Monday, 8 October 2012
ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်သံရုံးရှေ့၌ ရဟန်းရှင်လူများ ဆန္ဒထုတ်ဖော်
အင်တာနက်မှ ဘာသာရေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွားခဲ့သည့် ဘာသာရေးတိုက်ခိုက်နေမှုများ
ရပ်တန့်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့မှ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် လူထုပါဝင်သည့် ဆန္ဒပြမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
အောက်တိုဘာ(၈)ရက် နေ့လည်(၂)နာရီဝန်းကျင်ခန့်တွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ လူထုနှင့်သံဃာ အပါအ၀င် အယောက်(၇၀၀)၀န်းကျင်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုမှတဆင့် အမေရိကန် သံရုံးသို့ လမ်းလျှောက်ချီတက်ကာ လွန်ခဲ့သောလက သေဆုံးသွားသော အမေရိကန်သံအမတ် အတွက်ဝမ်းနည်းကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ဘင်္ဂလားဒေရှ့်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားတွေကို မွတ်ဆလင်တွေက ဖျက်ဆီးတယ်၊ အဲ့ဒါကို ရန်ကုန်မှာရှိတဲ့ ဗုဒ္ဓဘာသာတွေက လက်မခံဘူးဆိုတာကို ပြန်ပြီးတော့ ဆန္ဒပြတယ်” ဟု ဆန္ဒထုတ် ဖော်ရာတွင် ပါဝင်ခဲ့သူ ကိုညီညီလွင်က ပြောသည်။
ထိုကဲ့သို့ ဘင်္ဂလားဒေ့ရှ်တွင် အရေးအခင်းဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းမှာ မီးလောင်နေသော ကိုရန်ကျမ်းဓါတ်ပုံကြောင့်ဖြစ်ကြောင်းကိုလည်း အဆိုပါဆန္ဒထုတ်ဖော်ပွဲက သိရသည်။
“ဗုဒ္ဓရုပ်ပွားတော်တွေကိုလည်း ဖျက်စီးတယ်၊ ရခိုင်မှာဆိုလည်း ကျောင်းပေါင်း ၂၂ ကျောင်းပေါ့ မွတ်ဆလင်တွေက ဖျက်စီးတယ် အဲ့ဒါတွေကို အစိုးရသိအောင်နဲ့ နောက်လည်း ဒါမျိုးတွေမဖြစ်အောင် လုပ်ရတာပါ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်ခဲ့သည့် ဦးဇင်ဦးသိဒ္ဓိသာရက ပြောသည်။
ထိုကဲ့သို့ ဘာသာရေးအတွက်ဆန္ဒထုတ်ဖော်ခဲ့မှုများမှာ ယခုလအတွင်း၌ပင် ရန်ကုန်မြို့၌ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ပထမအကြိမ်သည် မြောက်ဒဂုံဘုန်းကြီးကျောင်း၌လည်းကောင်း၊ ဒုတိယအကြိမ်သည် ဘင်္ဂလားဒေရှ့်သံရုံး၌ လည်းကောင်း၊ တတိယအကြိမ်သည် ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် အမေရိကန် သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
By MyitMakha Media Group
No comments:
Post a Comment