Tuesday, 17 July 2012

ဘတ်စ်ကားအိုများရဲ့ နေဝင်ချိန်




(Photo: Steve Tickner / The Irrawaddy)

ဒီနှစ်အတွင်းမှာ ဂျပန်က ဘတ်စ်ကားသစ် အစီး ၃,၀၀၀ မြန်မာနိုင်ငံကို တင်သွင်းတော့မယ် တဲ့။
ဒါဆို ရှိနေတဲ့ ဘတ်စ်ကားအိုတွေ ရန်ကုန်မှာ နေဝင်ချိန်ရောက်ပြီလို့ ဆိုနိုင်တာပေါ့။

ကားသစ်တွေနဲ့အတူ ဂျပန် အင်ဂျင်နီယာ ၇၀ လောက်လည်း အတူပါလာကြမယ်လို့ မီးရထားဒုဝန်ကြီး ဦးသန့်ရှင်းက ပြောပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ သင်တန်းတွေပေးဖို့ပါ တဲ့။

“ဂျပန်ကားကုမ္ပဏီတွေက အစီး ၃၀၀ ပဲ တင်သွင်းဖို့ ပြောတာ၊ ဒါပေမယ့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) က အစီး ၃,၀၀၀ ခွင့်ပြုလိုက်တယ်။
ပြည်သူတွေ သွားရေး လာရေးအတွက် ပိုအဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်လေ” လို့ သူက ဆိုပါတယ်။

ဒီကားသွင်းတဲ့ စီမံကိန်းကို ဖက်စပ်လုပ်ငန်း အဖြစ်နဲ့ အရှေ့တိုင်း သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ (Oriental Transportation Company) က လည်ပတ်သွားမှာဖြစ်ပြီး
အကျိုးအမြတ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ဂျပန်ကား ကုမ္ပဏီတွေက ယူမယ်၊ ၄၀ ရာခိုင်နှုန်းကိုတော့ ပို့ဆောင်ရေးဝန်ကြီးဌာနက ယူမယ်လို့ သိရပါတယ်။

“အဆင့်မြင့် ဂျပန်ဘတ်စ်ကားတွေ ရန်ကုန်ကလမ်းတွေပေါ် ဘယ်လိုမောင်းကြမယ် ဆိုတာ ကျနော်တော့ စိတ်ကူးကြည့်လို့တောင် မရဘူး” လို့
အင်ဂျင်နီယာဘွဲ့ရထားတဲ့ ကိုမင်းမင်းနိုင်က ပြောပါတယ်။

သူက “လမ်းအများစုက ဒီလိုကားကြီးတွေမောင်းဖို့ မလွယ်ဘူး၊ သိပ်ကျဉ်းတာပဲ။ ဂျပန်ကားတွေ မသွင်းခင် လမ်းတွေပြင်ဖို့ အရင်စဉ်းစားသင့်တာ” တဲ့။

ပဲခူးမှာ မကြာသေးခင်က တွေ့ရတဲ့ စစ်ကျန်ကား

သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာ irrawaddy.org/archives/9261 မှာ ဖတ်ရှုနိုင်ပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_7898.html

မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်း



ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်းတစ်ခု ပေးပို့ထားပါတယ်။ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၅၁ နည်းဥပဒေခွဲ (ခ) အရ မတရားအသင်းများအက်ဥပဒေ  (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းဖို့ ဦးသိန်းညွန့်အားဖိတ်ခေါ်ပါတယ်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။       ။လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေ ကျွန်တော်တင်သွင်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီဥပဒေဟာ ကိုလိုနီခေတ် ၁၉၀၈ ခုနှစ်ကပြဌာန်းခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသား လွတ်မြောက်ရေးမှာပေါ်ထွက်လာတဲ့အသင်းအဖွဲ့တွေ အစည်းအရုံးတွေကို နိမ်နှင်းဖို့ ရည်ရွယ်ချကနဲ့ ပြုလုပ်ခဲ့တဲ့ ဥပဒေလည်းဖြစ်ပါတယ်။ ဒီအပြင် ဒီဥပဒေဟာ ကျွန်တော်တို့ ဥပဒေတွေထဲမှာ လွှတ်တော် ကပြဌာန်းခဲ့တဲ့ ဥပဒေမဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ပြောရင် ပြည်သူ့ဆန္ဒဒနဲ့ ပြဌာန်းခဲ့တဲ့ ဥပဒေ မဟုတ်ဘဲနဲ့ ကျွန်တော်တို့နိုင်ငံကို ကိုလိုနီကျွန်ပြုတဲ့ ကိုလိုနီဗြိတိသျှအစိုးရက ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီးပါပြီ။ အဲဒီတော့ ဒီဥပဒေကို တင်သွင်းတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အခု ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ကာလမှာ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဖို့အတွက် ဒီဥပဒေကို ဖျက်သိမ်း သင့်ပါတယ်။ ကျွန်တော် အခု ဇူလိုင် ၆ ရက်နေ့ Myanmar Post Global မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၁၇ ပုဒ်မခွဲငယ်(၁)ကို ပယ်ဖျက်လိုက်တဲ့ဆိုတဲ့ကိစ္စ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပတ်သက်ပြီး ပြောကြားချက်၊ ရေးသားချက်သတင်းတွေကို ကျွန်တော်ဖတ်ရပါတယ်။ အခု ငြိမ်းချမ်း ရေးဆွေးနွေးတဲ့အခါမှာ ဒီဥပဒေရှိနေတဲ့အတွက် အဟန့်အတားဖြစ်နေပါတယ်။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် အဖွဲ့ပေါင်း ၅၂ ဖွဲ့ရှိတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ခေါ်တဲ့အခါမှာ ၄ ယောက်ပဲလာတယ်။ ဒါ ဘာကြောင့်လာလဲမေးတဲ့အခါကျတော့ ကျန်တဲ့လူတွေက ပုဒ်မ ၁၇    ပုဒ်မခွဲငယ်(၁)ကို ကြောက်လို့ မလာဘူးလို့ ပြောပါတယ်။ ပြောတဲ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လာသာလာပါ။ ငြိမ်းချမ်းရေးအတွက် လိုတဲ့လူတွေကို ဒီပုဒ်မနဲ့ အရေးမယူအောင် ပုဂ္ဂိုလ်ရေးအရ သူကူညီမယ်။ ဒါပေမယ့် သူလည်း ပယ်ဖျက်ခြင်းမပြုနိုင်ဘူးဆိုတဲ့ သတင်းဂျာနယ်တွေထဲမှာ အတိအလင်း ရေးသားဖော်ပြလာပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြန်လည်လေ့လာကြည့်ရင် ကျွန်တော်တို့ အခုဆိုရင် ဒီဘက်ပိုင်းမှာ အသင်း အဖွဲ့နဲ့ပတ်သက်တဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေရှိနေပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတစ်ခုဟာ မှတ်ပုံတင်သလား။ တင်ရင် တရားဝင်တယ်။ မှတ်ပုံမတင်ဘူးလား။ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့် မညီဘူး လား။ ဒါဆိုရင် တရားမဝင်ဘူး။ ဆိုလိုတာက ဒီတရားမဝင် အသင်းအဖွဲ့တွေကို ကျွန်တော်တို့ အရေး ယူလို့ရတဲ့ ဥပဒေတွေ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒီဥပဒေကို ဆက်သုံးခြင်းအားဖြင့် ကျွန်တော်တို့ သင့်မြတ်မှုရှိပါတော့မလား။ ဒီဥပဒေနဲ့ပတ်သက်ပြီး နောက်ကြောင်းတွေကို ပြန်ကြည့် လိုက်တဲ့အခါမှာလည်း ဒီဥပဒေနှင့်ပတ်သက်ပြီးတော့ ဖွင့်ဆိုထားချက်များက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့် နှိုင်းယှဉ်ကြည့်ရင် အသင်းအဖွဲ့ဆိုင်ရာဥပဒေက အင်မတန်မှ တိတိကျကျ ပြဌာန်းပေး ထားပါတယ်။ ဒီမတရားအသင်းဥပဒေ ပုဒ်မ ၁၅ (၂) ပုဒ်မခွဲ (ခ) ကိုကြည့်ရင် ဟိုတုန်းကတော့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌပေါ့။ အခု နိုင်ငံတော်သမ္မတက တရားမဝင်ကြေညာခံထားရတဲ့ အဖွဲ့အစည်းတစ်ခုဟာ မတရားအသင်းဆိုပြီးတော့ သတ်မှတ်လို့ရပါတယ်။ ဒီအတိုင်းပဲ အဲဒီပုဒ်မအရ အစည်းအရုံးတစ်ခု၊ အဖွဲ့တစ်ခုကိုလည်း မတရားအသင်းအဖြစ် ကြေညာပိုင်ခွင့်‌ရှိပါတယ်။ အဲဒီလိုပဲ အဲဒီအသင်းကို ငွေတို့၊ ရိက္ခာတို့ထောက်ပံ့တဲ့သူ ရယူတဲ့သူ၊ တောင်းဆိုတဲ့သူတွေကို အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်စလုံး ပုဒ်မ              ၁၇ (၁) မှာ ပေးခဲ့ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီလိုပဲ ပုဒ်မ ၁၃ မှာ ကူညီတဲ့ လူတွေကို ဆွေမျိုးသားချင်းဖြစ်လို့ ထမင်းထုပ်သွားပို့တာ ဒါပြည်တွင်းစစ်ရှိတဲ့ကာလမှာ ဟိုဘက်ဒီ ဘက်မှာ နှစ်ဘက်စလုံးမှာ ကိုယ့်တိုင်းရင်းသားအမျိုးတွေကြီးပါပဲ။ ကျွန်တော် ၁၉၆၃ ခုနှစ် မော်လမြိုင် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရတဲ့အချိန်မှာ ကျွန်တော်တို့ ထိန်းသိမ်းခံအကျဉ်းသားတွေအတွက် ဝေယျာဝစ္စလုပ်ပေးတဲ့ ကရင်အမျိုးသားတွေဆိုရင် အားလုံးက ဘာနဲ့ထိသလဲဆိုတော့ ပုဒ်မ ၁၇ ပုဒ်မခွဲငယ် (၃) နဲ့ အကုန်လုံးအရေးယူခံရတာ ဘာကြောင့်လဲဆိုတော့ ထမင်းထုပ်သွားပို့မိတာ၊ ရေ သွားပေးမိတာ၊ ဆွေမျိုးဖြစ်လို့ သွားတွေ့မိခဲ့တာ အဲဒီပေါ်မှာမူတည်ပြီးတော့ သာမာန်ပြည်သူပြည်သား တွေဟာ ဒီမတရားအသင်းများဥပဒေကြောင့် အပြစ်ပေးအရေးယူခံခဲ့ရတာတွေဟာ ဟိုတုန်းကကော၊ အခုကော ကချင်ပြည်နယ်သတင်းတွေအရ အများကြီးကျွန်တော်တို့ကြားနေခဲ့ရပါတယ်။ မြင်နေခဲ့ရ ပါတယ်။ အဲဒီတော့ ဒီမှာ ပုဒ်မ ၁၇  ပုဒ်မခွဲငယ် (၂) အရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ၅ နှစ် အထက် မပိုတဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့လူတွေဟာ ဘယ်သူတွေလဲဆိုတော့ ဥပဒေအကြောင်း တစ်လုံးတစ်ပါဒမှ မသိတဲ့ တောသူတောင်သားတွေ အများဆုံးခံနေရတဲ့ဟာပါ။ အဲဒီတော့ ကျွန်တော်တို့က ဒီအချိန်မှာ ပြန်စဉ်းစားသင့်ပါတယ်။ နောက် ဒီဥပဒေဟာ နိုင်ငံရေးအရ မတရားအသင်းအဖြစ် ကြေညာတဲ့ အဖွဲ့တွေဖြစ်တာကြောင့် ဒီဥပဒေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးအရ အင်မတန်မှ ချင့်ချိန်ခဲ့တာတွေရှိပါတယ်။ 
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဗမာပြည် ကွန်မြူနစ်ပါတီတို့၊ အလံနီပါတီတို့ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ဝန်းကျင်မှာ တောခိုခဲ့ပါတယ်။ ဒါပေမယ့် ထိုစဉ်က ဖဆပလ အစိုးရက ပြန်လည်ပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် အခုခေတ်စကားနဲ့ပြောရရင်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီဥပဒေကို ချက်ချင်းလက်ငင်းမသုံးပါဘူး။ ကျွန်တော်သိသမျှတော့ အထောက်အထားတွေအရဆိုရင် ၁၉၅၃ ခုနှစ်မှ ဒီပါတီကို တရားမဝင်အသင်း ကြေညာခဲ့ရပါတယ်။  အဲဒီလိုပဲ အခုဒီဘက်ကာလမှာလည်း ငြိမ်းချမ်းရေးရလာတဲ့အခါကျတော့ သို့မဟုတ် နားလည်မှု ရလာတဲ့အခါကျတော့ မတရားအသင်းအဖြစ်က ပြန်လည်ပယ်ဖျက်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့     ၁၄-၅-၁၉၉၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၂/၉၁ အရ မတရားအသင်းပယ်ဖျက်တဲ့ ပုဂ္ဂိုလ် အသင်းတွေဟာ မြန်မာနိုင်ငံလူမျိုးစု ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု ခွဲထွက် ကိုးကန့် ဖုန်ကျားရှင် အဖွဲ့၊ မြန်မာပြည်အမျိုးသားသွေးစီးညီညွတ်ရေးပါတီ ခွဲထွက် ဝ ဦးကျောက်ညီလှိုင်အဖွဲ့၊ ဒီအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပတ်သက်သူတွေဆိုရင် ယနေ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တိုင်းပြည်တာဝန်တွေတောင် ထမ်းနေကြရပါပြီ။ အဲဒီလိုပဲ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း စစ်ရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးကော်မတီ ခွဲထွက် ဦးစိုင်းလင်းအဖွဲ့ ရှမ်းပြည်နယ်တပ်မတော် ဦးဆေးထင်အဖွဲ့၊ ဒီမိုကရက်တစ်တပ်မတော်ကချင် ဦးစခုံတိန့်ယိန်း အဖွဲ့၊ ဦးစခုံတိန့်ယိန်းဆိုရင် ဒီနေ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရဲ့ တာဝန်ကိုယူနေပါပြီ။ ကချင်အမျိုးသားတိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော် KIA တပ်မ-၄ ဦးပဒူနော်အဖွဲ့၊ ပအိုဝ့်အမျိုးသားအဖွဲ့၊ ဦးအောင်ခမ်းထီအဖွဲ့ဆိုရင်လည်း ဒီနေ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ တာဝန်ယူနေကြပါပြီ။ ပလောင် လွတ်မြောက်ရေးပါတီ ဦးအိုက်မုန်း အဖွဲ့၊ ဦးအိုက်မုန်းဆိုရင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အခု လွှတ်တော်တောင် တက်ရောက်နေပါပြီ။ ဒါကြောင့် နိုင်ငံရေးအရ ကျွန်တော်တို့အပေါ်မှာမူတည်ပြီးတော့ တရားတယ်၊ မတရားတယ်။ တရားဝင်ချင်း၊ တရားမဝင်ချင်း ဆုံးဖြတ်ရတဲ့ ဥပဒေမျိုးကိုတော့ အခုလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့အခါမှာ ဒီဥပဒေကို ပယ်ဖျက်လိုက်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလာတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ ယုံကြည်မှုကို ပိုမိုထိထိရောက်ရောက် ရလာပါလိမ့်မယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုနိုင်ပါလိမ့်မယ်။ အဲဒီအပြင် ကျွန်တော်တို့ ဒီစီရင်ထုံးတွေမှာ ကိုဖော်ပြထားတဲ့ အဲဒီကို သွားပြီးတော့ ဈေးရောင်းတဲ့လူတွေ၊ အသက်မွေးတဲ့လူတွေ၊ ထမင်းထုပ် ပို့တဲ့ လူတွေကို ထောင်ထဲပို့တဲ့ဖြစ်ရပ်မျိုးတွေကိုလည်း ကျွန်တော်တို့ နိဂုံးချုပ်နိုင်ပါမယ်။ အဓိကကတော့ ဒီဥပဒေသည် ပြည်သူ့လွှတ်တော် ပြည်သူ့ဆန္ဒနဲ့ရေးဆွဲခဲ့တဲ့ဥပဒေမဟုတ်ဘူး။ ကိုလိုနီနယ်ချဲ့သမား တွေက အမျိုးသားလွတ်မြောက်ရေးအသိုက်အဝန်းကို ဖြိုခွင်းဖို့ ရေးဆွဲခဲ့တဲ့ဥပဒေဖြစ်တယ်။ ဒီနေ့ ဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးကို အထောက်အကူမပြုဘူး။ ဒီဥပဒေနဲ့ အလားတူ ကျွန်တော်တို့ အရေးယူနိုင်တဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေစသည်တို့ ရှိနေတဲ့အပြင် ရာဇသတ်ကြီးမှာလည်း ဒီလို ကိစ္စမျိုးတွေကို အရေးယူနိုင်တဲ့ ပြဌာန်းချက်များရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော်တင်ပြလိုတာကတော့ ဟောင်းပေမယ့် မကောင်းတော့တဲ့ဥပဒေကို ငြိမ်းချမ်းရေးအတွက် ရုပ်သိမ်းပေးဖို့ ကျွန်တော် အဆို တင်သွင်းရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။         ။ဦးသိန်းညွန့် တင်သွင်းသွားတဲ့အဆိုကို ထောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ် အားဖိတ်ခေါ်ပါတယ်။
ဦးဝင်းဆွေ (ညောင်ရွှေမဲဆန္ဒနယ်)။       ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ဒေသ ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တင်သွင်းတဲ့ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေနဲ့ ပတ်သက်သည့် အဆိုအား ထောက်ခံပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။
        ဥက္ကဋ္ဌ။         ။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ သဘောထားသိလိုပါတယ်။
ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန)။           ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄)ကို ရုပ်သိမ်းတဲ့ဥပဒေကို လက်ခံဆွေးနွေးတဲ့ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကို လက်ခံဆွေးနွေးဖို့ တင်သွင်းတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီကျွန်တော်တို့ နိုင်ငံမှာ အခုလက်ရှိ အ‌ခြေအနေအရ လွတ်လပ်စွာ အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်လည်း ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အချို့သာအဖွဲ့များသည် အခုလက်ရှိမှာ တရားဝင်ဖွဲ့စည်းခွင့်မတင်ပြဘဲနဲ့ တချို့အသင်းအဖွဲ့များ  ဖွဲ့စည်းတာတွေ၊ ဆောင်ရွက်တာတွေ တွေ့ရှိ နေရပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုလိုနီခေတ်က ထုတ်ပြန်ခဲ့တဲ့ဥပဒေဖြစ်ပေမယ့် အခုလက်ရှိအနေနဲ့ အချို့ အချက်တွေမှာ ကိုက်ညီမှုရှိတဲ့အတွက် ဒီမတရားအသင်း အက်ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေကို တော့ လက်ခံဆွေးနွေးရန်မသင့်ကြောင်း ကျွန်တော် ဆွေးနွေးတင်ပြလိုပါတယ်။ (သြဘာသံများ)
          ဒေါ်နန်းဝါနု(ကွန်ဟိန်းမဲဆန္ဒနယ်)။       ။  လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ဒီမတရား အသင်း အက်ဥပဒေဆိုတာ ကျွန်မတို့ နယ်မှာသုံးတာကတော့ ပုဒ်မ ၁၇ ပုဒ်မခွဲငယ်(၁)၊ ပုဒ်မ ၁၇ ပုဒ်မခွဲငယ်(၂) ဥပဒေလို့ခေါ်ပါတယ်။ များသောအားဖြင့် ပြည်သူလူထုတွေက သုံးနှုန်းတာကတော့ အမြင်ကပ်ပုဒ်မလို့ သုံးနှုန်းကြပါတယ်။ ကျွန်မ အခုပြောချင်တာကတော မတရားအသင်းအက်ဥပဒေ အများဆုံး ခံစားရတဲ့ဒေသက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ မတရားအသင်းအက်ဥပဒေနဲ့ အများဆုံးခံစားကြရပါတယ်။ နောက်ပြီး လို့ရှိရင် အခု ဒီငြိမ်းချမ်းရေး တည်ဆောက်နေဆဲကာလမှာ အသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးယူ ဆောင်မယ့်အဖွဲ့များက အစိုးရများနဲ့လည်း ဆက်သွယ်ရပါတယ်။ ဒီအက်ဥပဒေအရ ဆိုလို့ရှိရင် မတရားအသင်းဥပဒေဆိုတာက ငြိမ်းချမ်းရေးအဖွဲ့ နောက်ပြီးလို့ရှိရင် သူတို့အခေါ်ကတော့ တိုင်းရင်းသားပဋိပက္ခအဖွဲ့ သူတို့တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့လူတွေမှန်သမျှ အကုန်လုံး အရေးယူလို့ ရပါတယ်။ အကုန်လုံးအရေးယူတယ် ယူလို့ရတယ်ဆိုတဲ့ သဘောတရားကတော့ ကျွန်မတို့ ဒီငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေလည်းပါတယ်။ တိုင်းရင်းသားရေးရာကော်မတီတွေလည်းပါတယ် ဆိုတဲ့ အနေအထားလည်း ရှိပါတယ်။ နောက်ပြီးလို့ ရှိရင် ကျွန်မ တင်ပြချင်တာကတော့ အခုငြိမ်းချမ်းရေး  အဖွဲ့တွေက စေ့စပ်ညှိနှိုင်းကြပါတယ်။ စေ့စပ်ညှိနှိုင်းပြီးတော့ မြို့နယ်တွေထဲမှာလည်း သူတို့က ဆက်ဆံရေးရုံးဆိုတာကို လာပြီးတော့ ဖွင့်ကြပါတယ်။ ဆက်ဆံရေးရုံးတွေကို ဥပဒေထဲမှာ တရားဝင် လာပြီးဖွင့်လှစ်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ အဲဒါကြောင့် နောက်ပြီးလို့ရှိရင် ကျွန်မတို့က အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ခ)မှာ တရားဥပဒေစိုးမိုးရေး၊ နယ်‌မြေအေးချမ်းသာယာရေးကိုဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ စေရန်ဖြစ်စေ ထိခိုက်စေရန်အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းသော၊ အားပေးကူညီမှု ပြုလုပ်သော အသင်းအဖွဲ့ အဲဒီအသင်းအဖွဲ့တွေကို ပုဒ်မ ၆ နဲ့ ပုဒ်မ ၇ တို့အရ သူတို့ကို အပြစ်ပေး လို့ရပါတယ်။ အခု ဒီမတရားအသင်းအက်ဥပဒေအရ အများဆုံး ခံစားနေရတာကတော့ သူပုန် အဖွဲ့အစည်းတွေ မဟုတ်ဘဲနဲ့ ရွာသူရွာသားတွေ ဖြစ်နေကြပါတယ်။ ရွာသူရွာသားတွေက များသော အားဖြင့် အစိုးရတွေလာတယ်။ စစ်တပ်တွေလာလို့ရှိရင်လည်း သူတို့မှာ သူတို့ဝတ္တရားအတိုင်း ကျွေးမွေးရတယ်။ ထောက်ပံ့ရပါတယ်။ နောက်ပြီးလို့ရှိရင် သူပုန်လာလို့ရှိရင်လည်း သူတို့မှာ မလူးသာ မလွန့်သာ၊ မလွှဲသာမရှောင်သာ ပြုလုပ်ပေးရတဲ့အနေအထားရှိပါတယ်။ နောက်ပြီး အသင်းအဖွဲ့များ ဥပဒေအရမှာလည်း ပြဌာန်းထားတယ်။ ပုဒ်မ ၆၊ ပုဒ်မ ၇ အရလည်း ပြစ်မှုကို အရေးယူလို့ ရတဲ့အနေအထားရှိပါတယ်။ ကျွန်မရဲ့ သဘောထားကတော့ ဒီဥပဒေကို ရုပ်သိမ်းရန်၊ မရုပ်သိမ်းရန် မဟုတ်ဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်ပါတယ်။ ဒီအက်ဥပဒေ တစ်ခုကို အခြေပြုပြီးတော့ ဒီရွာသူရွာသားတွေကိုရော ဘယ်လိုကာကွယ်မှုပေးမလဲ။ ကျွန်မတို့ နိုင်ငံသားတွေကိုရော ဘယ်လို ကာကွယ်မှုပေးမလဲဆိုတာကို ရုပ်သိမ်းရန် မရုပ်သိမ်းရန်ဆိုတာကို အဓိက အရင်ဆုံးမစဉ်းစားဘဲနဲ့ ကျွန်မတို့ ဘယ်လိုမျိုး ပြင်ဆင်သင့်‌တယ်။ ဘယ်လိုမျိုးဆွေးနွေး သင့်တယ်ဆိုတဲ့ဟာကို အရင်ဆုံး တောင်းဆိုပါတယ်။ (သြဘာသံများ)
          ဥက္ကဋ္ဌ။           ။ ဦးသိန်းညွန့် ဆွေးနွေးဖို့ဖြစ်ပါတယ်။
          ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။             ။ ကျွန်တော်ကတော့ စောစောက ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်သူ့လွှတ်တော်ကို တင်ပြတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အထောက်အကူပြုဖို့ နောက် ခုန ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်းဝါနု တင်ပြ သွားသလို ပြည်နယ် တွေမှာရှိတဲ့ တကယ်ဘာမှနားမလည်တဲ့ တောသူတောင်သား၊ ဆင်းရဲသားတွေ အတွက် ဒီဥပဒေဟာ တော်တော်ကို ထောင်ထဲပို့ခဲ့တဲ့ ဥပဒေပါ။ ဒါကြောင့် ခုနက ဒီအဆိုကို ကျွန်တော်ရဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့အပြောင်းအလဲကို အထောက်အကူ ပြုနိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဆွေးနွေးဖို့အတွက် ကျွန်တော် သဘောထားပါတယ်။ ဒုတိယ ပြည်ထဲရေးဝန်ကြီးရဲ့ ပြန်လည်ရုပ်သိမ်းပေးရေးအဆိုကို လက်မခံနိုင်ပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို နာခံပါ့မယ်။ (သြဘာသံများ)
          ဥက္ကဋ္ဌ။           ။ ဦးသိန်းညွန့်တင်သွင်းတဲ့ အဆိုက မတရားအသင်းများ အက်ဥပ‌ဒေ(၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ ၁၄) ကို ရုပ်သိမ်းသင့်သည့်ဥပဒေကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းထား တာ ဖြစ်ပါတယ်။ ဒီအပေါ်ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနက ရုပ်သိမ်းပေးဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒီလို အဓိပ္ပာယ်သက်ရောက်ပါတယ်။ တစ်ခါ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ ဆိုတာထက် ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ရုပ်သိမ်းပေးသင့်‌သလား၊ ပြင်ဆင်သင့်‌သလား အချို့အပိုဒ်တွေ ပယ်ဖျက်သင့်‌သလားဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒီနေရာ မှာ မိမိလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်တဲ့အခါမှာ ဒီဥပဒေရှိဖို့ကို လိုကောင်းလိုလိမ့်မယ်။ သို့ရာတွင် ဥပဒေတစ်ရပ်လုံးမှာ ပါတဲ့အပိုဒ်တွေက ရှိဖို့ လိုချင်မှ လိုပါ့မယ်။ ဒါကြောင့်မို့လို့ ဥပဒေကို ပြန်လည်ရုပ်သိမ်းပေးရေးအဆိုနဲ့ပတ်သက်ပြီးတော့ မဲခွဲဆုံးဖြတ်ရမယ် ဆိုလို့ရှိရင်လည်း ဒါနဲ့ပတ်သက်လို့ ရုပ်သိမ်းပါဆိုတဲ့ဟာမျိုး ဖြစ်သွားနိုင်တယ်။ ရုပ်သိမ်းပါဆိုတာ လက်ခံဆွေးနွေးဖို့ မသင့်‌ဘူးဆိုတာဖြစ်နိုင်တယ်။ အရေးကြီးတာက ဒီဥပဒေမှာ ပြဌာန်းထားတဲ့ အချက်တွေက တကယ်နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ကာကွယ်မှုရှိ၊ မရှိ။  ဖြစ်ထွန်းမှု ရှိ၊ မရှိ။ ဒါကို အဓိကထားပြီးတော့ စဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ လွှတ်တော်ရဲ့ သဘောဆန္ဒကတော့ ရုပ်သိမ်းပေးရေးကို မေးလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ လွဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဦးသိန်းညွန့်တင်ထားတဲ့အဆိုကို ပြန်လည်စဉ်းစားပေးတဲ့အခါမှာ ဒီဥပဒေအဖို့ ရုပ်သိမ်းရန် သင့်‌၊ မသင့်။ ပြင်ဆင်ရန် သင့်‌၊ မသင့်‌ လွှတ်တော်က လက်ခံဆွေးနွေးပေးဖို့ အဆို ဆိုလို့ရှိရင်တော့ ပိုပြီးတော့ ဆီလျော်မယ်။ ပိုပြီးတော့ သဘာဝကျမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့်ရဲ့ သဘောထား ထပ်မံသိ လိုပါတယ်။
          ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။                 ။ လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးပြောတဲ့ဟာ အင်မတန်သင့်‌မြတ်တဲ့အတွက် ဆွေးနွေးဖို့ အချက်ရရင်ပင် ကျွန်တော်တို့ ဒီဥပဒေကို ရုပ်သင့်‌၊ မရုပ် သင့်‌။ ပြင်ဆင်သင့်‌၊ မပြင်ဆင်သင့်။ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးအတွက်ကို ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ သဘောထားကို ကျွန်တော်လုံးဝသဘောတူပါတယ်။ (သြဘာသံများ)
          ဥက္ကဋ္ဌ။           ။ ဒီဥပဒေဟာ တော်တော် ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းသော အကျိုး သက်ရောက်မှုတွေရော၊ မကောင်းသော အကျိုးသက်ရောက်မှုတွေလည်း ရှိခဲ့တာအမှန်ပါပဲ။ ဒါကြောင့်လည်း ဒီအဆိုစပြီး တင်ထဲကိုက မတရားအသင်းများ အက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုဥပဒေကို ကျွန်တော် ရှာဖွေပြီးတော့ ကျွန်တော်လည်း အကြမ်းဖျင်းတော့ လေ့လာထားခဲ့ပါတယ်။ လေ့လာထား တဲ့အခါမှာ ခုနက အဖြေကတော့ ဥပဒေတစ်ရပ်လုံးကို ရုပ်သိမ်းမယ်ဆိုတဲ့အစား ဥပဒေကို ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်ရန် အပိုဒ်များရှိရင် ပြင်ဆင်ဖို့၊ ပယ်ဖျက်ရန် ရှိရင် ပယ်ဖျက်ဖို့ ဆိုတာ ပိုပြီး သဘာဝကျမှာဖြစ်တဲ့အတွက် ထပ်ပြီးတော့ အဆိုရှင်ကို ပြန်လည်မေးမြန်းခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုတော့ သက်ဆိုင်ရာ အဆိုရှင်ကလည်း သူ့ရဲ့အဆိုကို ပြန်ပြင်တဲ့ သဘောဖြစ်ပါတယ်။ ဘာလဲဆိုရင် ရုပ်သိမ်းပေမယ့်အစား ဒီဥပဒေကို လွှတ်တော်က ဆွေးနွေးပြီးတော့ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်ကိုသာ ဆွေးနွေးဖို့ လက်ခံဖို့ ဆိုတဲ့သဘောဖြစ်တဲ့အတွက် ဒီအပေါ်မူတည်ပြီးတော့ ကျွန်တော် လွှတ်တော်ကို တင်ပြပါမယ်။
        ဥက္ကဋ္ဌ။။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့် တင်သွင်းတဲ့အဆိုကို ပြောင်းလဲပြီး မတရားအသင်းများ အက်ဥပဒေ ၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ ၁၄ ကို လွှတ်တော်က ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်အတွက်လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘောတူ ပါသလားခင်ဗျား။
[သုံးကြိမ်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]
ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဦးသိန်းညွန့်တင်သွင်းတဲ့ မတရားအသင်းများ အက်ဥပဒေ(၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ ၁၄)ကို လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ဖြစ်ကြောင်းကြေညာပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ လုပ်ကြံမှု ဇူလိုင် ၁၉”



