကူးစသည့် ကျေးရွာများမှ လယ်သမား ၈၀ ကျော်ပိုင် လယ်မြေဧက ၈၅၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်အတွင်းက ဇေကမ္ဘာကုမဏီက သိမ်းယူခဲ့သည်။ အဆိုပါ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် လယ်ပိုင်ရှင်များ၏ ကြိုးပမ်းနေမှုကို ဦးနေမျိုးဝေက ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
“ကျနော်တို့က မြေသိမ်းတဲ့ကိစ္စတွေကို အပြတ် ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်လို့ရှိရင် ပုဂ္ဂလိက ပိုင်ခွင့်အပြည့်အ၀ရှိတဲ့ အမေရိကန်လိုမှာမျိုးတောင် သိမ်းနေတာဗျာ။ ဒါပေမယ့် လူသားဆန်စွာ ဘယ်လို သိမ်းတယ်၊ ဘယ်လို လုပ်တယ်ဆိုတာကို ထောက်ပြတာ။ ကျနော်တို့နိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်ကြီးတွေ သူဌေး သူကြွယ်ကြီးတွေကလည်း ကျနော်တို့ ထုတ်ခဲ့တဲ့စာတွေကို သေချာဖတ်စေချင်ပါတယ်။ အခုက မိတ်ဆွေလို မဖြစ်တော့ဘဲ ရန်သူလို တရားတဘောင်တွေ ဘာတွေဖြစ်ရတော့ ကျနော် ၀မ်းနည်းတယ်ဗျာ” ဟု ဦးနေမျိုးဝေက ပြောသည်။
ဇေကမ္ဘာကုမဏီက အဆိုပါ လယ်မြေများကို အိုးအိမ်ဦးစီးဌာနက သိမ်းယူခြင်းသာဖြစ်ပြီး ၄င်းတို့အနေဖြင့် ထိုမြေပေါ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့၍ ပုဒ် ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှုတို့ဖြင့် ဇေကမ္ဘာကုမဏီပိုင်ရှင် ဦးခင်ရွှေကို လယ်သမားများက တရားစွဲဆိုထားသေးသည်။

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နိုင်ငံတော်အလံများ လွှင့်ထူ

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေ့မှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထိုသို့ လွှင့်ထူရခြင်းမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကုသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့သော စကားများကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ နိုင်ငံတော်အလံကို လွှင့်ထူကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း''ဟု  မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင်  မြန်မာနိုင်ငံတော်အလံကို လွှင့်ထူထားကြပြီး ကိုးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများက ပြောကြားခဲ့သည်။ 
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဥပဒေအရာရှိချုပ် ဦးလှသိန်းက ''သမ္မတပြောတာကို ထောက်ခံလို့ နိုင်ငံတော်အလံကို ထောင်တာကတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဘယ်သူတွေ ဦးဆောင်ပြီးထောင်တယ်ဆိုတာကိုတော့ မသိပါဘူး''ဟု ပြောကြားခဲ့ပါသည်။

အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ သတင်းနှင့်ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်ကလည်း''နိုင်ငံတော်အလံကို ထောင်ကြတယ်ဆိုပြီး လေ့လာကြည့်တော့ သမ္မတကြီးကို ထောက်ခံတဲ့အကြောင်းကို ထုတ်ဖော်ပြသတာဆိုတော့ ကောင်းပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒီလိုလုပ်တာ ကောင်းပါတယ်''ဟု ပြောကြားခဲ့ပါသည်။
ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး စစ်တွေမြို့တွင် နိုင်ငံတော်အလံကို ကားများ၊ ဆိုက္ကားများ၊ ဆိုင်ကယ်များ၊ အိမ်များ အစရှိသည့် နေရာပေါင်းစုံတွင် တော်တော်များများ လွှင့်ထူထားခြင်းအား တွေ့ရှိရပါသည်။ 
စစ်တွေမြို့တွင် ပျံ့နှံ့နေသော လက်ကမ်းစာစောင်များတွင် "သမ္မတကြီးအား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းကိုပြသခြင်း၊ သမ္မတကြီး၏ ပြောစကားကို ရခိုင်လူမျိုးများမှ ထောက်ခံကြောင်း ပြသခြင်း၊ ဘင်္ဂလီများ အရေးကိစ္စတွင် သမ္မတကြီးနောက်မှ ရခိုင်လူမျိုးများရှိကြောင်းပြသခြင်း၊ သမ္မတကြီးစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့်ကွက်၊ ဆန်ကျင်၊ မထောက်ခံကြောင်းပြခြင်း၊ သမ္မတကြီးစကားကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် အခြားသော ၀န်ထမ်းများနှင့်တကွ ရခိုင်ပြည်သူတစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ကို ပြသခြင်းဖြစ်ကြောင်း"ဟု ဖော်ပြထားပါသည်။
ထို့အပြင် စစ်တွေမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်ဇော်ကလည်း "ဒီလိုမျိုး သမ္မတကြီးရဲ့စကားကို ထောက်ခံပြီး လုပ်ကြတာ သိပ်ကိုကောင်းတဲ့ အစီအစဉ်တစ်ရပ်ပါ။ နောက်ကိုလည်း နိုင်ငံတော် သမ္မတကြီးနဲ့ တစ်ကွ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာလည်းပဲ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိလို့ရှိရင် ပြည်သူ့အကျိုးအတွက် ရပ်တည်ပေးလို့ရှိရင် ဥပဒေဘောင်အတွင်းကနေပြီး ဂုဏ်ပြုခြင်းတွေ လုပ်သင့်ပါတယ်။ အခု ရခိုင်ပြည်သူတွေလုပ်နေတာကိုလည်း ကျွန်တော့်နေနဲ့ အားပေးသလို ကျွန်တော့အိမ်မှာလည်း နိုင်ငံတော်အလံကိုထောင်ထားပါတယ်"ဟု ပြောကြားခဲ့ပါသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ဇူလိုင်လ၂၄ရက်နေ့မှစ၍ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတန်းများ ထုတ်ယူနိုင်မည်


၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 
အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လ၂၄ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ ဖုန်း ၅၃၇၆၇၇၊ ၅၂၅၆၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ထိုသို့လျှောက်ထားရာတွင် မိမိအမှန်တကယ် တက်ရောက်လိုသော သက်ဆိုင်ရာတက္ကသိုလ်ကို တိကျစွာ ရေးသားဖော်ပြရန်လိုပြီး  ဦးစားပေးအလိုက် တခြားတက္ကသိုလ်များကိုပါ လျှောက်ထားရန်လည်းလိုအပ်သည်ဟု သိရသည်။


http://www.weeklyeleven.com/index.php?option=com_content&view=article&id=14676:2012-07-22-19-44-49&catid=42:2009-11-10-07-36-59&Itemid=112

အမေရိကန် စီးပွားရေးကိုယ်စားလှယ်များ လာရောက်အပြီးတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရ ဖိတ်ခေါ်


အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များစွာပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်အပြီးတွင် မြန်မာနိုင်ငံအစိုးရသည် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၂၃ ခု ကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်လိုက်သည်ဟု ပြည်ပသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ 
ဤကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာမှ ရေနံကုမ္ပဏီကြီးများကို ဆွဲဆောင်ရန်ဖြစ်သည်ဟု သုံးသပ်ကြသည်။ မြန်မာအစိုးရသည် ယခင်က သတင်းအချက်အလက်များ ထုတ်ဖော်ခြင်းမရှိခဲ့ပဲ ယခုအခါ ရခိုင်၊ မုတ္တမနှင့် တနင်္သာရီကမ်းလွန်ဒေသ တို့တွင် လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ 
ယင်းကမ်းလွန်လုပ်ကွက်များသည် ယခင်က နိုင်ငံတကာ ရေနံကုမ္ပဏီများ လာရောက်လုပ်ကိုင်ခြင်းမရှိသော လုပ်ကွက်များဖြစ်ပြီး ယခုလုပ်ကိုင်ခွင့်ရရန် မြန်မာအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ မြန်မာအစိုးရပိုင် MOGE  က စီမံကိန်းတစ်ခုချင်းစီတွင် ပိုင်ဆိုင်မှု ၁၅ ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းအထိ ရှိမည်ဟု သိရသည်။
လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည် ရေနံရှာဖွေတူးဖော်ခွင့် ခြောက်နှစ်နှင့်အထက် ရရှိမည်ဖြစ်ပြီး စတင်သည့်အချိန်မှ သုံးနှစ်အထိ အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ 
မြန်မာအစိုးရပိုင် MOGE က မလေးရှားနိုင်ငံပိုင် Petronas ၊ ထိုင်းနိုင်ငံပိုင် PTT နှင့် အိန္ဒိယနိုင်ငံပိုင် Jubilant တို့အပါအ၀င် ကုမ္ပဏီ ၉ ခုကို ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရန် သဘောတူညီချက် လတ်မှတ်ရေးထိုးထားသည်။ မြန်မာနိုင်ငံ အနေနှင့် လာမည့်လအတွင်းတွင် ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်များအတွက် တင်ဒါထပ်မံခေါ်ယူရန်ရှိနေသည်ဟုလည်း သိရှိရသည်။

Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်


Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။  
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က  ပြောကြားခဲ့ပါသည်။

MCPA Days ကျင်းပမည်


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ အိုင်တီလူ့စွမ်းအား အရင်းအမြစ်များနှင့် IT Industry ရှိ အိုင်တီကုမ္ပဏီများအား ချိတ်ဆက်ပေးရန်အတွက် MCPA Day အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MCPA Day တွင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ အိုင်တီပညာရှင်များမှ Career Dev-elopment ဆိုင်ရာ စာမေးပွဲများအကြောင်းအား ဟောပြောမည့်အပြင် ၄င်းနေ့တွင် အိုင်တီနည်းပညာအား အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော အိုင်စီတီ လူ့စွမ်းအား အရင်းအမြစ်များကို Recruit ပြုလုပ်နိုင်စေရန်အတွက် Career Fair ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပါဝင်ရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ ကုမ္ပဏီအမည်နှင့် Registration Fees အား ဇူလိုင်လ ၃၀ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့က နစ်မြုပ်သွားသော ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ဧရာဝတီမြစ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့က နစ်မြုပ်သွားခဲ့သော ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှနံနက် ၉ နာရီခန့်က စတင်ထွက်လာသောမြမင်းအောင်အမည်ရှိ အဆိုပါရေယာဉ်သည် ဆိပ်ကမ်းမှထွက်ခွာပြီးနောက် ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ်တစ်စီးနှင့် တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ အခင်းဖြစ် ရေယာဉ် တွင်ဒေသခံများနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာတွင် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်း ၈ နာရီခန့်အချိန်ထိ ကျား ၅၀ ဦး၊ မ ၂၀ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၃၀ အထက် သေဆုံးသူ ကျားလေးဦးကိုလည်း ဆယ်ယူရရှိထားကြောင်း သိရသည်။
ထပ်မံရရှိသောသတင်းများအရ ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုပ်အလောင်းတစ်လောင်း ဆယ်ယူရရှိခဲ့ကြောင်း၊ နစ်မြုပ်ရှပ်ပြေးရေယာဉ်အား ဆယ်ယူရရှိနိုင်ရေးအတွက် ဇူလိုင်လ ၂၂ရက်နေ့တွင် ကသာမြို့မှ သင်္ဘောဆယ်ယူရေးအဖွဲ့ဖြင့် ရှာဖွေသွားရန်ရှိကြောင်း သိရသည်။
''ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကိုတော့ စဖြစ်တဲ့နေ့ကနေ ဒီနေ့အချိန်ထိ အားချင်း လုပ်နေရတယ်။ အသက်ရှင်လျက် ကယ်ဆယ်ခံရသူတွေ အများစုကတော့ ကိုယ့်အရပ်ဒေသကို ပြန်ကုန်ကြပြီ။ တချို့ကိုတော့ ဆေးရုံပို့ပေးရတယ်''ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ 
ဖြစ်စဉ်နှင့်ပက်သက်၍ ရေယာဉ်မောင်း ချစ်သဲ(ခ)ကျော်သီဟ (၂၉)နှစ်၊ (ဘ) ဦးကြည်သန်းအား ဗန်းမော်ရဲစခန်းမှ (ပ) ၂၂၁/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀/ ၂၈၂/ ၃၀၄-က တို့ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


