Tuesday, 4 September 2012
ရခိုင်ပြည်နယ်က ဒုက္ခသည်အားလုံးအတွက် အိန္ဒိယက ကန်ဒေါ်လာ ၂ သိန်းလှူ
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်နေသူများအတွက် အိန္ဒိယနိုင်ငံက အမေရိကန် ဒေါ်လာ ၂ သိန်း လှူဒါန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး V Seshadri က
လူများစု ရခိုင် ဗုဒ္ဒဘာသာဝင်တွေနဲ့လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေဆိုတဲ့ ၂ ဖက်လုံးက ဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ထံကို အလှူငွေကို စစ်တွေမြို့မှာ ပေးအပ်ခဲ့ပါတယ်။
အလှူငွေပေးအပ်ပွဲကို နယ်စပ်ရေးရာ ၀န်ကြီး ဦးသိန်းဌေးလည်း တက်ရောက်ခဲ့ပြီး ပဋိပက္ခဖြစ်တဲ့ လူ့ အဖွဲ့ အစည်း ၂ ခုလုံး က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို အစိုးရတာဝန်ရှိသူတွေလည်း တက်ရောက် ခဲ့ကြတာပါ။
“ကျနော်တို့ ဒုက္ခသည်တွေအတွက် အိမ်ခြေ ၈၀၀ ဆောက်ရမယ်။ ဒီအတွက် အမိုး၊ အကာတွေ ၀ယ်ဖို့ လိုအပ်တယ်။ အခု ဒီ အိန္ဒိယက ပေးတဲ့ အကူအညီဟာ တော်တော် အထောက်အကူဖြစ်ပါတယ်” လို့ နယ်စပ်ရေးရာ ၀န်ကြီး ဦးသိန်းဌေးက သတင်းအေဂျင်စီတွေကို ပြောလိုက်တာပါ။
အိမ်နီးချင်းကောင်း ပီသစွာနဲ့ အခုလို အိန္ဒိယဆီက စိတ်ပိုင်းဆိုင်ရာအရ ဂရုဏာတရားလည်း ရသလို ရုပ်ပိုင်း အကူအညီ တွေလည်း ရတယ်။ ဒါဟာ အိမ်နီးချင်းကောင်း ပီသမှုကို ရောင်ပြန်ဟတ်လိုက်တာဘဲလို့ သူက ထပ်ပြောသွားကြောင်း အိန္ဒိယ တိုင်းမ် သတင်းစာမှာ ရေးထားပါတယ်။
By Irrawaddy
No comments:
Post a Comment