ခုနှစ်မှာ- ၁၉၄၆ခုနှစ်။
ထိုနှစ်၊ အချိန်အခါမှာ ဗမာပြည်သို့ ပြန်လည်ရောက် ရှိလာသောဘုရင်ခံ”ဆာဟူး ဘတ် ရန့်(စ်)”သည် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် အစိုးရ အဖွဲ့ သစ် ဖွဲ့စည်းရေးအတွက် လုံးပန်းနေချိန်။ထိုအချိန်၏ တစ်နေ့သော နံနက်မှာ ထုတ်ဝေသည့် သတင်းစာ အသီးသီးတွင် ဂဠုန်ဦးစော သေနတ်ပစ်ခံရသည့် သတင်း ပါရှိ လာခဲ့သည်။ ဦးစောကား သေကံမရောက်၊ သက်မပျောက်ခဲ့။ သို့သော် ဦးစောသည် ဂျစ်ကားအစိမ်းတစ်စီးတွင် စီးလာသော အမည်မသိ လူတစ်စု က သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်သွားခြင်း ခံရသည့် အချိန်မှစ၍ သူ့အားဤသို့လုပ်ကြံခြင်းမှာ ဦးအောင်ဆန်း ၏ ညွှန်ကြားချက်အရသာဖြစ်ရမည်ဟု တစ်ထစ်ချယူဆသည်။


ကြံစည်မှု၊ စီမံချက်များကို ဦးစော စတင်ဆောင်ရွက်သည်။ ဦးစောသည် သူ၏ ခုနစ်မိုင်၊ အေဒီလမ်းနေအိမ်တွင် ခင်မောင်ရင်၊ သက်တော်   စောင့် မောင်သန်းကြီး၊ မောင် ရင်ဖေနှင့် အခြားလိုအပ်သူအချို့ကိုသာနေစေသည်။ ဇနီးနှင့်သမီးကို အင်းစိန်တွင် သွားရောက်နေ ထိုင်စေ၏။ ထို့နောက် နယ်ရှိ မျိုးချစ်နှင့် ဂဠုန်အဖွဲ့ဝင်များထံမှ လူသတ် ရဲသော လူငယ်များ သူ့ထံအမြန်ဆုံး ပို့ပေးရန် အကြောင်းကြား သည်။သူ၏အိမ်ဝင်းကိုလည်း အထူးစီမံချက် များပြုလုပ်သည်။ တိုက်အိမ်ဘေး၊ ရေစပ် အနားရှိ အဆောက်အအုံအား နယ်ဆက်သွယ်   ရေးဌာန၊ သူ့ဝင်းအတွင်းရှိ တိုက်ဖြူ ကလေးကို၊ ဂဠုန်ဗိုလ်များ နေထိုင်ရာဌာန၊ သူ၏တိုက်အိမ်ရှေ့၊ တဲငယ်ကို လျှို့ဝှက် စိစစ်ရေး ဌာနဟူ၍ စီမံသည်။ များမကြာမီ နယ်မှပို့လိုက်သော လူငယ်များရောက်လာသည်။ သတ်ရဲသည်ထင်ရသော လူငယ်လေးယောက်ကို ပထမဆုံး အကြိမ်ရွေးချယ်သည်။ ဦးစောက.. ဦးအောင်ဆန်းမှာ သူ၏ ရန်သူဖြစ်ကြောင်း၊ သူ့ကိုသေနတ်ဖြင့် ပစ်သည်မှာလည်း ဦးအောင်ဆန်း အကြံပင် ဖြစ်ကြောင်း၊ သူနန်းရင်းဝန်ဖြစ် ရေးမှာလည်း ဦးအောင်ဆန်း ရှိနေသမျှ မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင် ဆန်းအား သတ်ရန်လိုနေကြောင်း၊ ထို့အတွက် ဦးအောင်ဆန်းအား သတ်ပေးနိုင်မည်လား ဟု မေးသည်။ နေ အိမ်ပြန်ရောက်သောအခါ လူငယ် များအား အကြံအစည်မပေါက်ကြားစေရန် သစ္စာရေတိုက်သည်။ စတင်းဂန်း၊ တော်မီဂန်း၊ ရိုင်ဖယ်၊ ခြောက်လုံးပြူးနှင့် လက်ပစ်ဗုံး ပစ်နည်းများကို  သူကိုယ်တိုင်သင်ကြားပေးသည်။ထိုအချိန်အထိ ဦးစောမှာ ပညာရေး အတိုင်ပင်ခံဝန်ကြီးရာထူး ရယူနေထိုင်ဆဲ။