http://www.weeklyeleven.com/index.php?option=com_content&view=article&id=14675:2012-07-22-19-41-55&catid=45:2009-11-10-07-45-41&Itemid=113

ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနား ကျင်းပ


ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက် ကြီး(၇)ရှိ ‘က္ခိဏသာခါရာမ ကျောင်းတိုက်အတွင်း၌ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။
ယင်းဖွင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ တက်ရောက်ချီးမြှင့်ပေးခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)အား ဦးကျော်သူနှင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာနီနီအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ဦးကျော်သူမှနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး ပဲခူးမြို့၊ ပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာနီနီအေး၊ ဒေါ်ရွှေဇီးကွက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၏ ဥက္ကဋ္ဌဦးသူရိန်ဝင်းတို့မှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=14674:2012-07-22-19-38-21&catid=45:2009-11-10-07-45-41&Itemid=113

"တစ်ချိန်က ဗီဒီယိုဇာတ်ကားမှာ စာရေးသူနာမည်ရေးထိုးခွင့်မရခဲ့တဲ့ ကိုမင်းကိုနိုင်ရဲ့ဝတ္ထုတစ်ပုဒ်အကြောင်း"

စွယ်စုံရအနုပညာရှင် ဇာဂနာကလည်း ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အရေးကြုံလာရင် တတ်ကျွမ်းတဲ့အပိုင်းမှာအချိန် မရွေးပါဝင်ဖို့ အသင့် ရှိနေသူတစ်ယောက်ပါ။ အလှူကဏ္ဍတွေမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်လေ့ ရှိတဲ့ဇာဂနာက''တိုင်းပြည်မှာရှိတဲ့ ဒုက္ခရောက်တဲ့နိုင်ငံသားတွေကို လှူတာ ဟာ မွန်မြတ်တဲ့အလှူပါ။ အထူးသဖြင့် အနုပညာရှင်တွေဆိုတာက ပြည် သူတွေရဲ့ ပိုက်ဆံကို တိုက်ရိုက်ယူတာလေ။ ဒါကြောင့်ပြည်သူတွေ ဒုက္ခရောက်ရင် ကျွန်တော်တို့မှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ယူဆ ထားတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အရင်က မင်းကိုနိုင်ရေးသားထားတဲ့ ဝတ္ထု'မမပြုံး ပြုံးပြပါ' ကိုဇာဂနာက ဗီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူးဖူးကြောင်း သိရပါတယ်။ ဒီဝတ္ထုနဲ့ပတ်သတ် ပြီး ဗီဒီယိုရိုက်ကူးဖြစ်သူ ဇာဂနာက''၁၉၉၄ခုနှစ်လောက်မှာ သူနဲ့ ကျွန်တော် ရယ်၊ ဦးဝင်းတင်ရယ် သုံးယောက်ပေါင်းပြီး စိတ်ကူးမိတာပါ။ တစ်သက်လုံးမပြုံးနိုင်တဲ့ မမပြုံးဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိခဲ့တယ်။ သူ့ရဲ့အပြုံးကို အမြဲတမ်းတောင်းဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ အဲဒီကောင်လေး ဆုံးသွားတဲ့အခါမှာ မမပြုံးက ပြုံးပြနိုင်တယ်။ ဒီဇာတ်ကားကို ဒွေးရယ်၊ထွန်းအိန္ဒြာဗိုရယ် သရုပ်ဆောင်ထားတယ်။ အဲဒီ တုန်းက နှစ်ယောက်စလုံးက အင်းစိန်ထောင်ထဲမှာ အထိန်းသိမ်းခံထားရ တဲ့အချိန်လေ၊ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဘဲ ဖန်တီးယူခဲ့ရတယ်။ အပြင်ထွက်လာတဲ့အခါ ဒီဇာတ်လမ်းလေး ဖန်တီးဖြစ်ခဲ့တယ်။
ဝတ္ထုဇာတ်ညွှန်း ကိုမင်းကိုနိုင်လို့ ဖော်ပြခွင့်မရလို့ပေါ်ဦးဆို တဲ့နာမည် နဲ့ဖော်ပြခဲ့တယ်''လို့ ပြောပါတယ်။ 



