WEDNESDAY, 18 JULY 2012 09:43 |
![]()
ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့အထိ လစ်လပ်သွားသော ဒုတိယသမ္မတနေရာအတွက် ဆွေးနွေးမှု တစ်စုံတစ်ရာ မရှိသေးသည်ကို တွေ့ရသည်။
နိုင်ငံတော် ဒုတိယသမ္မတသီဟ သူရဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်းနှင့် လစ်လပ်သွားသည့် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး၏ နေရာအတွက် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်နာယကထံ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်များ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ထမင်းစားရပ်နားချိန်အတွင်း ပြောကြားခဲ့သည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်တင်သွင်းသော ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။
စိစစ်ရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ''ဘယ်တော့လောက် ရွေးချယ်တင်မြှောက်မလဲဆိုတာ စိစစ်တဲ့အကြောင်းအရာအပေါ် မူတည်တာပေါ့။ အကြောင်းအရာ ခိုင်လုံဖို့ဆိုတာ ကျွန်တော် တစ်ယောက်တည်းမှ လုပ်လို့မရတာ။ ကျွန်တော်တို့မှာလည်း အဖွဲ့နဲ့ရှိတယ်။ အဖွဲ့သဘောထားရှိတယ်။ နောက်ဒီအဖွဲ့ရဲ့ သဘောထားရအောင် ကိုယ်တိုင်စုံစမ်းလို့မှ မရတာ။ တချို့ဟာတွေက ဌာနဆိုင်ရာက စုံစမ်း ရမှာတွေရှိတယ်။ ဌာနဆိုင်ရာက အတည်ပြုတယ်ဆိုတဲ့ ကိစ္စရပ်တွေရလာမှ ဒီအပေါ်မှာမူတည်ပြီး ဆုံးဖြတ်ရမှာပါ။ ဦးမြင့်ဆွေလို့သာပြောနေတာ ကျွန်တော်တို့အဖွဲ့ကို ဘယ်သူပါ။ ဘယ်သူ့ကို စစ်ဆေးပေးပါလို့လည်း မပြောသေးဘူး။ စိစစ်တဲ့အခါကျတော့ ကာယကံရှင်တွေလည်း ပါရင်ပါမှာပေါ့ဗျာ''ဟု ပြောကြားခဲ့သည်။
''သမ္မတက ပြောထားတယ်။ အုပ်ချုပ်ရေးပိုင်းမှာ တပ်မတော်ရဲ့ ၀င်ရောက်စွက်ဖက်မှု နည်းပါးမယ်လို့ ပြောပြီးချိန်မှာ စစ်တပ်ကတိုက်ရိုက်လာဖို့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ တပ်ကနေပြီးတော့ တိုက်ရိုက်လာမယ်ဆိုရင် နိုင်ငံတကာအမြင်မှာ မကောင်းနိုင်ဘူးဆိုတော့ ဒီလိုဖြစ်လာဖို့ မဖြစ် နိုင်ဘူးလို့ ထင်တယ်''ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒုတိယသမ္မတနှစ်ဦးရှိပြီး ဒုတိယသမ္မတတစ်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။
|
No comments:
Post a Comment