ထိုအချိန်မှာ.. မျက်နှာဖြူများ အုပ်ချုပ်သည့် အေ၊အို၊ဒီ စစ်တပ်မှ ဘရင်းဂန်း အလက် ၂ဝဝပျောက် ဆုံးသွား၏။ နေ့ခင်းကြောင်တောင် ပိရိစွာ လိမ် လည်ထုတ်ယူသွားခြင်း။ ရန်ကုန်ပုလိပ်အဖွဲ့ ကြီးနှင့် မြန်မာပြည်စုံထောက်အဖွဲ့တစ်ခုလုံးရှိ သက်ဆိုင်ရာ အာဏာပိုင်များ သည် လက် နက်လိမ်လည်ထုတ်ယူမှုအား မနေမနားစုံ စမ်းထောက် လှမ်းနေကြသည်။ မသင်္ကာသော နိုင်ငံရေး အသင်းအဖွဲ့ များ၏ အရိပ်အခြည်ကိုလည်း မပြတ်စောင့် ကြည့်နေကြ၏။ ထိုသို့ဖြင့် မြန်မာအမျိုးသားထု တစ်ရပ်လုံးအတွက် ယူကျုံးမရဖြစ်ရမည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့အား ရောက်မှန်းမသိ ရောက်ခဲ့ပြီ။ ဇူလိုင်လ ၁၉ရက်နေ့ နံနက်မိုးလင်းသည် ဆိုသည်နှင့် ဦးခင်မောင်ရင်၊ ကိုယ်ရံတော် သက်တော်စောင့်နှစ်ဦးနှင့် အခြားတပည့်များ ကို ခေါ်ယူစုရုံးလိုက်၏။ ”ကဲ မင်းတို့သတ္တိ ဘယ်လောက်ရှိသလဲ ဆိုတာ ဒီနေ့သိရတော့မယ်။ သတ္တိတွေ သွေးထားကြ”ဟု ပြောရင်း လက်ရွေးစင်တပည့် (ဗိုလ်ချုပ်တို့အား ပစ်ခတ်မည့် သူများ) အား အရက် တစ်ခွက်စီတိုက်သည်။ ထို့နောက် သေနတ်များအား တိုက်ချွတ် ခြင်း၊လိုအပ်သော ယမ်းကပ်များအား ရွေးချယ်ထည့်ပေးခြင်း၊ လူသတ် သမားများ ဝတ် ဆင်ရမည့် ၁၂ နံပါတ်ခြင်္သေ့စစ်တပ် ယူနီ ဖောင်းများ အား ပြင် ဆင်ပေးခြင်း၊ ဂျစ်ကားကို ထုတ်၍အဆင်သင့်ထားခြင်း စသောကိစ္စအဝဝ ကိုသက်ဆိုင်သူများကလုပ်ကိုင်ကြရ၏။

ဇူလိုင် ၁၉ရက်နေ့သည်ကား… ကြမ္မာဆိုးဝင်မည့် နေ့ရက်၊ အချိန်နာရီ ဖြစ်သည်ဟု မသိရှာသော ဦးအောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့ဝင် များသည် တိုင်းရေးပြည်ရာ စိတ်မအေးနိုင်ဘဲ အတွင်းဝန်ရုံးရှိ ဦးအောင်ဆန်း အခန်းသို့ အလျှိုအလျှို ရောက်လာ၏။ ခုနစ်မိုင်၊  အေဒီ လမ်းရှိ ဦးစော၏ အိမ်သို့ လှမ်းကြည့်ပြန်လျှင်ကား ၁၂ နံပါတ်၊ ခြင်္သေ့ စစ်တပ်သားသဏ္ဌာန် ဝတ်ဆင်ထားသူ ငါးယောက်တို့သည် ဦးစော၏ရှေ့မှောက်တွင် ရှိနေ၏။ဦးစောက..”မင်းတို့ကတော့ ဗိုလ်ချုပ် အောင်ဆန်း ကို မြင်ဖူးတာ မဟုတ်ဘူး ၊ ဟောဒီက မောင်စိုး ပစ်တဲ့နောက်ကိုသာ မင်းတို့က လိုက်ပစ်။ ငါလိုချင်တာက အစည်းအဝေးခန်း မကြီးထဲမှာတွေ့သမျှလူအားလုံး တစ်ယောက်မှ မကျန်စေ နဲ့၊ အကုန်ပစ်သတ်၊ နောက်ပြီး ဘညွန့်ကိုလည်း..မီးထိုးပေး၊ သခင်နုကို မလွတ်စေနဲ့ ..” ထိုသို့ပြောဆိုနေစဉ်” အတွင်းဝန်ရုံးမှာ ယနေ့ အစည်းအဝေးရှိသည်”ဆိုသော သတင်း ရောက်လာသည်။  ဦးစောသည် သူအလိုရှိသော အချိန် နာရီသို့ ရောက်အောင် ခေတ္တ ခဏမျှ   စောင့်ဆိုင်းသည်။ ပြီးမှ “ကဲ ငါ့တပည့်များ၊ အောင်မြင်ပါ စေကွာ”ဟုပြောကာ ဂျစ်ကားပေါ် တက်ခိုင်းသဖြင့် လူသတ်သမား ငါးယောက် တို့သည် ဂျစ်ကားပေါ် တက်ထိုင်မိကြပြီ။ ဂျစ်ကားကား အတွင်းဝန်ရုံးရှိရာ အရှိန်ပြင်းစွာမောင်းနှင်ခဲ့ပြီ။ သြော်.. ဇူလိုင် ၁၉ အဖြစ်ဆိုး၏။ စဦး၊ ခြေလှမ်းပြင်၊ လှုပ်ရှားမှု။


နောက်ဆုံး ဦးအောင်ဆန်းတို့ စည်းဝေးရာခန်းမကြီးသို့ တက်ရောက်ရမည့် လှေ ကားရင်းသို့ ဂျစ်ကားထိုးဆိုက်ခဲ့ပြီ။ လူသတ်သမားများ သည် စတင်းဂန်းနှင့် တော်မီ ဂန်းသေနတ်များကို ကိုယ်စီမောင်း တင်ကာ ကားပေါ်မှ ခုန်ဆင်းကြ၏။လူသတ်သမား ငါးဦးအနက် တစ်ယောက်က..”အဆင်သင့်စောင့်နေ၊ တို့ခုပဲ ဆင်းလာခဲ့မယ်” ကားဆရာကို အမိန့်ပေး၏။ ပြီးတော့ “ကဲ လာ တို့တက်ကြရအောင်” ဟု ဆိုကာသူကဦးဆောင်တက်သွား၏။အခြေအနေ  ဖြောင့်ဖြူးလိုက်ပုံမှာ အပေါ်သို့ တက်လာစဉ် (အစီအစဉ်ရှိစွာ) ကြိုတင်၍တာဝန်ချ ထားသော၊ ၄င်းတို့၏ အရပ်ဝတ်၊အရပ်စားနှင့် လက်နက်ကိုင်များကို နေရာအနှံ့အပြား၌ တွေ့ရ၏။ထိုသူများအနက် အထူးသဖြင့် ဗိုလ် ချုပ်အောင်ဆန်းတို့၏ အစည်းအဝေးခန်းမ အနီးရှိ လူက..အစည်းအဝေးခန်းမအား မေးငေါ့ပြ အချက်ပေး၏။  ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအဝတွင် မင်းစေကလေး တစ်ယောက်စောင့်နေရာ လူ သတ်သမားများက အစည်းအဝေးခန်းမ တံခါးအား တွန်းဖွင့်ရန် ပြုလုပ် သဖြင့် မင်း စေကလေးက တားမြစ်၏။ “မဖွင့်ပါနဲ့ဗျာ။ အထဲမှာ အစည်းအဝေး လုပ်နေတယ်” “ဖွင့်တယ်ကွာ ဘာဖြစ်လဲ၊ မင်းအသာနေ စမ်း” ဟုဆိုကာ မင်းစေအားကြိမ်းမောင်းလျက် ဘေးသို့တွန်းပစ်၏။ ထို့နောက် တံခါးဖွင့်၍ အထဲသို့ လူသတ်သမားများ ခေါင်းပြူကြည့် လိုက်စဉ်..အစည်းအဝေးလုပ်နေသော ဝန်ကြီးများ လူသတ်သမားများဘက် တအံတသြ လှည့် ၍ ကြည့်ကြသည်။

ဦးအောင်ဆန်း အခန်းတွင်းသို့..စတင်းဂန်းသမားများ ပြေးဝင်လာရာ၊ ဦးအောင်ဆန်းမှာ လူသတ်သမားများအား မြင်လျှင်မြင်ချင်း ၄င်း အား သတ်ရန်လာသူ များဟု ယူဆပုံရသည့်အတိုင်း ထိုင်ရာမှထ လျက် လူသတ်သမားများဘက် လက်ကာ လျက်..။ တစ်ခုခုကို ရှင်းပြ မည့်ဟန် တွေ့ရ လင့်သော်လည်း သွေးဆာနေသော ဦးစော ၏ တပည့်များက စတင်းဂန်းနှင့် စတင်ပစ်ခတ်တော့သည်။ နောက်တစ် ပြိုင်နက် ပစ်ခတ်မှုကြီး စတင်ရာ ဝန်ကြီးတစ်စုမှာ မိုးပေါက်များပမာ ‘ဖြာ’ထွက်လာသည့် ကျည်ဆံများ အကြား ဗလုံးဗထွေး အလဲလဲ အပြိုပြို။ ဗိုလ်ချုပ်အောင်ဆန်းကား ပထမဆုံး လူသတ်သမား၏ လက်ချက်ဖြင့် ၃၊ ၄ ချက်မျှ  ကျည်သင့်သွား သော်လည်း ရုတ်တရက် ထိုင်ချ ကာ စားပွဲနှင့် ၄င်း၏ကိုယ်ကို အကာအကွယ်ယူသေး၏။ သို့သော် လူသတ်သမားက စားပွဲအောက်သို့ ပင် ဒူးထောက်၍ သဲသဲမဲမဲ ပစ်သွင်းရာ ဗိုလ်ချုပ်အောင်ဆန်းမှာ တစ်ကိုယ်လုံး ကျည်သင့်၍ အသက်နှင့်ကိုယ်ကွဲရသော အဆင့်သို့ ရောက်ရရှာသည်။ ဝန်ကြီး သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ ဗိုလ်ချုပ်အစ်ကို ဦးဘဝင်း၊ ဆရာကြီး ဦးရာဇတ်တို့မှာလည်း ရင်မှာသွေးပွက်ပွက်ဆူလျက် ဘဝလမ်းဆုံး   ရောက်ရရှာ၏။ မိုင်းပွန်စော်ဘွားကြီး၊ ICS ဦးအုန်းမောင်၊ ဝန်ကြီးဦးရာဇတ်၏ သက်တော်စောင့် ကိုထွေး တို့မှာလည်း လူသတ်သမား များ၏ ဆက်လက်ပစ်ခတ်ခြင်းကို ခံခဲ့ ရရှာသည်။