By AF IJournal

ဆရာကြီး သခင်ကိုယ်တော်မှိုင်း















By The Voice Weekly

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်

ယနေ့ နံနက်ပိုင်းတွင် ထိုင်နိုင်ငံ အစိုးရအိမ်တော်၌ ပြုလုပ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် တို့အား တွေ့ရစဉ်














နိုင်ငံတော် သမ္မတ ဦးသိန်းစိန် PTTEP ကုမ္မဏီမှ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဌ တို့ နှင့် တွေ့ဆုံနေစဉ် 

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ၀န်ကြီးများထံသို့ ထိုင်းနိုင်ငံ SCG Group၊ PTT Group PTEP နှင့် CP ကုမ္မဏီတို့မှ အမှုဆောင် အရာရှိချုပ်နှင့်ဥက္ကဌများ ယနေ့ မွန်းလွဲပိုင်းက လာရောက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် CP ကုမ္မဏီမှ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဌ တို့ နှင့် တွေ့ဆုံနေစဉ် 

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ၀န်ကြီးများထံသို့ ထိုင်းနိုင်ငံ SCG Group၊ PTT Group PTEP နှင့် CP ကုမ္မဏီတို့မှ အမှုဆောင် အရာရှိချုပ်နှင့်ဥက္ကဌများ ယနေ့ မွန်းလွဲပိုင်းက လာရောက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။




By Eleven Media Group, 7Day News Journal

ကြမ်းခင်း ပြိုကျမှု ဖြစ်ပွားခဲ့သည့် မုံရွာမြို့ အ.ထ.က ၂မြင်ကွင်း






By Eleven Media Group

လယ်ယာမြေသိမ်းဆည်းမှုများ စုံစမ်းဖော်ထုတ်၍ တရားမျှတစွာဖြေရှင်းရန်အရေး လွှတ်တော်အတွင်း ဆွေးနွေးသူများ

နေပြည်တော်၊ဇူလိုင်-၂၃
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် ဇလွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိ
စေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားရာ ပြီးခဲ့သည့် ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စား
လှယ် ငါး ဦးဆွေးနွေးခဲ့ပြီး ယနေ့(ဇူလိုင် ၂၃ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မနက်ဖြန်(ဇူလိုင် ၂၄ ရက်)တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း ကိုယ်စားလှယ် ၁၀ ဦးမှ ထပ်မံဆွေးနွေးမည်ဖြစ်သည်။ဇူလိုင် ၂၄ ရက် တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် JICA မှ ချေးငွေများနှင့် ပတ်သက်၍လည်း ပြည်
ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးမှ ဖတ်ကြားရှင်းလင်းတင်ပြမည့် အစီအစဉ်ပါဝင်သည်။
ဦးတင်ထွဋ်၏ အဆိုအား ဆွေးနွေးမည့် ကိုယ်စားလှယ် ၄၅ ဦးရှိသဖြင့် ယခုတစ်ပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်များတွင် ယင်းအဆိုအား ဆွေးနွေးမည့် အစီအစဉ်များသာ အဓိကပါဝင်နိုင်ဖွယ်ရှိကြောင်း ကိုယ်စားလှယ်များ
ကခန့်မှန်းသည်။
လစ်လပ်သွားသည့် ဒုတိယသမ္မတနှင့် ပတ်သက်သည့် အစီအစဉ်မှာ ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်များတွင် ပါဝင်နိုင်ဖွယ် မရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။ဒုတိယ သမ္မတနေရာ
ယခင်က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သားကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းထားသည်ဟု သိရသော်လည်း နောက်ပိုင်းတွင် တပ်မတော်အတွင်းမှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် ဗိုလ်ချုပ်ကြီး
တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြန်သည်။



By 7Day News Journal

ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနှင့် ထိုင်း ဆက်လက်လုပ်ဆောင်မည်

စီးပွားရေးဆက်ဆံမှု ပိုမိုအားကောင်းခိုင်မာရေး အဓိကထား၍ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် ကန်ဒေါ်လာသန်းပေါင်းထောင်ချီကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားရန် ထိုင်းနှင့် မြန်မာတို့က သန္နိဋ္ဌာန်ချမှတ်ခဲ့ကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများအတွက်အိန္ဒိယသမုဒ္ဒရာနှင့် အနောက်နိုင်ငံဈေးကွက်များအတွက် စီးပွာရေးလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်နိုင်မည့်ထွက်ပေါက်ဖြစ်လာနိုင်သည်။

ထားဝယ်တွင် အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်သွားရေးအတွက် နှစ်နိုင်ငံကြား ဇူလိုင် ၂၃ ရက်တွင် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ပြီး ယင်းအတွက် ထိုင်းနိုင်ငံက လိုအပ်သော ကဏ္ဍများတွင် အကူအညီပေးရန်သဘောတူညီခဲ့သည်။ ယင်းကဏ္ဍများတွင် လုံခြုံရေး၊ အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးပံ့ပိုးပေးခြင်းများလည်းပါဝင်သည်။

နှစ်နိုင်ငံကြားတွင် ဆက်စပ်နေသောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ၀န်ကြီးအဆင့်ဆက်သွယ်မှုများ ထူထောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့အလည် အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ်ရှင်နာ ၀ပ်ကပြောကြားသည်။

“ကျွန်မတို့ရဲ့ ဆွေးနွေးမှုတွေမှာ ထားဝယ်ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့တိုးတက်မှုတွေရရှိအောင် မြန်မာနိုင်ငံနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ ထိုင်းအစိုးရရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထပ်မံအတည်ပြုခဲ့ပါတယ်”ဟု မစ္စယင်လပ်ခ်က ပြောကြားသည်။

ထားဝယ်စီမံကိန်းမှာ စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းပြီး သံမဏိစက်ရုံ၊ ရေနံဓာတုစက်ရုံနှင့် ရေနံချက်စက်ရုံများ ပါဝင်သည်။ ယင်းစီမံကိန်းအား ထိုင်းစက်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်သော အီတာလျံ-ထိုင်းက ဦးဆောင်အကောင်အထည်ဖော်နေပြီး ရန်ပုံငွေရှာဖွေရေးတွင် ပြဿနာရှိနေသည်ဟု ဆိုသော်လည်း စီမံကိန်းမှာ အစီအစဉ်အတိုင်း ဆက်သွားနေသည်ဟု ထိုင်းကုမ္ပဏီကပြောကြားသည်။ သို့သော် ထားဝယ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၄၀၀၀ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအား မြန်မာအစိုးရက ယခုနှစ် စောစောပိုင်းတွင် တားဆီးခဲ့ရာမှ ဆိပ်ကမ်းတည်ဆောက်ရေးအပေါ် သံသယပွားခဲ့ကြသည်။

သမ္မတဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်တွင် ထိုင်းပင်လယ်ကွေ့ရှိ လမ်ချာဘန်းရေနက်ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ယင်းဆိပ်ကမ်းနှင့်ထားဝယ်ဆိပ်ကမ်းအား ကုန်းလမ်းမှ လမ်းဖောက်ဆက်သွယ်သွားမည်ဖြစ်သည်

ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား လက်ရှိနယ်စပ်ဂိတ်များအပြင် ချင်းမိုင်၊ မဲဟောင်ဆောင်နှင့် ကန်ချာနာဘူရီဒေသများ၌ နယ်စပ် ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်သွားရန်ကိုပါ သဘောတူညီခဲ့ကြသည်။

ကိုးကား -AFP

By 7Day News Journal

ထိုင်းနိုင်ငံသား ၉၂ ဦးအား မြန်မာတရားရုံး၌ စစ်ဆေးမည်

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့်ကပ်လျက် မြန်မာနိုင်ငံ ကော့သောင်း ခရိုင်၌ တရားမ၀င် ၀င်ရောက်မှု ကြောင့် ဇူလိုင် ၄ ရက်က ဖမ်းဆီး ထားသော ထိုင်းနိုင်ငံသား ၉၂ ဦး အား ဇူလိုင် ၂၇ ရက်တွင် မြန်မာ တရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီကပြောကြားသည်။

အဆိုပါ ထိုင်းနိုင်ငံသားများအား တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမ၀င်ကိုင်ဆောင်မှုများဖြင့် စွဲချက်တင်ထားသည်ဟု မစ္စတာသာနီက ပြောသည်။ တရားခံများကိုအကူ အညီပေးရန် ဒေသခံ ထိုင်း-မြန်မာနယ်စပ်ကော်မတီသို့တာဝန်ပေးထားကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်က ၎င်းတို့အတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်တိုဗီချာချိုင်ကူးလ်ကလည်း ယင်းထိုင်းနိုင်ငံသားများကိစ္စကို ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ် ရှင်နာဝပ်ကလည်း ယင်းကိစ္စကို မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အသိပေးပြောကြားခဲ့သည်ဟု မစ္စတာသာနီကပြောသည်။ တရားခံများအား ရုံးထုတ်သည့်နေ့မှာပင် မြန်မာတရားရုံးက စီရင်ချက်ချမှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာတရားစီရင်မှုလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်မည် မဟုတ်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

/Bangkok Post/



By 7Day News Journal

ဒ်ါအောင်ဆန်းစုကြည်၏ ကလေးဘ၀မှ လက်ရှိအချိန်အထိ အဖြစ်အပျက်၊အကြောင်းအရာများကို အင်တာဗျူး ပြုလုပ်ခဲ့

ဒေါ်အောင်ဆန်းစုကြည်အတ္ထုပတိကို မှတ်တမ်းရုပ်ရှင်(Documentary ) အဖြစ် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဇူလိုင်လ ၂၁ရက် နံနက် ၁၀နာရီက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း၊ခြံနံပတ် ၅၄ တွင် စတင်ရိုက်ကူးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကလေးဘ၀မှ လက်ရှိအချိန်အထိ အဖြစ်အပျက်၊အကြောင်းအရာများကို အင်တာဗျူး ပြုလုပ်ခဲ့ရာတစ်နာရီကြာမြင့်ခဲ့ပြီး ရိုက်ကွင်းတွင် ဖြေကြားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ဓာတ်ပုံ- မျိုးမြင့်ဆွေ


ဓာတ်ပုံ- MHKKG Team





By 7Day News Journal

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံမှု၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင်
စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။

"ထိုင်းဝန်ကြီးချုပ်က မနေ့ကမှ နိုင်ငံခြားခရီးစဉ်က ပြန်ရောက်လာတဲ့ အတွက် ဒီနေ့ရောက်မှ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီအချိန်က ထိုင်းအစိုးရ အိမ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုကြိုဆိုပွဲ လုပ်ပါတယ်။ အဲတာပြီးတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ ၀န်ကြီးတွေ နားလည်မှု စာချွန်လွှာရေးထိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်"ဟု ကိုဝေဖြိုးက ပြောပါသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအပြီး ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာများမှာ မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နားလည်မှု စာချွန်လွှာများ ဖြစ်ကြောင်း သိရပါသည်။