ကျွန်တော်သည် စာစုနိဂုံးအား ဗိုလ်ချုပ် တို့ကျဆုံးပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့၌ ဗိုလ်ချုပ်၏မိခင်၊ အမေဒေါ်စု၏ တိုင်း ပြည် သို့ ရေဒီယိုမှပြောကြားခဲ့သော စကား၊ အပိုဒ်တစ်ပိုဒ်ဖြင့် နိဂုံးပြုလိုသည်။ ယင်း မှာ..”လွန်ခဲ့သည့်နှစ်က ဂဠုန်အဖွဲ့ ခေါင်း ဆောင် ဦးစောအား သူခိုးကျင့်၊ သူခိုးကြံ၊ လူမသမာတစ်စုက ချောင်းမြောင်း လုပ်ကြံ ပစ်ခတ်ခဲ့စဉ်က သားဖြစ်သူဗိုလ်ချုပ်အောင်ဆန်းသည် များစွာရှုတ်ချ၊ ကဲ့ရဲ့စကားများ ပြောခဲ့ တယ်။ မိမိထံကို နယ်လှည့်လာရင်း ဝင် ရောက်ကန်တော့စဉ်အခါက မိမိကစိုးရိမ်ကာ”လူဆိုတာ အထက်ရောက်နေလျှင် မနာ လိုဖြစ်ပြီး မလိုသူများက မကောင်းကြံစည် တတ်တယ်။ အစစအရာရာသတိထားပါ” ဟု ပြောမိသေးတော့ သူက  “ဗျာ..ဘုရားတောင်မှ အတိုက်အခံရှိ သေးတာပဲ။ အမှန်မှာတော့ ကိုယ်ကသာ လမ်းမှန်ဘက်ကနေပြီး အကြောင်းမှန်ကို ကိုယ်က လက်ကိုင်ထားရင် ဘာမှကြောက် စရာမလိုပါဘူး။ စစ်တိုက်တုန်းကတောင် မသေခဲ့သေးတာ မစိုးရိမ်ပါနဲ့။ အခု တိုင်း ပြည်လူထုဟာ အရင်လိုမဟုတ်ဘူး။ ဝေဖန် တတ်လာပါပြီ” ဟု အားရပါးရ ရယ်မော ၍ ပြန် ပြောခဲ့ပါသေးတယ်။ ခု အောင်ဆန်းဟာ သူအလွန် မုန်းတီး ရွံရှာတဲ့ချောင်းမြောင်းလုပ်ကြံ တဲ့နည်းနဲ့ပဲသေလွန်သွားရှာတယ်”[ရည်ညွှန်း-မြဝတီမဂ္ဂဇင်းစာတည်းအဖွဲ့မှ ပြုစုသော ယခင် ပြည်သူ့ ဟစ်တိုင်၁၉၄၇ခုနှစ်ထုတ်သတင်းစာများမှ ဦးစော လုပ်ကြံမှုသတင်းများ၏အချက်အလက်များအား ရည်ညွှန်းကိုး ကား၍ဤစာကိုရေး ပါသည်။]
စည်သူမြသန်း

၆၃နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ အာဇာနည်ခေါင်းဆောင်ကြီးများ ဈာပနမှတ်တမ်း သမိုင်းဝင်ရိုက်ကူးခဲ့သူ ဆရာကြီး ဒဂုန်မြင့်စိုး



''အဘအဲဒီတုန်းက အိုင်မို (Eymo) ကင်မရာနဲ့ရိုက်ဖြစ်ခဲ့တာ။ လက်ကိုင်ကင်မရာလေးနဲ့ ရိုက်တာ။ အဲဒီကင်မရာထဲကို ပေ ၁ဝဝ ဖလင် ထည့်ပြီး ရိုက်ခဲ့တာ။ ဈာပနက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂျူဗလီ ဟောကနေ အာဇာနည်ဗိမာန်ထိ ကင်မရာထမ်းလျှောက်ပြီး တောက် လျှောက်ရိုက်ခဲ့တာ။ အာဇာနည် တွေရဲ့ ရုပ်ကလပ်ကိုရိုက်လိုက်၊ လာ ရောက်ဂါရဝပြုတဲ့ ပရိသတ်အုပ်ထဲ ဝင်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ ကင်မ ရာထဲထည့်တဲ့ ဖလင်ကလည်း ပေ ၁ဝဝ ပဲရှိတော့ ခဏခဏလဲလဲပြီး ရိုက်နေရတာ'' ဟုပေါ်ပြူလာ စာပေ အနုပညာဂျာနယ်အဖွဲ့ကိုအားတက် သရော ဖြေကြားပေးသူကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏ နာယကကြီးတစ်ဦးလည်းဖြစ်၊မြန်မာ့ ရုပ်ရှင်သမိုင်းစဉ် (၁၉၂ဝ-၁၉၄၅)နှင့် ရုပ်ရှင်စာအုပ်များ ပြုစုခဲ့သူလည်း ဖြစ်သည့် ဆရာကြီးဒဂုန်မြင့်စိုးဖြစ် ပါသည်။
'အာဇာနည်နေ့' ကျရောက်ခါ နီးအခါသမယမှာ ပေါ်ပြူလာနှင့် တွေ့ဆုံခြင်းဖြစ်၍ ဆရာကြီးအနေ နှင့် ငယ်ရွယ်နုပျိုစဉ်က အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ သတင်းမှတ်တမ်းရိုက်ကူးခဲ့ပုံကို ရုပ်ရှင်နောက်ကြောင်းပြန် (Flash- back) လို ပြန်လည်မြင်ယောင်နေပုံ လည်းရ၏။
''အဲဒီတုန်းကအဘ အသက်က ငယ်သေးတော့ ဝါသနာအရ လိုက် ရိုက်ဖြစ်တာ။ အလောင်းတွေ သယ် သွားတာကစပြီး ဂူသွင်းတဲ့အထိ မပင်မပန်းနိုင်ဘဲရိုက်ခဲ့တာ။ အဘက ပထမတုန်းကလိုက်ရိုက်ခဲ့တာဝါသနာ အရပေမယ့် တကယ်တမ်းကျတော့ ဒီ ရိုက်ကူးမှုဟာနိုင်ငံနဲ့ လူမျိုးအရေး နဲ့လည်း ပတ်သက်တော့စိတ်ထဲမှာ ဝမ်းနည်းပြီး စိတ်တော့မကောင်းဘူး။ အဘဘဝ အတွက်အမှတ်တရ၊ နိုင်ငံ တော်အတွက် မှတ်တမ်းရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါလား ဆိုတဲ့အသိက အသက်ကြီးလာလေ ပိုပိုသိလာခဲ့တယ်'' ဟု ဆရာကြီး ဒဂုန်ဦးမြင့်စိုးက ဆိုပါသည်။
'၁၉ ဇူလိုင်၊ မမေ့နိုင်' ဆိုသလို မြန်မာပြည်တစ်ဝန်းလုံး ကြိမ်မီးအုံး သလိုဖြစ်စဉ်နှင့် ကြုံခဲ့ရသည့် ၁၉၄၇ ခုနှစ်ကာလကအကြောင်း ဆရာကြီး ပြောပြတော့ ကျွန်တော်တို့ပင်မသိ မမီခဲ့ရသော ခေတ်ကာလဆီက ထို နေ့ထိုအဖြစ်အတွက် ယူကြုံးမရ ဝမ်းနည်းခံစားကြရပါသေးသည်။ ၆၃နှစ်တိုင်ခဲ့ပြီဖြစ်သောအာဇာနည် ခေါင်းဆောင်ကြီးတို့၏ကျဆုံးခဲ့မှု အာဇာနည်နေ့အတွက် ပြည်သူတို့ မှာ တစ်နှစ်မပြတ်အမှတ်ရ လွမ်း ဆွတ်နေကြဆဲဆိုသည်ကတော့ သေချာ၏။ ဆရာကြီးမှာလည်း သူ ပါဝင်ခဲ့သော သမိုင်းမှတ်တမ်း တစ် စိတ်တစ်ဒေသနှင့် စပ်လျဉ်း၍ ဘယ် လာ မေ့ရနိုင်ပါမည်နည်း။ ထိုစဉ်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပနအခမ်းအနားအား ဂျူဗလီ ဟောအဆောက်အအုံကြီး၌ ခေတ္တ ပြင်ဆင်ထားရှိခဲ့ပြီး ပြည်သူလူထု ဂါရဝပြုနိုင်ခဲ့ပုံကို ဆရာကြီးဒဂုန်မြင့် စိုးတို့သမိုင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူး ခဲ့ကြခြင်းဖြစ်သည်။
''အစကတော့ ဝါသနာပါလို့ ရိုက်ခဲ့တာလေ။ ရိုက်ကူးလို့ပြီးသွား ပြီဆိုတာနဲ့ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှာ ပဲဖလင်ကူးဆေးတာရောတည်းဖြတ် တာရော၊ အသံဖမ်းတာရော အကုန် အဘလုပ်ခဲ့တာ'' ဟု ရှင်းပြသည်။
ဤသို့ စွယ်စုံတတ်ကျွမ်းသော ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာ ရှင်ဆရာကြီး၏ ငယ်ဘဝမျိုးချစ်စိတ် အားကျွန်တော်တို့ပါးစပ်အဟောင်း သားဖြင့် အားကျဖြစ်ခဲ့သည်။ ထိုစဉ် က ဈာပနသတင်းကားပြသခဲ့ပုံကို ဆရာကြီးက ပေါ်လွင်ထင်ရှား အောင်ရှင်းပြသေးသည်က...
''ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံ ကြီး ၄ ရုံမှာတစ်နေ့မှာ ၅ ပွဲပြခဲ့ တယ်။ အဲဒီရုံတွေက ခါတိုင်းဆို တနင်္ဂနွေတစ်ရက်ပဲ ၅ ပွဲပြတာ၊ ကျန်တဲ့ရက်တွေဆို ၄ ပွဲပဲပြခဲ့ပါ တယ်။ အဲဒီမှတ်တမ်းကား ပြတဲ့ အချိန်မှာ နေ့တိုင်း ၅ ပွဲပြခဲ့တာ ကတော့ ထူးထူးခြားခြားပါ။ အဲဒီ တုန်းက ကိုယ်တိုင်လည်း သွား ရောက်ကြည့်ရှုပြီး ကိုယ့်ဘာသာ ကိုယ် ဂုဏ်ယူကျေနပ်မိတာပေါ့။ အပျော်တမ်းမှတ်တမ်း ရိုက်ကူးခဲ့ရာ ကနေ မှတ်တမ်းရာဇဝင် သမိုင်းကား ကြီးဖြစ်ခဲ့လို့လေ'' ဟူ၍ဖြစ်၏။
ဆရာကြီး ဒဂုန်မြင့်စိုး၏ဖခင် အေဝမ်းဦးတင်နွယ်မှာ မြန်မာ့ပထမ ဦးဆုံး ရုပ်ရှင်ပြဇာတ်ဥက္ကဋ္ဌကြီးဖြစ် ပြီး ဆရာကြီးဒဂုန်မြင့်စိုးကိုယ်တိုင် မှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး (ယခင်ရုပ်ရှင်ကောင်စီ)၌ ဥက္ကဋ္ဌတစ်ဦးဖြစ်ခဲ့သည်။ အမေရိ ကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့အိန်ဂျယ်လိ(စ်) ကောလိပ်၌ ဝိဇ္ဇာ(ရုပ်ရှင်)ဘွဲ့ရယူ ခဲ့ပြီးနောက် ရုပ်ရှင်လုပ်ငန်းညွှန်ကြား ရေးမှူး (ထုတ်လုပ်)အဖြစ်နှင့်မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်း အနားများအား ဦးစီးဦးဆောင်ပြု စီစဉ်တင်ဆက်ခဲ့သည်မှာ အငြိမ်းစား ယူပြီးချိန်အထိပင်ဖြစ်၏။ မြန်မာ့ ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ အတွင်းရေးမှူး အဖြစ်လည်း ၁၉၅၆ မှ ၁၉၈၃ ခုနှစ် အထိ ၂၇ နှစ်တိုင်တိုင်တာဝန်ထမ်း ဆောင်ခဲ့သည်။ ရုပ်ရှင်နယ်မြေမှာ မွေး၊ ရုပ်ရှင်နယ်မြေမှာကြီးပြင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင်လောကအပေါ် လွန်စွာသံ ယောဇဉ်ကြီးသူလည်း ဖြစ်ကြောင်း ကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရှိ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် အား အမြဲလိုလို လူအား၊ အကြံ ဥာဏ်အားတွေဖြင့် အကြံပြု အကျိုး ပြုနေဆဲဖြစ်သည်က သက်သေပြလို့ နေပါတော့သည်။ 
ဈာပနက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂျူဗလီ ဟောကနေ အာဇာနည်ဗိမာန်ထိ ကင်မရာထမ်းလျှောက်ပြီး တောက် လျှောက်ရိုက်ခဲ့တာ။ အာဇာနည် တွေရဲ့ ရုပ်ကလပ်ကိုရိုက်လိုက်၊ လာ ရောက်ဂါရဝပြုတဲ့ ပရိသတ်အုပ်ထဲ ဝင်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။