နားလည်မှုစာချွန်လွှာ ရေးထိုးမှုအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမ လုပ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှု အပါအ၀င် နှစ်နိုင်ငံ ဆက်သွယ်မှု လမ်းကြောင်းများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ကူညီ ဆောင်ရွက်ပေးရန် အစရှိသည်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

"ထိုင်းဝန်ကြီးချုပ် ရင်လတ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီဆောင်ရွက်ပေးမယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ မနေ့က ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေနက်ဆိပ်ကမ်း လမ်ချာဘန်ကို သွားရောက်လေ့လာထားတယ်။ ဒီလေ့လာမှုက နှစ်နိုင်ငံအကြား ပူးပေါင်း လုပ်ဆောင်မှုတွေမှာ အရေးပါမှုတစ်ခု ဖြစ်လာလိမ့်မယ်။ နောက်ပြီး သြဂုတ်လထဲမှ ထိုင်းနိုင်ငံဘက်က ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်သွားမယ် စတဲ့အချက်တွေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်" ဟု ကိုဝေဖြိုးက ဆက်လက် ပြောပြပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတက မြန်မာဘာသာဖြင့် ပြောဆိုခဲ့ကာ ထိုင်းဝန်ကြီးချုပ်က ထိုင်းဘာသာစကားဖြင့်ပင် ပြောဆိုခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်မှု အသွင်သာ ဆောင်ခဲ့ပြီး သတင်းထောက်များမှ မေးခွန်းမေးမြန်းခြင်း အစီအစဉ်မပါရှိခဲ့ကြောင်း သိရပါသည်။

ယနေ့ မွန်းလွဲပိုင်း အစီအစဉ်၌မူ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အဖွဲ့သုံးဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရပါသည်။
နိုင်ငံတော် သမ္မတနှင့်အတူ လိုက်ပါလာသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှာ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ Rice Engineering supply ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲသို့ မြန်နိုင်ငံ ဆန်စပါး ထုတ်လုပ်သူများအသင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် စက်မှုဇုန်ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်လည်း ထိုင်နိုင်ငံရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် နေရာ အချို့သို့ သွားရောက်လေ့လာရန် အစီအစဉ်ရှိကြောင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေသော Phamattana Sea food ကုမ္ပဏီကိုလည်း သွားရောက် လေ့လာမည်ဟု သိရပါသည်။

နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်မည်ဖြစ်ကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် မြဘုရားသို့ သွားရောက်ဖူးမျှော်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ 
 

By Eleven Media Group

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော အကြမ်းဖက်အဓိကရုဏ်းတွင်ပါဝင်ပတ်သက်မှုကြောင့် အန်ဂျီအို ၀န်ထမ်းများထိန်းသိမ်း ခံရပြီးနောက်ပိုင်းတွင် INGOS, UNSTOP စသည့် ပိုစကာလှုပ်ရှားမှုများကို အန်ဂျီအိုဝန်ထမ်းအချို့က စစ်တွေမြို့တွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာ

ပြီးခဲ့သည့်လအတွင်းက ရခိုင်ပြည်နယ်ဒေသအ၀န်းတွင် ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့(AZG)မှ INGO၀န်ထမ်းတစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ဦးကျော်လှအောင်အား ထိန်းသိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ပိုစတာလှုပ်ရှားမှုများ နေရာအနှံဖြစ်ပေါ်လာခြင်း ဖြစ်သည်။
”UN,INGOS နဲ့ ပတ်သက်ပြီးတော့ ဒီမှာ တော်တော်လေးကို မကျေနပ်ဖြစ်နေကြတယ်။အကြမ်းဖက်မှုနဲ ဆက်နွယ်တဲ့ အန်ဂျီအိုဝန်ထမ်းတွေကိုပြည်နယ်တရားလွှတ်တော်ရုံးမှာ စစ်ဆေးနေတယ်။ UN,INGOS ကို STOP လုပ်တာက ရခိုင်ပြည်ကိုရောက်တဲ့ အန်ဂျီအိုတွေက ဒေသခံရခိုင်တွေကို အကူညီပေးတာမဟုတ်ဘူး၊ ပြည်ပကနေခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုပဲ ထောက်ပံ့နေတာ။ ရခိုင်မှာစာမသင်ရတဲ့ ကလေးအများကြီးဘဲ၊ ဒါပေမယ့် အန်ဂျီအိုတွေ မမြင်ယောင်ဆောင်နေတာ”ဟု စစ်တွေမြို့ခံတစ်ဦးက၄င်း၏ခံစားချက်ကိုရှင်းပြသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်ရှိဘင်္ဂါလီများအား ပြည်နယ်ခွဲဝေပေးရန်မြန်မာအစိုးရထံတောင်းဆိုမှုများရှိလာ သည့်အချိန်တွင် UNဆန့်ကျင်ရေးအသံများ စစ်တွေတွင် ပိုမိုကျယ်ဆောင်လောင်လာခဲ့သလို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့ (LNGO)များကလည်းပြည်ပအန်ဂျီအို(INGO)များ၏ လုပ်ဆောင်မှု များအပေါ်တွင်ယုံကြည်မှုနည်းပါးလာကြာင်းကို လည်း လေ့လာသူအချို့က သုံးသပ်ကြသည်။