၆၃နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ အာဇာနည်ခေါင်းဆောင်ကြီးများ ဈာပနမှတ်တမ်း သမိုင်းဝင်ရိုက်ကူးခဲ့သူ ဆရာကြီး ဒဂုန်မြင့်စိုးနှင့် တွေ့ဆုံခြင်း

လွှတ်တော်ထဲက ညီညွတ်ရေး



(ဓာတ်ပုံများ - ဧရာဝတီ)

လွှတ်တော်ထဲက အင်အားစု အသီးသီး ရပ်တည်ချက် မတူကြပေမယ့် ညီညွတ်ရေး ဖော်ဆောင်နိုင်ကြပါပြီလို့ သိရပါတယ်။

ခုတလော လွှတ်တော်အစည်းအဝေး မှတ်တမ်း ဓာတ်ပုံတွေမှာ အင်အားစုအသီးသီးက ကိုယ်စားလှယ် တချို့ အိပ်ငိုက်နေ၊ တချို့လည်း အိပ်မောကျနေကြတာကို တွေ့ရပါတယ်။

တူတာတွဲလုပ်၊ မတူတာ ခွဲလုပ်တဲ့နည်းနဲ့ ညီညွတ်ရေး ဖော်ဆောင်နိုင်တယ် ဆိုတဲ့ သဘောပါပဲ။

လွှတ်တော်ထဲ အိပ်ငိုက်ခြင်း၊ အိပ်ပျော်သွားခြင်းများအတွက် ဘယ်လို အရေးယူမယ် ဆိုပြီး ဥပဒေ၊ စည်းကမ်းချက် ပြဋ္ဌာန်းထားခြင်း ရှိမရှိ မသိရသေးပါ။

အိပ်ငိုက်သူ၊ အိပ်ပျော်နေသူတွေကို အရေးယူမယ် ဆိုရင်တော့ ဒါဟာ ညီညွတ်ရေးကို ဖြိုခွင်းတာပဲလို့ ဆိုနိုင်မယ် ထင်ပါတယ်။ 

အနားယူနေတဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တဦး




NLD ကိုယ်စားလှယ်များ ငိုက်နေသလား ?


သူတို့ရော?


ဒါကတော့ ငိုက်တယ် ဆိုတဲ့ အဆင့်ကို အတန်အသင့် ကျော်လွန်သွားပါပြီ




မိုးကျရွှေကိုယ်များထဲက တချို့လည်း ညီညွတ်ရေး ဖော်ဆောင်ရာမှာ ပါဝင်ကြပါတယ်

The Biggest Hair Show 2012 in Yangon


ဇူလိုင်လ (၁၂) ရက်နေ့က ရန်ကုန်၊ GT-R Bar မှာ ကျင်းပခဲ့တဲ့
 The Biggest Hair Show 2012 

December Hnin showed off their Hair Creations with Popular Models; Nann Su Yati Soe, Thet Tha Khin, M Seng Lu, Chan Chan, Nann Thuzar and many more. The Hair Show is organized by "SunSilk co-creations", a Hair Care Brand. 


ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အေးချမ်းစွာ ပညာ မသင်နိုင်သေး



ရခိုင်ပြည်နယ် ပဋိပက္ခအပြီး စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ နည်းပညာကျောင်းမှ ပြန်လာသည့် ကျောင်းသားများကို ယနေ့ နေ့လယ်တွင် ဘင်္ဂါလီ ရွာသားတချို့က အနှောင့်အယှက် ပေးသောကြောင့် တာဝန်ရှိသူများက ကျောင်းသားများ ကျောင်းပြင်မထွက်ရန် သတိပေးထားပြီး လုံခြုံရေး အကာအကွယ် ယူ၍ ကျောင်းသားများအား အိမ်ပြန်ပို့ပေးရန် စီစဉ်နေရကြောင်း သိရသည်။
“ကျနော့်သားက ကျောင်းကနေ ဆက်သွယ်တယ်။ ဘင်္ဂါလီ ရွာသားတွေက ကျောင်းက ပြန်လာတဲ့သူတွေကို ဆိုင်ကယ်တွေနဲ့ လိုက်နှောင့်ယှက်လို့ ကျောင်းအုပ်ကြီးက ကလေးတွေကို ကျောင်းပြင်မထွက်ခိုင်း တော့ဘူး။ လုံခြုံရေးကို အကြောင်းကြား ထားတယ်။ လုံခြုံရေးတွေ လာမှ အိမ်ပြန်ပို့ပေးမယ် ပြောတယ်” ဟု နည်းပညာ တက္ကသိုလ် ကျောင်းသား မိဘတဦးက ဧရာဝတီသို့ ပြောသည်။
နည်းပညာ တက္ကသိုလ်သည် စစ်တွေမြို့နှင့် ၈ မိုင်ခန့်တွင် တည်ရှိကြောင်း၊ ကျောင်းသွားရာ လမ်းတလျှောက်၌ ဘင်္ဂါ လီ ကျေးရွာတချို့ကို ဖြတ်သွားရကြောင်း၊ မိဘအများစုသည် လုံခြုံရေး စိတ်မချ သည့်အတွက် သားသမီးများကို ကျောင်း ပြန်မတက် ခိုင်းသေးသည့်အတွက် ကျောင်းသား အနည်းငယ်သာ ရှိကြောင်း သိရသည်။
နည်းပညာကျောင်းအား ယမန်နေ့က စတင်ဖွင့်လှစ်ထားပြီး စစ်တွေမြို့ပေါ်မှ ကျောင်းသားများ တက်ရောက်နေ ကြကြောင်း၊ ကျောင်းကားများ၌ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့လိုက်ပါပေးသည်ကို တွေ့ရကြောင်း ပန်းပျိုးလတ် ဘော်ဒါဆောင် ပိုင်ရှင်နှင့် ကျောင်းသား မိဘတဦး ဖြစ်သူ ဦးအောင်ကျော်ညွန့်က ပြောသည်။
“ဘော်ဒါဆောင်မှာတော့ ကျောင်းသားတွေ တ၀က်လောက်ပဲ ရှိတော့တယ်၊ မိဘတွေ ကလည်းပဲ စိုးရိမ်နေကြ တုန်းပဲ၊  မနေ့ကတော့ ကျောင်းကားတိုင်းမှာ စစ်သား တယောက်၊ နှစ်ယောက် လိုက်ပြီး လုံခြုံရေး ယူပေးတာတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်ကျောင်း တချို့ စတင်ဖွင့်နေပြီ ဖြစ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် တက်ရောက်သူ နည်းပါးသေးကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်မှ အပ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ် စသည့် ကျောင်းတချို့ကို ယမန်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့သည်။
တက္ကသိုလ် ကျောင်းများတွင် လုံခြုံရေး အစီအစဉ်များ ဆောင်ရွက် ပေးထားကြောင်း၊ စစ်တွေ တက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။
“စစ်တွေတက္ကသိုလ်က ဘင်္ဂါလီရွာတွေနဲ့ နီးတဲ့အတွက် တချို့က လုံခြုံရေး စိတ်မချ သေးတာရယ်၊ ကျောင်းသားတွေက လည်းပဲ ကိုယ့်ဒေသတွေကို ပြန်သွားကြတာ ရယ်ကြောင့်ပါ” ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့နှင့် ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ သံတွဲဒေသ တို့ရှိ တက္ကသိုလ်များကို ဇွန်လ ဆန်းမှ စတင်၍ ပိတ်ထားခြင်းဖြစ်သည်။ နေရပ် အသီးသီးသို့ ပြန်သွားသည့် ကျောင်းသားများနှင့် မိဘများထံ တာဝန်ရှိသူများ က အကြောင်းကြားထား ကြောင်းလည်း ဦးဝင်းမြိုင်က ပြောသည်။
တက္ကသိုလ်များ၌ တက်ရောက်နေသည့် ကျောင်းသားများမှာ ဒေသခံတိုင်းရင်းသား ကျောင်းသားများသာ ရှိပြီး ဘင်္ဂါလီ ကျောင်းသား မရှိကြောင်း စစ်တွေမြို့ခံ ကိုညီညီက ပြောသည်။
ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံ ပညာကျောင်းများ အားလုံး၌ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်း
သားများ၏ လုံခြုံရေး၊ ဆရာ၊ ဆရာမ များ၏ လုံခြုံရေး ပိုမိုကောင်းမွန်စေရန် အစိုးရ အာဏာပိုင်တို့က တာဝန်ယူ ဆောင်ရွက်
ပေးနိုင်ရေး အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော် ကိုယ်စားလှယ်များက အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။
စစ်တွေမြို့ပေါ် နှင့် ဒေသ တ၀ိုက်ရှိ အခြေခံပညာ ကျောင်းများ အားလုံးနီးပါးကို ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း၊ သို့သော် မိဘ တချို့က ၎င်းတို့ သားသမီးများကို စိတ်မချသည့် အတွက် ကျောင်းသို့ ပို့ဆောင်ခြင်း မရှိကြောင်းလည်း ဦးဝင်းမြိုင်က ပြော သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တော၊ ဘူးသီးတောင် မြို့တို့တွင်မူ ကျောင်းများအားလုံး ပိတ်ထားဆဲ ဖြစ်သည်။

မေမြို့မှာ ဒီလိုပဲ ရှိတယ်



ကျေးရွာအုပ်ချုပ်ရေးမှုးအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်ထားသူ တဦးက မေမြို့ဒေသခံများကို စိတ်ဆင်းရဲအောင် လုပ်ဆောင်နေပါတယ်လို့ ဒေသခံတချို့က ဧရာဝတီကို ပြောပါတယ်။

မေမြို့ သို့မဟုတ် ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာအုပ်စုဝင် ထုံးကွင်းကျေးရွာ ဥက္ကဋ္ဌ ဦးဌေးလှိုင် ဆိုသူက အများသုံး ဘုံပိုင် ရေတွင်းနှစ်တွင်းကို မသုံးရဆိုပြီး ပိတ်လိုက်တယ်လို့ ဆိုပါတယ်။ ၄င်းအပြင် ရွာသားများ အားကစားပြုလုပ်သည့် ဘောလုံးကွင်းကိုလည်း ခြံစည်းရိုးများ ခတ်ကာ ပိတ်ထားပါသေးတယ်။

ဦးဌေးလှိုင်ဆိုသူမှာ နိုင်ငံတော်က တရားဝင်ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး မဟုတ်ဘဲ ၄င်းနှင့် ခင်မင်သူ လူကြီးများနဲ့ ပူးပေါင်းကာ အုပ်ချုပ်ရေးမှုး အသွင် ဖန်တီးနေခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောနေကြပါတယ်။

ကျေးရွာတရွာလုံးကိုလည်း ၄င်းနံမည်ပေါက်နှင့် လန-၃၉ ရှိထားတဲ့အတွက် တအိမ်လုံးနှင့် တရွာလုံးကို ၄င်းက ပိုင်ဆိုင်ကြောင်း ဒေသခံပြည်သူတွေကို ပြောဆိုကာ မြေများသိမ်းဆည်းမှုများ ပြုလုပ်မှုများ လုပ်ဆောင်နေတယ်လို့ အဲဒီကျေးရွာမှာ နေထိုင်တဲ့လူတွေက ပြောပါတယ်။

‘‘ကျေးရွာတရွာလုံးကို သူနံမည်ပေါက်နဲ့ မြေတွေ ပိုင်တယ်ပေါ့။ အဲဒီအတွက် ဒီရွာကို သူပိုင်ဆိုင်တယ် ဆိုပြီး ရွာသူ၊ရွာသားတွေကို စုခေါ်ပြီး သူက ပြောတာပါ။ ကျွန်တော်တို့က မြေစာရင်းရုံး သွားပြီး ကြည့်တော့ အဲဒီရုံးက လူကြီးတွေက တရွာလုံး သူ့နံမည်ပေါက် မပြောနဲ့ သူပိုင်တဲ့ မြေတကွက်တောင် နာမည်ပေါက်နဲ့ မရှိဘူး ဆိုပြီး ပြောလွှတ်လိုက်ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။

သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေကို တိုင်တဲ့အခါမှာလည်း ဦးဌေးလှိုင်က ငွေကြေးများသုံးကာ အမှု ပိတ်ထားသည့်အတွက်ကြောင့် မည်သူမှ လာရောက် စစ်ဆေးမေးမြန်း အရေးယူမှု မရှိဘူး လို့ ဆိုပါတယ်။

၎င်းကို တိုင်တန်းသည့် လူများကိုလည်း အပြစ်အမျိုးမျိုးရှာကာ အာဏာပိုင်လူကြီးများနှင့် ပေါင်းပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေတယ်လို့ ကြားရပါတယ်။

‘‘သူ့ကိုတိုင်တဲ့ လူလေးယောက်ကို နေထိုင်တဲ့ မြေနေရာက သစ်တောပိုင် ဆိုပြီး ဖမ်းဆီးသွားပါတယ်။ တကယ်တော့ အဲဒီနေရာက ဓါးမဦးချ နေထိုင်လာတဲ့ မြေပါ။ နှစ်၂၀လောက် ရှိပါပြီလို့” ထုံးကွင်း ကျေးရွာသားတဦးက ပြောပါတယ်။

ဦးဌေးလှိုင်ဆိုသူက ဘုံဘိုင်ရေတွင်းနှစ်တွင်းကို ပိတ်ထားသည့် အတွက် ဒေသခံများမှာ ရေသုံးစွဲမှု မပြုရသည်မှာ ၆လခန့် ရှိပြီ ဖြစ်တယ်လို့သိရပါတယ်။ ယင်းကိစ္စအတွက် မည်သူ့ကို တိုင်တန်းရမည်ကို မသိဘဲ ကျေးရွာသူ ကျေးရွာသားများ ဒုက္ခရောက်နေကြပါတယ်။

လက်ရှိတွင်လည်း ၄င်းကို တိုင်ကြားထားသူ ၇၀ အထိ ရှိကြောင်း၊ ၎င်းတို့ကို အမျိုးမျိုး ပြဿနာရှာနေသည့်အတွက် ဧရာဝတီသတင်းဌာနကို ဖွင့်ချခြင်း ဖြစ်ကြောင်း ပြောဆိုသွားကြပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_6118.html

လူကုန်ကူးသူတွေကို Google ကိုယ်တိုင် လိုက်ရှာပြီ




(ဓာတ်ပုံ - Reuters)


ကမ္ဘာကျော် ရှာဖွေစက်ကြီး ဂူဂယ်လ်ဟာ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ သူ့ရဲ့ ရှာဖွေမှု စွမ်းရည်ကို စိမ်ခေါ်မှုတွေ သိပ်များတဲ့ဆီ တိတ်တဆိတ် ဦးတည်လိုက်ပါတယ်။
အဲ့ဒါကတော့ ရာဇဝတ်သားတွေကို ရှာဖွေတာပါပဲ။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေ၊ ငွေမဲကို ငွေဖြူလုပ်သူတွေနဲ့ လူကုန်ကူးသူတွေက သူတို့ရဲ့ ဆန်းပြားရှုပ်ထွေးလှတဲ့ ဒုစရိုက်လုပ်ငန်းတွေကို အွန်လိုင်းကတဆင့် လုပ်နေကြတာပါ။

ဒါကြောင့်မို့ ဂူဂယ်လ်ရဲ့ နည်းပညာပိုင်းဆိုင်ရာဦးနှောက်ဖြစ်တဲ့ ဂူဂယ်လ် အိုင်ဒီယာစ် (Google Ideas) ကလည်း နိုင်ငံတကာရာဇဝတ်မှုတွေကို နည်းပညာသုံးပြီး ဖြိုခွဲနိုင်တဲ့နည်းလမ်းတွေ ရှာဖွေနေပါတယ်။

ဒီလို ရှာဖွေရာမှာ နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – COR) အပါအဝင် အခြားအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။

ဒီနေ့နဲ့ မနက်ဖြန်မှာ ဂူဂယ်လ်နဲ့ အခြားအဖွဲ့တွေက တာဝန်ရှိသူများ ဆုံကြပြီး နိုင်ငံတကာရာဇဝတ်မှုတွေ တိုက်ဖျက်မယ့် မဟာဗျူဟာတွေဆွဲကြမယ် လို့ သိရပါတယ်။

“ဒုစရိုက်ကွန်ရက်တွေ ဖော်ထုတ်နိုင်ဖို့၊ ချစားမှုတွေ တိုက်ဖျက်ဖို့နဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နိုင်ရေး ကြိုးစားနေကြသူတွေကို အားကောင်းမောင်းသန် ဖြစ်လာစေဖို့ နည်းပညာကုမ္ပဏီတွေမှာ အစွမ်းထက်တဲ့ ကရိယာတွေ အများကြီးရှိနေပါပြီ” လို့ COR ရဲ့ အထက်တန်းအရာရှိ စတီးဝပ်တ် ပက်ထရစ် (Stewart Patrick) က ဆိုလိုက်ပါတယ်။
Link
ဒုစရိုက်သမားတွေ သတိသာထားကြပေတော့။

မူရင်း သတင်းအပြည့်အစုံကို irrawaddy.org/archives/9256 မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။



http://blog.irrawaddy.org/2012/07/google_17.html

မန်းသရက်သီးများ ရန်ကုန်နဲ့ တရုတ်ပြည်သွား

တရုတ်ပြည်ဘက်ကို သွားတာ စိန်နဲ့ဟင်္သာ အဓိကဖြစ်တယ်၊ အိတ်စွပ်သရက်၊ အိတ်မစွပ်သရက် ဈေးကွာခြားမှု၊ သရက်ချဉ်ထုတ်လုပ် ထုပ်ပိုးမှု၊ ရန်ကုန်ဈေးကွက်ကို ပို့ဆောင်မှု စတာတွေအကြောင်း လုပ်ငန်းရှင်၊ အလုပ်သမားတို့က ပြောပြထားကြပါတယ်။


ဧရာဝတီ ရုပ်သံမှာ တင်ဆက်ထားတာ ကြည့်ရှုနိုင်ပါပြီ။

အရွက်မှာ လက်ဘက်၊ အသီးမှာ သရက် ဆိုစကား ရှိရလောက်အောင် အရသာရှိတဲ့ သရက်သီးအကြောင်း တစေ့တစောင်းလို့ ဆိုနိုင်ပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_3894.html

သမ္မတရဲ့ စီးပွား/လူမှု အကြံပေးကောင်စီအဖွဲ့ဝင်နဲ့ တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု နဲ့ မြန်မာပြည်မှာ စီးပွားရေး လုပ်ကိုင်ခြင်း အခြေအနေများအကြောင်းကို မကြာသေးခင်က ထိုင်းတက္ကသိုလ်တခုမှာ သွားရောက် ဟောပြောခဲ့တဲ့ ဒေါက်တာအောင်ထွန်းသက်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။



သမ္မတဦးသိန်းစိန်ရဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နဲ့ တွေ့ဆုံမေးမြန်းခြင်း အပိုင်း ၁ ကို ဧရာဝတီ ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။



http://blog.irrawaddy.org/2012/07/blog-post_7676.html

မြန်ပြည်အနှံ့ တောင်ကတုံးတွေ ပြန့်တော့မည်လား


မြန်ပြည်အနှံ့ တောင်ကတုံးတွေ ပြန့်တော့မည်လား
ပဲခူးရိုးမ သစ်လျှော့ခုတ်တော့မည်ဟူသောခေါင်းစဉ်ဖြင့် မတ်လ ၁၅ ရက်နေ့ထုတ် ဂျာနယ်တစ်စောင်၌ ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ပဲခူးတိုင်းဒေသကြီးမှ သစ်ထုတ်လုပ်မှုသည် ထာဝစဉ်ညီ သစ်တော စီမံခန့်ခွဲမှု အခြေခံထားသည့် နှစ်စဉ်တောထွက်ထက် ကျော်လွန်ကြောင်း၊ အဆိုပါဒေသ၏ သစ်ထုတ်လုပ်မှုသည် ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးတွင် ထုတ်ယူခဲ့သည့် ပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထို့အတွက် ၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ပြီး သစ်ထုတ်လုပ် မှုလျှော့ချကာ အနားပေးမည့် သစ်တောများ သတ်မှတ်ခြင်း ၊ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အစီအစဉ်များ ရေးဆွဲပြီးအလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးရိုးမသည် ဦးစားပေးဧရိယာတစ်ခုအဖြစ် ပါဝင်ရန် ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်း ဒေသကြီးတစ်ခုတည်းသာမက ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း သစ်ထုတ်လုပ်မှုလျှော့ချခြင်း၊ တစ်နေရာတည်းမှ သစ်အများအပြားထုတ်လုပ်မှုကို စိစစ်ချိန်ဆ ထိန်းညှိခြင်း၊ ပြည်တွင်းလိုအပ်ချက်အပေါ်ကိုသာ ချိန်ဆထုတ်လုပ်ခြင်း၊ အနားပေးသင့်သည့် သစ်တောများကို စိစစ်ရွေးချယ် အနားပေး ပြုစု ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်ဟု အဆိုပါ သတင်းတွင် ရေးထားပါသည်။ (Popular News-Vol-4, Nov 11, March 15, 2012)
အဆိုပါ သတင်းသည် မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှု ပမာဏကို လျှော့ချမည့်အကြောင်း တောတွင်းသစ်ထုတ် လုပ်ငန်း၌တာဝန်အရှိဆုံးပုဂ္ဂိုလ်မှ ပြောဆိုသွားသောစကားဖြစ်သည်။ ထိုစကားကြားရသူများအဖို့ မြန်မာ့ သစ်တောပြုန်းတီးမှု အခြေအနေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြသူများအတွက် မင်္ဂလာသတင်းတစ်ခုဖြစ်သည်။ နားဝင်လည်း အလွန်ချိုလှ၏။
စင်စစ် သစ်ထုတ်လုပ်မှု ပမာဏလျှော့ချမည်ဆိုသည့် စကားသံများကို၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မစခင်ကတည်းက ကြားခဲ့ရခြင်းဖြစ်သည်။ 'လာမည့်ဘဏ္ဍာနှစ်မှစ၍ သစ်ထုတ်လုပ်မှုလျှော့ချရန်စီစဉ်'ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် သတင်းတစ်ပုဒ်ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရသည်။ ထိုစကားကို မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ၂၀၁၀ပြည့်နှစ်၊ မတ်လတွင် နေပြည်တော်၌ကျင်းပသော ယင်းအသင်း၏ (၁၆)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်၏။
သို့သော် မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုလျှော့ချရေးစီမံကိန်းတွင် နှစ်စဉ်သစ်ထုတ်လုပ်မှုများအနက်မှ ရာခိုင်နှုန်းမည်မျှအထိ လျှော့ချထုတ်လုပ်မည်ကိုမူအသင်းအနေဖြင့် အတိအကျမသိသေးကြောင်းလည်း ဆိုထားသည်။ အတိအကျ မသိသေးကြောင်း ဆိုထားသည် နှင့်အညီ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၏ စကားသည် အမှန်တကယ် ဖြစ်ပေါ်လာခြင်း မရှိခဲ့ချေ။
တစ်ဖန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ်ဂျာနယ်တစ်စောင်တွင် သစ်ထုတ်လုပ်မှုပမာဏလျှော့ချမည်ဆိုသည့် သတင်းတစ်ပုဒ်ပါလာပြန်သည်။ သစ်ထုတ်လုပ်မှုပမာဏကိုလာမည့် ၂၀၁၂ ခုနှစ်တွင် ယခုထုတ်လုပ်မှုပမာဏထက် ၂၀ ရာခိုင်နှုန်း၊၂၀၁၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် ၂၀၁၅ခုနှစ် မတိုင်မီတွင် ၅၀ ရာခိုင်နှုန်းဖြင့်လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်ဟုဆိုသည်။
ထို့ပြင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ဝေသောဂျာနယ်တစ်စောင်၌လည်း 'နှစ်စဉ်သစ်ထုတ်လုပ်မှုကို လျှော့ချနေပါတယ်။ ယခုနှစ် တန် ၁၂ သိန်းထုတ်ရာကနေ လာမည့်နှစ်မှာ ၄၀ ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း' သတင်းရေးထားသည်ကိုဖတ်လိုက်ရသည်။
ထိုကဲ့သို့ သစ်ထုတ်လုပ်မှုပမာဏလျှော့ချမည့်အကြောင်း ပြည်ထောင်စုဝန်ကြီးအပါအဝင် အဓိကတာဝန်ရှိသူများ၏ ပြောဆိုစကားများကို လေးစားယုံကြည်မိခဲ့ပါသည်။ သို့သော် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော သစ်ထုတ်လုပ်မှုစီမံကိန်းလျာထားချက်ထွက်ပေါ်လာသောအခါဘယ်လိုများဖြစ်သွားပါလိမ့်ဟုသာ မှတ်ချက်ပြုနိုင်ပါသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်လုံး ၂၃၂,၉၈၆ ကုဗတန်၊ ပါယ်ကျွန်း၂၃,၂၉၈ ကုဗတန်နှင့် သစ်မာသစ်လုံး၂၂၆၃,၂၅၈ ကုဗတန် ထုတ်လုပ်ရန်အသီးသီးသတ်မှတ်လျာထားကြောင်းတွေ့ရသည်။ ယင်းသို့ဆိုလျှင် ကျွန်းသစ်ထုတ်လုပ်မှုရော သစ်မာထုတ်လုပ်မှုတွင်ပါလာသည့် ထာဝစဉ်ညီတောထွက်စီမံခန့်ခွဲမှုစနစ် (SFM)နှင့်အညီ သတ်မှတ်ထားသော နှစ်စဉ်တောထွက်ထက် ပိုမိုထုတ်လုပ်မည့်သဘော ဖြစ်နေသည်။တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းများအရ ကျွန်းသစ်နှစ်စဉ်တောထွက်သည့်ကုဗတန် ၂ ဒသမ ၃ သိန်းဖြစ်ပြီး သစ်မာနှစ်စဉ်တောထွက်သည် ၁၈ သိန်းသာဖြစ်သည်။ ယခုနှစ်ထုတ်လုပ်မည့်ကျွန်းနှင့် သစ်မာသည် တာဝန်ရှိပုဂ္ဂိုလ်ကြီးများပြောသကဲ့သို့ လျော့မသွားဘဲ သတ်မှတ်နှစ်စဉ် တောထွက် (Prescribed AAC) ထက်ပင် ၁၃ ရာခိုင်နှုန်းနှင့် ၂၆ရာခိုင်နှုန်းခန့်စီပိုနေကြောင်း တွေ့ရ၏။
သို့ဆိုလျှင် မြန်မာ့သစ်တောများမှ အဖိုးတန်သစ်များကို ရေရှည်ခုတ်လှဲထုတ်လုပ်အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ သစ်တောဖြုန်းတီးမှုကိုကာကွယ်ရန်အတွက်လည်းကောင်း၊ ကိုလိုနီခေတ်ကတည်းက တစိုက်မတ်မတ်ကျင့်သုံးခဲ့သော မြန်မာ့ရွေးချယ်ခုတ်လှဲနည်းစနစ်(Myanmar Selection System - MSS)ကို မျက်ကွယ်ပြုပြီး သစ်ထုတ်ဦးကြမည်လော။ ပြည်ထောင်စုဝန်ကြီးအပါအဝင်အဆင့်မြင့်နိုင်ငံ ဝန်ထမ်းများက လျှော့ထုတ်ပါမည်ဟု ဆိုထားပါလျက် အဘယ်ကြောင့် တိုးထုတ်ရန်လျာထားကြပါသနည်း၊ ဤအခြေအနေကို နိုင်ငံအကျိုးပြု ပြည်သူ့လွှတ်တော်အမတ်မင်းများမသိကြပါသလော၊ သို့တည်းမဟုတ်တေးသံရှင် ထက်နေခြည်သီဆိုသောသီချင်းကဲ့သို့ 'နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိ' ကြပြီလော၊ အဘယ့်ကြောင့်နောက်မဆုတ်နိုင်ကြပါသနည်း။
စာရေးသူ၏အမြင်တွင် လက်ရှိကျင့်သုံးလျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိကတို့၏ အကျိုးတူပူးတွဲသစ်ထုတ်စနစ်သည်နောက်ဆုတ်၍ မရနိုင်လောက်အောင်အတားအဆီးဖြစ်နေဟန်တူသည်။ လျှော့ထုတ်လျှင် ကိုယ်ကျိုးစီးပွားထိခိုက်မည်။သို့ဖြစ်၍ မည်သူက မည်သို့ပင်ဆိုစေ၊ကန့်ကွက်စေ တိုးထုတ်မည်ဟူသည့် ဝိသမလောဘစိတ်ကို ချိုးနှိမ်၍မရဖြစ်နေကြဟန်တူသည်။
စင်စစ် မြန်မာနိုင်ငံ၏ လက်ရှိကုဋေကြွယ်သူဌေး အများစုသည် သစ်ထုတ်လုပ်ငန်းနှင့် ကင်းခဲ့သူများ မဟုတ်ကြ။သူတို့ကြွယ်ဝချမ်းသာလာပုံကိုမြင်၍ သစ်ထုတ်လုပ်ငန်းတွင်းသို့ နောက်ထပ်တိုးဝင်လာသူအများအပြားရှိသည်။ နောက်မှ ဝင်လာသူများသည် အဝင်နောက်ကျသော်လည်း ရှေ့သို့ရောက်အောင် အရှိန်အဝါဖြင့် တိုးဝင်ကြခြင်းဖြစ်သည်။
၁၉၉၅ ခုနှစ် လုပ်ငန်းစတင်ချိန်က လက်ချိုးရေ၍ရသောအရေအတွက်သည် ယခုအခါ ရာဂဏန်းမျှရှိနေပြီးအကျိုးတူ သစ်ထုတ်လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိကကုမ္ပဏီတို့၏ထုတ်လုပ်မှုပမာဏသည် နှစ်စဉ်စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ၇၅ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ ခြင်္သေ့ဝေစုကိုရယူထားကြခြင်းဖြစ်၏။ ပုဂ္ဂလိကတို့ရကြသော ဝေစုမှန်သမျှ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခွင့်ရထားသည်ဖြစ်ရာ ဆူလွယ်နပ်လွယ်ငွေဝင်လွယ်သောလုပ်ငန်းကိုမည်သူမျှ လက်မလွှတ်ချင်ကြ။ ငွေအားဖြင့် ဖိ၍သော်လည်းကောင်း၊ အရှိန်အဝါ သုံး၍ သော်လည်းကောင်း သစ်ထုတ်လုပ်မှု ပမာဏလျှော့ချမည့်ကိစ္စကို နည်းမျိုးစုံဖြင့် ထားကြလိမ့်မည်။
ယင်းသို့ဆိုလျှင် မြန်ပြည်အနှံ့ တောင်ကတုံးတွေ ပြန့်တော့မည်လား။

http://thevoicemyanmar.com/index.php/environment/item/2207-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%A1%E1%80%94%E1%80%BE%E1%80%B6%E1%80%B7-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%90%E1%80%AF%E1%80%B6%E1%80%B8%E1%80%90%E1%80%BD%E1%80%B1-%E1%80%95%E1%80%BC%E1%80%94%E1%80%B7%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%B7%E1%80%99%E1%80%8A%E1%80%BA%E1%80%9C%E1%80%AC%E1%80%B8.html

ဂီတ အနုပညာရှင်များ တွေ့ဆုံပွဲ




ဇူလိုင် ၁၆ ရက်နေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ Park Royal Hotel မှာ ဂီတလောကမှ လူငယ် ဆို-ရေး-တီး ပညာရှင်များ အရေးပေါ်အစည်းအဝေး တစ်ခု ခေါ်ယူ စုဝေးခဲ့ကြပါတယ်။

လူငယ်အနုပညာရှင်တွေ ဖြစ်ကြတဲ့ တေးသံရှင် ဖြူဖြူကျော်သိန်း၊ အနဂ္ဂ၊ သံသာဝင်း စတဲ့အနုပညာရှင်များက ဦးဆောင်ပြီး ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၊ လွှတ်တော်ရုံးခန်းမှာ ဥက္ကဌ သူရဦးအေးမြင့် ဦးဆောင်တဲ့ ပြည်သူ့ ဆက်ဆံရေးကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကို ဂီတမောင်နှမများအား ပြန်လည်ရှင်းပြခဲ့ကြပါတယ်။




မကြာမီ အသစ်ရွေးချယ်တော့မယ့် ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့သစ်မှ လူငယ်တွေရဲ့ ဂီတသစ် အလွှာ ကို တိုးချဲ့ဖွဲ့ စည်းရေးကို ပြည်သူ့ ဆက်ဆံရေး ကော်မီတီရဲ့ထောက်ခံမှုအရ ဆက်လက်ေ ဆာင်ရွက် ကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီဝင် တစ်ချို့ရဲ့ နှေက်ယှက်ဟန့် တားမှုတွေကိုလည်း မျိုးစုံ ကြုံခဲ့ကြရပေမယ့် ဂီတသစ် လူငယ်လေးတွေရဲ့ အံ့မခန်း ညီညွတ်တဲ့ စွမ်းအားကြောင့် သူတို့ လိုလားတဲ့အရာကို ရရှိခဲ့ကြပါတယ်။




ထိုတွေ့ဆုံ ဆွေးနွေးမှုမပြီးခင်မှာဘဲ မြန်မာနိုင်ငံဂီတအစည်းအရုံးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ တေးသံရှင်နွဲ့ယဉ်ဝင်း ရဲ့ အဆိုပြုလွှာကို ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီက ပယ်လိုက်တယ်လို့ သတင်းဝင်လာတဲ့အတွက် အစည်းအဝေးကိုရပ်နားခဲ့ရပြီး အနုပညာမောင်နှမတွေအားလုံး တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ကိုစုဝေးကာ သွားရောက်ပြီး လက်ရှိ ဂီတ အစည်းအရုံး ဥက္ကဌကို ပွင့်လင်းစွာ ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်တဲ့။ မကြခင်ရက်ပိုင်းမှာ ရွေးကောက်ပွဲ ရက်ကြေညာဖို့လည်း ရှိပါတယ်။




ဇူလိုင် ၁၇ ရက်မှာ ဂီတသစ် လူငယ်များနဲ့ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီ အကြေအလည် ဆွေးနွေးကြမှာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ဂီတမောင်နှမများ လာရောက် လေ့လာ ဆွေးနွေးကြဖို့လည်း ဂီတသစ်လူငယ်များက ဖိတ်ခေါ်ထားကြပါတယ်။



ဂီတသစ် အလွှာပေါ်ပေါက်ရေးအတွက် ပါဝင် ထောက်ခံအားပေးကူညီနေကြတဲ့ သူမှာ စတီရီယို အလွှာက တေးရေး-မြင့်မိုးအောင်၊ ကေ အေ တီ၊ ညီညီသွင်၊ နောင်နောင် (ဆန်းဖလားဝါး)၊ အောင်နိုင်စန်း၊ စောခူဆဲလ်၊ မင်းချစ်သူ တို့ အပြင် စတီရီယို တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ပိုင်၊R ဇာနည်၊L လွန်းဝါ၊ J မောင်မောင်၊ သားစိုး၊ Acid,Big Bag,Metal Zone Band တွေနဲ့တေးသံရှင် ဟေမာနေ၀င်း၊ ကော်နီ၊ ကဗျာဘွဲ့မှူး၊ အိမ့်ချစ်၊ ကာကာ၊ သဇင်သင်း၊ သျှီ၊ မေစပယ်ညို၊ နော်လီဇာ စတဲ့ ထင်ရှားတဲ့ အနုပညာရှင်များစွာပါဝင်ကြပါတယ်။



 



http://blog.irrawaddy.org/2012/07/blog-post_6992.html