အန်ဂျီအိုများအနေဖြင့် ရခိုင်ပြည်နယ်တွင် လူမှုရေးလုပ်ဆောင်မှုသက်တမ်းနှစ်ပေါင်း(၂၀)ကျော်ကြာသည့်တိုင် ဌာနေတိုင်းရင်းသားများအတွက် ထိရောက်သောအကူအညီများအား ယနေ့တိုင် ပေးစွမ်းနိုင်ခြင်း မရှိသေး ကြောင်းကိုလည်းရခိုင်ပြည်နယ်ရှိ ပြည်တွင်းလူမှုရေးအဖွဲ့(Local NGO)များက သုံးသပ်ကြသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေထဲမှာပါတဲ့ ချင်း၊ခမီ၊ မြို၊ ဒိုင်းနက်စတဲ့ဒေသခံတွေကို အကူအညီမပေးဘဲ မူဆလင်ဘင်္ဂါလီတွေကိုနှစ်ပေါင်းများစွာထောက်ပံ့လာတာ။ ကျွန်တော်တို့လူမျိုးကော မဆင်းရဲဘူးလား။ရခိုင်တွေမှာလည်း အလုပ်အကိုင်မရှိလို့ ပြည်ပယိုစိးသွားတဲ့လူတွေလည်းအများကြီးပါ၊“ဟု ရခိုင်ပြည်နယ် တွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်းဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင်ဦးသိန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာမည့် အန်ဂျီအိုများအားသက်ဆိုင်ရာမှစီစစ်ခွင့်ပြုပေးသင့်ကြောင်းကိုလည်း ၄င်းကဆက်လက်အကြံပြုပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးယန္တရားရားအောက်မှာ တစ်စုံတရာ ပြောခွင့်မရဘူး၊ကိုယ်အိမ်ကိုလာတဲ့ ဧည့်သည်တွေက ဘယ်ကလာတယ်။ ဘယ်လဲဘာအတွက်လာကြတာလဲဆိုတာကို မေးမြန်း စစ်ဆေးခွင့်မရှိခဲ့လို့ ဒီလိုမျိုးပြဿနာတွေ ဖြစ်လာတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက အမှန်တကယ်စနစ်တကျစိစစ်ပြီးတော့ဒေသခံတွေနဲ့ ပူးပေါင်းပါဝင်ပြီး စနစ်တကျစိစစ်ပြီးမှ လက်ခံသင့်တယ်”ဟု၎င်းကအကြံပြုပြောကြားခဲ့သည်။

လက်ရှိ စစ်တွေမြို့တွင် လူမှုအရေးအဖွဲ့အစည်းအချို့မှာ ၄င်းတို့၏အကူအညီပေးရေးလုပ်ငန်းများအား ရပ်ဆိုင်းထားကြောင်းကိုလည်း အန်ဂျီအိုအသိုင်းအ၀ိုင်းက သတင်းရရှိသည်။


မြန်မာနိုင်ငံတွင် ပြည်တွင်းလူမှုအရေးအဖွဲ့အစည်း(LNGO)အများစုမှာနိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများ (International NGO)များက တဆင့်လက်ဝေခံ၍ လူမှုရေးကူညီမှုလုပ်ငန်းများအား လုပ်ဆောင်နေရသောအခြေအနေများရှိနေဆဲဖြစ်ကြောင်း၊ ထိုအခြေအနေများမှ လွတ်ကင်းနိုင်ရန်အတွက်ကြိုစားဆဲဖြစ်ကြောင်း ကိုလည်း ရန်ကုန် LNGO အသိုင်းအ၀ိုင်းက သိရှိရသည်။
သတင်းနှင့်-မြစ်မခ



By News of Myanmar

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ၌မော်တော်ယာဉ်များနှင့်အိမ်ခြံဝင်းများအတွင်း၌ နိုင်ငံတော်အလံများကိုဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ကာ နေရာအနှံ့အပြား တပ်ဆင်လာ


“ကျနော်တို့သိတာကတော့သမ္မတကြီးကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတော်အလံကိုလွှင့်ထူတာ ဖြစ်တယ်လို့ ကြားမိတယ်။ တစ်ချို့လက်ကမ်းစာစောင်တွေမှာလည်းဖတ်ရတယ်။ ရခိုင်အရေးကိစ္စမှာ သမ္မတကဘင်္ဂလီ တွေနဲ့ပတ်သက်ပြီးပြတ်ပြတ်သားသား ပြောလိုက်တဲ့အတွက် ရခိုင်လူထုတွေက နိုင်ငံတော်အလံတွေကိုချိတ်ဆွဲတာ ဖြစ်တယ်’’ဟုစစ်တွေဒေသခံတစ်ဦးက အလံလွှင့်ထူရခြင်းနှင့်ပတ်သက်၍ရှင်းပြသည်။

မြန်မာနိုင်ငံတော်အလံများကို အိမ်ခြံဝင်းများတွင်သာမက ကား၊ဆိုင်ကယ်နှင့်စက်ဘီး၊ ဆိုက်က္ကားများတွင်လည်း ချိတ်ဆွဲထားခြင်းဖြစ်သည်။

“ဒီနေ့မှစပြီး အလံတွေချိတ်ကြတာပါ၊ တစ်ချို့အိမ်တွေမှာဆိုရင်အလံကြီးကြီးတွေ ချိတ်ထားတယ်၊ ဆိုက္ကားတွေမှာဆိုတော့ စက္ကူနဲ့လုပ်ထားတဲ့အလံတွေပါ။ အမျိုးအစားလိုက်ပေါ့’’ဟု ၄င်းက ဆက်ပြောသည်။

ယခုလ (၁၂)ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(Mr. Antonio Guterres )တို့နေုပြည်တော်၌ တွေ့ဆုံစဉ် ရခိုင်အရေးကိစ္စကို ပြောဆိုခဲ့ကြရာ နိုင်ငံတော်သမ္မတကြီး က သမိုင်းကြောင်းအရာတွင် ဘင်္ဂလီ များသည် ရိုဟင်ဂျာအမည်ခံ၍ခိုးဝင်လာသူများသာ ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါခြိမ်းခြောက်လာကြောင်း ပြောကြား ခဲ့သဖြင့် ရခိုင်လူထုက ၄င်း၏အဆိုပါပြောကြား ချက်အား ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံတော်အလံကို (၉)ရက်အထိ လွှင့်ထူမည်ဟု ဒေသခံများ၏ ပြော ဆိုမှုအရ သိရှိရသည်။


ပြည်နယ်တွင်းအကြမ်းဖက်မှု တစ်လပြည့်မြောက်သည့်နေ့ကလည်း ရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာသာသနာ့ အလံများ လွှင့်ထူခဲ့သလိုဘဏ်နှင့်လူမှုရေးအဖွဲ့အစည်းရုံးများတွင်လည်း ထိုနေ့က သာသနာ့အလံများ လွှင့်ထူခဲ့ကြောင်း သိရသည်။
သတင်း-မြစ်မခ

By News of Myanmar

တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက်ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိလာသော ခြိမ်းခြောက်မှုများ

googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ UNHCR မဟာမင်းကြီးနဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန်တိုက် ခိုက်နေကြတဲ့ သတင်းတွေ၊ သမ္မတကြီးရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ နိုင်ငံတော်အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့ သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။

အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော်သမ္မတကြီး ကို ဝေဖန်တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ် ထင်ပါတယ်။

ဒါဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တရားဝင်နေထိုင်လာခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆိုင်ပါဘူး။ ပြောရရင် ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသားတွေဟာ မေတ္တာတရားရဲ့ အရိပ်အာဝါသ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းရဲ့ အဆုံးအမတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံထားသလို ကျွန်တော်တို့ မြေမှာ စေတီပုထိုးကျောင်းကန်တွေသာ မက ချာ့ခ်ကျောင်းတွေ၊ ပလီတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်ပြီးသမျှတွေကို ရှုမြင်ရာမှာ ဘာသာရေး လို့ မမြင်ကြပါဘူး။ ကျွန်တော်တို့မှာ ခွဲခြားမြင်နိုင်တဲ့ အသိတရား၊ ဘာသာတရားရဲ့ အဆုံးအမတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံကို ရာဇ၀င်လူဆိုး နိုင်ငံကြီး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ လုပ်ကြံလာကြတာဟာ အခုဆိုရင် ပိုပိုပြီး ဆိုးရွားလာနေတာကို အားလုံး တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ နိုင်ငံကြီးသား ပီသစွာ၊ ယဉ်ကျေးတဲ့ လူကအဖွဲ့အစည်း ပီသစွာ ၀ါးလုံးရှည်နဲ့ ဆွဲယမ်းပြီး သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ဒီလို ထိန်းထိန်းသိမ်းသိမ်း အမြော်အမြင် ရှိရှိ ကျင့်ကြံနေတာကို အခွင့်ကောင်းယူပြီး မိုက်မိုက်ရိုင်းရိုင်း တွေ ကမ်းကုန်အောင် လုပ်လာတာကို စဉ်းစားကြည့်ရင် လူမိုက်နဲ့ လူလိမ္မာတို့ရဲ့ ရန်ပွဲတစ်ခုကို ကြည့်နေရသလို ဖြစ်လာတာ တွေ့ရှိရပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်က ရှင်းရှင်းလေးပါ။ (တရားဝင် ဒီမြေ ဒီရေမှာ နေထိုင်လာခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေ မပါပါဘူး) "ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ" လို့ တိတိကျကျ ပြောထားတာ ဖြစ်ပါတယ်။ ခိုးဝင်လာတယ်ဆိုမှတော့ ရှင်းနေပြီပဲ။ ဒါကိုပဲ သတင်းအချက်အလက် အမျိုးမျိုး ဖန်တီးလုပ်ကြံပြီး နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အသုံးချ၊ မီဒီယာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေကြ တာ ဖြစ်ပါတယ်။

တစ်ဘက်က ကြည့်ရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးတဲ့နောက်မှာ ကျန်ရှိသော (မီဒီယာများနှင့် ၀င်ဆန့်သော၊ မီဒီယာများအပေါ်မှာ လွှမ်းမိုးမှု အတန်အသင့်ရှိကြကုန်သော) ပုဂ္ဂိုလ်ကြီင်္းများ၊ အဖွဲ့အစည်းများ အနေနဲ့ ဒီသဘောအတိုင်း ရပ်တည်ပြဖို့ လိုပါတယ်။

နောက်တစ်ဘက်က တွေးကြည့်ရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီလို ပြတ်သားရှင်းလင်းတဲ့ သဘောထားကို ထုတ်ဖော်လိုက်ခြင်းအတွက် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ လာနိုင်တယ် ဆိုတာကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သိရှိ ထားပါလျက်နဲ့ ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ရင်ထဲ နှလုံးသားထဲက ခံစားချက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ မြင်အောင် ကြည့်စေချင်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ပီသစွာ ကျွန်တော်တို့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြနေပါပြီ။ Follow Me လို့ မပြောရုံတမယ်ပါပဲ။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ နှုတ်က ပြောမှာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်နဲ့ ဦးဆောင်ပြမယ့် သဘောလို့ မှတ်ယူမိပါတယ်။



နိုင်ငံတော်သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦး၏ Facebook စာမျက်နှာမှကူးယူဖော်ပြသည်။


By News of Myanmar